Chapter – 4.2 ” မိုးကြိုး သွား ပေ့ပေ့ ”
°°°
ပေ့ပေ့နဲ့ ဟို့ယွိဟောင် နှစ်ယောက်စလုံးက လမ်းလျှောက်လာရင်း တစ်ယောက်ကစကားပြောပြီး တစ်ယောက်ကနားထောင်နေခဲ့ပါတယ်။ နှစ်နာရီအချိန်က မသိဘာသာနဲ့ ကုန်ဆုံးသွားခဲ့ပါပြီး ကြီးမားပြီ ကျယ်ပြန့်တဲ့လမ်းကြီးက ပျောက်ကွယ်လို့သွားခဲ့သလို သူတို့ဘေးပတ်လည်မှာလဲ သစ်တောတွေက ၀န်းရံလျက်ရှိပါတော့တယ်။ လေထုက ကြည်လင်သန့်စင်လာခဲ့ပေမဲ့ ထူးဆန်းတဲ့အရှိန်အဝါတစ်ချို့ကတော့ သစ်တောအတွင်းပိုင်ထဲကနေ မှိန်ဖျော့ထွက်ပေါ်လို့နေခဲ့တယ်။
” ဒါက ကျင့်ကြံဖို့အတွက် ယေဘူယျသုံးတဲ့ နည်းလမ်းတွေပဲ အသေးစိတ်ကိုတော့ မင်းဘာသာမင်းကြိုးစားရှာဖွေရင်း သိသွားမှာပါ အကယ်၍ နားမလည်တာ တစ်ခုခုရှိလာခဲ့ရင်း ငါ့ကိုလာပြီး မေးလို့ရတယ် ”
ပေ့ပေ့က ဟို့ယွိဟောင်ကို ပြောလိုက်ပါတယ်။
” ကျေးဇူးပါ ဆရာတူအစ်ကိုကြီး ”
ဟို့ယွိဟောင်က ပေ့ပေ့ကို ပိုလို့လေးစားမြတ်နိုးလာပါတော့တယ်။ ပေ့ပေ့က အရာအားလုံး သူ့ကိုရှင်းပြတာကြောင့် ဒီလိုမျိုး လေးစားမှုကလဲ တိုးပွားလာခဲ့တာပါ။
အရှေ့မှာလျှောက်နေခဲ့တဲ့ ထန်ယာ့ကတော့ ရုတ်တရက်ဆိုသလို နှာခေါင်းရှုံ့လိုက်ပါတယ်။ သူမရဲ့ခြေလှမ်းတွေက ရုတ်တရက်ဆိုသလို ဝေဝေဝါးဝါး ဖြစ်လာခဲ့ပြီး ခန္ဓာကိုယ်ကလဲ ပုံရိပ်ယောင်တွေအဖြစ်ကို ပြောင်းလဲရင်း အုပ်စုရဲ့ညာဘက်သစ်ပင်ကြီးဆီကို ခုန်၀င်သွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အလင်းတန်းလေးတစ်ချို့ကိုသာ ခံစားလိုက်ရတယ်။ သူအစောပိုင်းတုန်းက တိုက်ခိုက်ခဲ့တဲ့ သတ္တဝါနဲ့တူညီတဲ့ သားရဲကောင်တစ်ကောင်က သစ်ပင်ထိပ်ကနေ ပြုတ်ကျလာခဲ့ပါပြီ။
ရှောင်ယာက စိတ်မပျော်မရွှင်နဲ့ ပြောလိုက်တယ်။
” ဒီလေသားရဲကောင်တွေက အတော်လေးပြဿနာများတဲ့ သတ္တဝါတွေကြီးပဲ သူတို့က တိုက်ခိုက်ဖို့အရင်လုပ်ကြရုံတင်မကပဲ ခိုးကြောင်ခိုးဝှက်လဲ တိုက်ခိုက်ကြသေးတယ် ”
ဟို့ယွိဟောင်က အစောပိုင်းကလို သူ့ရဲ့ စိတ်ဝိညာဉ်မျက်လုံးကို အသုံးမပြုထားဘူး။ ဒါကြောင့် ရှောင်ယာဘယ်လိုလှုပ်ရှားလိုက်လဲဆိုတာ နားမလည်နိုင်ပဲ ရှိနေခဲ့တယ်။
” ဆရာရှောင်ယာ အခုဝိညာဉ်စွမ်းအားတစ်ခုကို အသုံးပြုပြီး တိုက်ခိုက်လိုက်တာလား ”
ရှောင်ယာက ဂုဏ်ယူဝံ့ကြွားမှုအပြည့်နဲ့ ပြန်ဖြေလိုက်ပါတယ်။
” ဒါက ဝိညာဉ်စွမ်းရည်မဟုတ်ဘူး ငါတို့ထန်မျိုးနွယ်ရဲ့ သရဲအရိပ်ခြေရာနဲ့ လျှို့ဝှက်လက်နက်ကို အသုံးပြုလိုက်တာပဲ အရမ်းမိုက်တယ်မဟုတ်လား အကယ်၍ ဒါကိုသေချာကျင့်ကြံလိုက်မယ်ဆိုရင် အနာဂတ်မှာသုံးလာနိုင်လိမ့်မယ် ”
” ရှောင်ယာသတိထား ”
ပေ့ပေ့ရဲ့အမူအရာက ရုတ်တရက်ပြောင်းလဲသွားပါတော့တယ်။ သူချက်ချင်းဆိုသလို ညာဘက်လက်ကို လှုပ်ရှားရင်း ထန်ယာ့ကို ဆွဲခေါ်လိုက်တယ်။ သူတို့တွေက အတူတူအလုပ်လုပ်တာ ကြာပြီဖြစ်တာကြောင့် ထန်ယာ့က လေထဲကို မြောက်တက်လို့သွားခဲ့ပြီး လုံး၀ အလေးချိန်မရှိတော့တဲ့အတိုင်း ပေ့ပေ့ရဲ့လက်ထဲကို ရောက်လာခဲ့ပါတယ်။
အသံတစ်ချို့နဲ့အတူ မှောင်မည်းနေတဲ့အရိပ်တစ်ခုက ရုတ်တရက်မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲ့ဒီနောက် လူတိုင်းရဲ့နှာခေါင်းထဲကို ချိုမြိန်ပြီး မွှေးပျံ့တဲ့ရနံ့က ရောက်ရှိလို့လာတော့တယ်။
ဟို့ယွိဟောင်ရဲ့စိတ်က ချက်ချင်းဆိုသလို မူးဝေလို့လာခဲ့ပါပြီး ဒါပေမယ့် အေးစက်တဲ့လေက သူ့ခန္ဓာကိုယ်ကို တိုက်ခိုက်သွားတာကြောင့် သူ့ပါးစပ်နဲ့ နှာခေါင်းတွေကို ချိတ်ပိတ်ခံလိုက်ရပါတော့တယ်။ အဲ့ဒီအေးစက်တဲ့ မြူခိုတွေက ဟို့ယွိဟောင်ရဲ့ ပါးစပ်နဲ့နှုတ်ခမ်းအပြင်ကို အနည်းငယ်ထွက်ပေါ်လို့လာခဲ့ပြီး ချိုမြိန်တဲ့မွှေးရနံ့အဆိပ်တွေကို ပြန်ထုတ်ပြစ်လိုက်ပါတယ်။
ရေခဲစွမ်းအားလား ငါ့ရဲ့ဒုတိယသိုင်းပညာစိတ်ဝိညာဉ်လား ဟို့ယွိဟောင် ချက်ချင်းဆိုသလို မူအရင်းအမြစ်ကို မေးခွန်းထုတ်မိပါတော့တယ်။ ဒါပေမယ့် သူအဲ့ဒါကို မထိန်းချုပ်နိုင်သေးပါဘူး။
ဒုတိယသိုင်းပညာစိတ်ဝိညာဉ်ရဲ့ အကျိုးရလဒ်ကြောင့် စိတ်ကျေနပ်နေချိန်မှာပဲ ပေ့ပေ့က နောက်တစ်ကြိမ် ထပ်မံလှုပ်ရှားလိုက်ပြန်ပါတယ်။ ထန်ယာ့ကတော့ လက်ရှိအချိန် ပေ့ပေ့ရဲ့ပုခုံးကို အားပြုရင်း လေထဲကို ရောက်သွားခဲ့တယ်။
ထန်ယာ့ရဲ့ ခြေထောက်အောက်ဖက်မှာ အလင်းတန်းနှစ်ခုက ဆက်တိုက်ဆိုသလို ပေါ်လာခဲ့ပါပြီး အဝါရင့်ရောင်တောက်ပနေတဲ့ အလင်းတန်းတွေက အပေါ်နဲ့အောက် စည်းချက်ကျကျ လှုပ်ရှားလို့နေခဲ့ကြပါတယ်။ သူမရဲ့ ဝိညာဉ်စက်ကွင်းနှစ်ခုက နှစ်တစ်ရာအဆင့်တွေ ဖြစ်နေခဲ့တယ်။ အဲ့ဒီနောက် ထန်ယာ့ရဲ့ ခန္ဓာကိုယ်ထဲကနေ ရှည်လျားတဲ့အပြာရောင်နွယ်ကြိုးတွေက ခပ်မြန်မြန်ပေါ်ထွက်လို့ လာခဲ့ပါပြီး တစ်ခုက ဟို့ယွိဟောင်ရဲ့ ခါးကိုဆွဲယူလို့ထားခဲ့ပြီး အဝေးကို ဆွဲသွားခဲ့ပါတယ်။
ထန်ယာ့နဲ့ ယှဉ်လိုက်မယ်ဆိုရင် အရှေ့မှာရပ်နေခဲ့တဲ့ ပေ့ပေ့က ဟို့ယွိဟောင်ကို ပိုပြီး လန့်သွားစေခဲ့တယ်။
အမြဲတမ်းနူးညံ့ပြီး နွေးထွေးဖော်ရွေပုံရတဲ့ သူ့ရဲ့ဆရာတူအစ်ကိုကြီးက ထန်ယာ့ရဲ့ဘေးမှာ အေးအေးဆေးဆး ရပ်နေတတ်ပြီး အရမ်းကို ချဉ်းကပ်ရမဲ့ပုံစံမျိုးရှိနေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူက လုံး၀မတူညီတဲ့ လူတစ်ယောက်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
ရှောင်ယာအပေါ်ကို ခုန်တက်လိုက်ချိန်မှာပဲ ပေ့ပေ့ရဲ့ မျက်ခုံးအလယ်ကနေ ကြည်လင်တောက်ပတဲ့ အပြာရောင်အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပါတယ်။ အဲ့ဒီအပြာရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့လို့သွားခဲ့တယ်။ ဒီလိုအားကောင်းတဲ့ အပြာရောင်အလင်းတန်းက များပြားတဲ့ မြွေတွေလိုပုံစံမျိုးနဲ့ ပေါက်ကွဲထွက်လို့လာခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပါပြီး နဖူးမှာမိုးကြိုးသဏ္ဍာန်သင်္ကေတရှိနေရုံကလွဲပြီ တခြားအပြောင်းအလဲတွေက များပြားလွန်လှတယ်။ ဒါ့အပြင် ဒီအရာက သူ့ရဲ့ သိုင်းပညာစိတ်ဝိညာဉ်ပါပဲ။
ဒီတစ်ခုထဲနဲ့တင် ဟို့ယွိဟောင်ရဲ့ ဝိညာဉ်ပညာရှင်တွေအပေါ် အမြင်ကလုံး၀ ပြောင်းလဲသွားပါတော့တယ်။
ပေ့ပေ့ရဲ့ ညာဘက်လက်က အပြာအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး ရုတ်တရက်ဆိုသလို ကြီးထွားလို့လာပါတော့တယ်။ အဲ့ဒီနောက် ပေးတစ်၀က်လောက်အထိကို ရှည်လျားလို့လာပြီး ကြီးမားတုတ်ခိုင်တဲ့ အပြာရောင်အကြေးခွံတွေအပြည့် ဖြစ်သွားခဲ့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့လက်တစ်ခုလုံးအကြေးခွံတွေအပြည့်လဲဖြစ်သွားခဲ့ပါပြီး အရိုးအဆစ်တွေက ကြီးမားလို့လာခဲ့သလို လျှပ်စီးတန်းတွေကလဲ အရှိန်ပြင်းပြင်းနဲ့ စုဝေးသွားခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ဝိညာဉ်စက်ကွင်းတွေကတော့ တစ်ခုကအဝါရောင်ဖြစ်ပြီး တစ်ခုကခရမ်းရောင် ဖြစ်နေခဲ့တယ်။ ဒါတွေက ဝိညာဉ်ပညာရှင်တွေလိုမျိုး အဆင့်ဆင့်၀န်းရံမနေပဲ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကလဲ ဖြစ်ပေါ်နေခဲ့ပါပြီ။
၀ိညာဉ်စက်ကွင်း သုံးခုရှိတာက ဝိညာဉ်အကြီးအကဲတွေအဖြစ်ကို ဖော်ပြပါတယ်။ သူ့ရဲ့ဆရာတူအစ်ကိုကြီးက သူ့ထက် အသက်လေးငါးနှစ်ကြီးတယ်လို့သာ ထင်ရပေမဲ့ တကယ်တော့ ဝိညာဉ်အကြီးအကဲအဆင့်ပညာရှင် ဖြစ်နေခဲ့ပြီး အဆင့်ကလဲ သုံးဆယ့်အထက်မှာ ရှိနေခဲ့တယ်။ ဒါ့အပြင် ဝိညာဉ်စက်ကွင်းတွေက နှစ်နှစ်ရာဝိညာဉ်စက်ကွင်းနဲ့ နှစ်တစ်ထောင်ဝိညာဉ်စက်ကွင်းတစ်ခုပါပဲ ဒါက အရမ်းကို ကောင်းမွန်တဲ့ ပေါင်းစည်းမှုဖြစ်နေခဲ့တယ်။
၀ိညာဉ်စက်ကွင်းတွေက အရောင်မျိုးစုံရှိနေခဲ့ပါတယ်။ ဆယ့်နှစ်ဝိညာဉ်စက်ကွင်းက အဖြူရောင်ဖြစ်ပြီး နှစ်တစ်ရာဝိညာဉ်စက်ကွင်းကတော့ အဝါရောင်ပါ ခရမ်းရောင်ကတော့ နှစ်တစ်ထောင်ကို ဖော်ပြထားတာဖြစ်ပြီး အနက်ရောင်ကတော့ နှစ်တစ်သောင်းအထက်ကို ဖော်ပြပါတယ်။ အကယ်၍ နှစ်တစ်သိန်းဝိညာဉ်စက်ကွင်းကိုသာ ရရှိနိုင်မယ်ဆိုရင်တော့ ဝိညာဉ်စက်ကွင်းတွေက အနီရောင်အဖြစ်ကို ပြောင်းလဲလို့သွားလိမ့်မယ်။ အဲ့ဒီလိုစွမ်းအားတွေက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုတောင် ဖမ်းဆီးနိုင်တဲ့စွမ်းအားရှိတဲ့ ဝိညာဉ်သားရဲကောင်တွေမှသာ ဖန်တီးနိုင်တာပါ။
ဟို့ယွိဟောင်က သူတို့ရဲ့ အသက်အရွယ်တွေကို မေးခဲ့ပြီးပါပြီ ပေ့ပေ့နဲ့ ထန်ယာ့ နှစ်ယောက်စလုံးက ဆယ့်ငါးနှစ်အရွယ်မှာ ရှိကြတယ်။ ဒါပေမယ့် ပေ့ပေ့က အနည်းငယ်ပိုပြီး ကြီးနေခဲ့ပါတယ်။ အကယ်၍ သူတို့မွေးဖွားထားတဲ့ လတွေကိုတွက်မယ်ဆိုရင် လပိုင်းလေးသာကွာမှာပါ။ ဒါပေမယ့် ဒီလိုအသက်အရွယ်မှာတင် ဝိညာဉ်အကြီးအကဲအဆင့် ရောက်ရှိနေတဲ့အချက်ကို တွက်ချက်လိုက်မယ်ဆိုရင် မိုးကောင်းကင်က ရွေးချယ်ထားတဲ့ပါရမီရှင်လို့သာ ပြောလို့ရမှာအမှန်ပါပဲ။ အကယ်၍ သူတို့ရဲ့ ကျင့်ကြံဆင့်တွေကို ကြည့်မယ်ဆိုရင် ထန်ယာ့က ပေ့ပေ့ရဲ့ဆရာဖြစ်နေပေမဲ့ ဝိညာဉ်မဟာပညာရှင်အဆင့် နှစ်ဆယ့်လောက်သာ ရှိပါသေးတယ်။
ထူးဆန်းတဲ့အော်သံကို ပြုလုပ်ရင်း အဲ့ဒီအရိပ်က ပေ့ပေ့ကို ၀င်ရောက်တိုက်ခိုက်တော့တယ်။
ပေ့ပေ့ကတော့ သူ့မျက်၀န်းထဲမှာ ခရမ်းရောင်အလင်းတန်းတွေ အလွှာလိုက်ဖြစ်ပေါ်လာစေပြီး ညာဘက်လက်ကို မိုးကောင်းကင်ပေါ်မြောက်လိုက်ရင်း အလင်းတန်းစက်ကွင်းတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အဲ့ဒီနောက် အရှေ့မှာရှိနေတဲ့ လေဟာနယ်တစ်ခုလုံးကို အလင်းတန်းတွေနဲ့ ဖုံးလွှမ်းပြစ်လိုက်တယ်။ အရိပ်လဲ သူ့အနားကို ကပ်လာလို့မရပါဘူး။ လျှပ်စီးတန်းတွေရဲ့ တဝုန်းဝုန်းမြည်သံအောက်မှာ အရိပ်ကို လွှင့်ထွက်သွားပါပြီး ပေ့ပေ့ကတော့ ခြေလှမ်းသုံးလေးလှမ်း နောက်ကိုဆုတ်သွားခဲ့ရပါတယ်။ သူ့အမူအရာကလဲ အနည်းငယ်ပြောင်းလဲလို့သွားခဲ့ရတယ်။ သူ့ပြိုင်ဘက်ရဲ့အင်အားက သူ့ထင်ထားတာထက်ကို ပိုပြီး ကျော်လွန်နေခဲ့တာပဲ။
” အဲ့ဒါ သွေးပန်းပွင့်မြွေပဲ နှစ်တစ်ထောင်သက်တမ်းရှိတယ်..ကောင်းလိုက်တာ ပေ့ပေ့ ငါအဲ့ဒီတစ်ကောင် လိုချင်တယ် “‘
ထန်ယာ့က လုံး၀ကို မကြောက်ပဲ အရမ်းကို ပျော်ရွှင်နေခဲ့ပြီး သူမရဲ့ ချစ်စဖွယ်အသံက ထွက်ပေါ်လာခဲ့ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်လဲ သူတို့ကို ခြုံခိုတိုက်ခိုက်နေတဲ့ သတ္တဝါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါပြီး အဲ့ဒါက တစ်ကိုယ်လုံး ပန်းရောင်တောက်ပနေတဲ့ သုံးမီတာကျော်ရှည်လျားတဲ့ မြွေတစ်ကောင်ပါပဲ ဒါ့အပြင် နဖူးမှာတော့ ပန်းပွင့်လိုမျိုး အသက်အပိုတစ်ခု ရှိနေခဲ့တယ်။ သူမရဲ့ စိတ်လှုပ်ရှားမှုကို ပေ့ပေ့ကတော့ မျှဝေမခံစားနိုင်ပဲ အလေးအနက်ထားနေခဲ့တယ်။ သူက ဝိညာဉ်အကြီးအကဲပညာရှင်ဖြစ်နေခဲ့ပေမဲ့ ဒီလိုသတ္တဝါကို အနိုင်ယူဖို့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ ပထမဆုံးအနေနဲ့ သူ့မှာသန်မာတဲ့ သိုင်းပညာစိတ်ဝိညာဉ်ရှိဖို့ လိုအပ်ပါတယ်။ သာမန်ဝိညာဉ်အကြီးအကဲတွေဆိုရင် နှစ်တစ်ထောင်သားရဲကောင်ကို မြင်လို့ကတော့ သူလုပ်မဲ့တစ်ခုတည်သောအရာက လှည့်ပြီးထွက်ပြေးဖို့ပါပဲ။
” ယွိဟောင်ကို ဂရုစိုက်ထားလိုက် ”
ပေ့ပေ့က ခပ်တိုးတိုးပြောလာရင်း သူ့ရဲ့ ပထမဝိညာဉ်စက်ကွင်းကို စတင် အသုံးပြုပါတော့တယ်။ အားကောင်းတဲ့ ဝိညာဉ်စွမ်းအားအောက်မှာ တစ်ပေကျော်ရှည်လှတဲ့ ခရမ်းပြာရောင်နဂါးလက်သည်းက မြွေဆီကို ပြေး၀င်လို့သွားခဲ့တယ်။ ဒါကတော့ ပေ့ပေ့ရဲ့ ပထမဆုံးစွမ်းရည်ဖြစ်တဲ့ မိုးကြိုးနဂါးလက်သည်းပါပဲ။ ဒါပေမယ့် မြွေက အရမ်းကို ကောက်ကျစ်လွန်းလှတယ်။ အစောပိုင်းတုန်းက မြေပြင်ပေါ်မှာရှိနေခဲ့ပြီး ရုတ်တရက်ဆိုသလို လေပေါ်ကို ခုန်တက်လို့သွားခဲ့ပြီး ပေ့ပေ့ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားရင်း လေကိုအမြီးနဲ့ ရိုက်ချလိုက်ပါတယ်။ ပန်းရောင်အရိပ်က ပေ့ပေ့ဆီကို ချက်ချင်းပြေး၀င်လို့သွားခဲ့ပါပြီး ပေ့ပေ့က နောက်မဆုတ်ပဲ အရှေ့ကိုဆက်တိုး၀င်ပြီ တိုက်ခိုက်တယ်။ သူ့ခန္ဓာကိုယ်က အောက်ဖက်ကို ငုံ့ကိုင်းလို့သွားခဲ့ပြီး သရဲအရိပ်ရဲ့ခြေရာကို အသုံးပြုရင်း အရှေ့အနောက် လှုပ်ရှားလို့နေခဲ့ပါတယ်။
လျှပ်စီးနဂါးလက်သည်းကတော့ လက်ရှိအချိန် လေထဲကို မမျှော်လင့်ထားနိုင်လောက်အောင် ပြန်လှည့်လို့သွားခဲ့ပြီး သွေးပန်းပွင့်မြွေကို အနောက်ကနေ တိုက်ခိုက်ခဲ့တယ်။ တစ်ချိန်ထဲမှာပဲ ဒုတိယဝိညာဉ်စက်ကွင်းက အလင်းတန်းတွေ တောက်ပလို့လာခဲ့ပြန်ပါတယ်။ မရေမတွက်နိုင်တဲ့ လျှပ်စီးတန်းတွေက ကြီးမားကျယ်ပြန့်လို့လာခဲ့ပြီး မြားတွေအဖြစ်ကို ပြောင်းလဲလို့သွားခဲ့တယ်။ အဲ့ဒီနောက် ကွန်ယက်တစ်ခုအသွင်ကို ပြောင်းလဲရင်း မြွေကိုဖမ်းဆီးဖို့ ကြိုးစားပါတော့တယ်။
အပိုင်း ၄•၂ ပြီး၏။