Switch Mode

Chapter – 46

အတွင်း နတ်ဆိုးများ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၆။ အတွင်းနတ်ဆိုးများ။

သိုင်းပညာ၏ အနှစ်သာရက ပိုသန်မာရန် အဆုံးမဲ့ သန်မာရန်ဖြစ်ပြီး ရန်လိုရန်အတွက် မဟုတ်ပေ။ ဖိနှိပ်ခံရသည့်အချိန်၌ လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဖြစ်သည်။ မိတ်ဆွေများ၊ မိသားစုများ အန္တရာယ်တွေ့နေသည့်အချိန်တွင် သူတို့ကို ကာကွယ်ရန် ဖြစ်သည်။ သိုင်းပညာရှင်၌ ထိန်းသိမ်းရန် အဓိပ္ပာယ်မရှိခဲ့လျှင် လူတစ်ဦးက မည်မျှ သန်မာစေကာမူ တစ်ပါးသူ၏ လက်ထဲရှိ ကိရိယာအဖြစ်သာ လျော့ကျသွားမည့် ဓားကောင်းတစ်စင်းပမာ ဖြစ်နေပေမည်။
မျိုးနွယ်စုတစ်စုလုံး၏ ရှင်သန်နေထိုင်ရေးအတွက် ပုရွက်ဆိတ်များက သူတို့ထက် အဆပေါင်းများစွာပိုလေးလံသည့် အရာများကို သယ်နိုင်သည်။ ယုံကြည်ချက်တစ်ခုအတွက် သိုင်းပညာရှင်တစ်ယောက်သည် လူတစ်ယောက်၏ ကိုယ်ပိုင်ခန္ဓာကိုယ် အကန့်အသတ်ကို ကျော်လွန်နိုင်သော စွမ်းအင်များကို ထုတ်ဖော်နိုင်၏။
ယဲ့ရှောင်၏ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများ ဖြည်းဖြည်းချင်း ထွက်ပေါ်လာတော့သည်။ မိုးက မသိနိုင်။ အကွာအဝေးကို ထိန်းထားတော့၏။ ပြီးနောက် အကွာအဝေးက တစ်ပေ၊ နှစ်ပေ၊ ဆယ်ပေ၊ပေတစ်ရာ၊ ပေတစ်ထောင်။ မမြင်ရသော ဝိညာဥ်စွမ်းအင် ပိုင်နက်တစ်ခုက ဖွဲ့တည်လာပြီး လျင်လျင်မြန်မြန် ဆက်တိုက်ပြန့်ကားသွားတော့၏။ သိပ်မကြာမီ၌ သွားလာနေကြသည့် လမ်းသွားလမ်းလာအချို့က ရပ်တန့်မိကြသည်။
” ဟေ့ ။ ဘာကြောင့် မိုးထပ်မရွာတော့တာလဲ ”
” ဟုတ်သား။ ဘာကြောင့် မိုးက ရုတ်တရက်ကြီး တိတ်သွားတာလဲ။ တစ်မိုင်အကွာမှာ မိုးရွာနေသေးတယ် ”
ခဏအကြာတွင် ယဲ့ရှောင်က ရပ်တန့်ပြီး ခေါင်းမော့လိုက်လေ၏။ ချက်ချင်းပင် ပိုတောင်အစွမ်းထက်သည့် အရှိန်အဝါတစ်ခုက ကောင်းကင်ဘုံဆီသို့ ဦးတည်သွားလျက် ကောင်းကင်ထဲရှိ မိုးတိမ်တိုက်များ အားလုံးကို လွင့်ပြယ်သွားစေတော့သည်။
နေရောင်ခြည်က ယဲ့ရှောင်၏ ဖြူဖျော့သော မျက်နှာပေါ် ကျရောက်လာသည်။ သက်တမ်းက မိုးကုတ်စက်ဝိုင်း၌ ပေါ်လာလေ၏။ အင်မတန် လှပကာ မိန်းကလေးများစွာကို စွဲဆောင်ပြီး ဓာတ်ပုံရိုက်မိစေတော့သည်။ ယဲ့ရှောင်က လက်နောက်ပစ်ထားလျက် မဟာဂိုဏ်းဆီသို့ အဆင့်တက်သွားသည့် ခံစားချက်မျိုး ပေါက်ဖွားလာ၏။ မထင်ထားပဲ သူက ပျော်ရွှင်မှုကို မခံစားရပေ။ အဆင့်တက်ပြီးနောက် သူ၏ စိတ်အခြေအနေတောင် ဆင့်ကဲပြောင်းလဲသွားတာ ဖြစ်နိုင်ပေ၏။ သူ့စိတ်အခြေအနေ တိုးတက်မှုက ကျင့်ကြံဆင့်၌ တိုးတက်မှုအကြောင်းရင်းတစ်ခုကို ဆောင်ယူလာတာဟု ဆိုနိုင်ပေသည်။ မဟာချီရှန်းတစ်ဦး ဖြစ်လာပြီးနောက် သူ၏ စိတ်အခြေအနေက ယခင်ကထက် ပိုရင့်ကျက်လာပုံရသည်။
သူ ဤနေရာကို ယခင်က ကူးပြောင်းလာသည့်အချိန်တွင် ရောဂါဝေဒနာ ညှင်းပမ်းမှုကြောင့် စောစောစီးစီး သေဆုံးခဲ့သည်။ ထို့ကြောင့် သူ၏ စိတ်အခြေအနေက ရွယ်တူများထက် သာလွန်ပြီးသား ဖြစ်သည်။ ယခု သူ့စိတ်အခြေအနေက သာမန်သူများ နားမလည်နိုင်သော အဆင့်တစ်ခု ရောက်သွားပြီဖြစ်သည်။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို ထုတ်ဖော်လိုက်သည့် မဟာချီရှန်းတစ်ဦး၏ ဝိညာဥ်စွမ်းအင်က သူ့နားရှိ လူများ၏ အမြင်အာရုံများ အတွေးများကို ပြောင်းလဲနိုင်သည်။ ယခုအချိန်တွင် ယဲ့ရှောင်က သူတို့အားလုံး၏ အမြင်အာရုံရှေ့မှ ပျောက်ကွယ်သွားသည့်ပမာ ဖြစ်နေသည်။
လျှပ်စစ်ကိရိယာများ ဖြစ်စေ၊ သက်ရှိသတ္တဝါများ၏ အမြင်နှင့် အာရုံတို့ဖြစ်စေ မည်သည့်အရာမှ ယဲ့ရှောင်ကို မရှာတွေ့နိုင်။ သူသည် သူတို့ရှေ့၌ မျက်နှာချင်းဆိုင် ရပ်နေလျှင်တောင် မည်သည့်လူကမှ ယဲ့ရှောင်ကို မရှာတွေ့နိုင်ချေ။
ဝိညာဥ်စွမ်းအင်ဖြန့်ကြဲပြီးနောက် ယခင်က ပုန်းကွယ်နေသော နေရာများစွာက ယခုအလွန် ကြည်လင်လာသည်။ ယဲ့ရှောင်က ကျန်းဟိုင်မြို့ရှိ နေရာအနှံ့ ကင်မရာများ တပ်ထားသည့်ပမာ ဖြစ်နေလေ၏။
” အဲဒီမှာ ရှိနေလိမ့်မယ်ဆိုတာ မယုံနိုင်ဘူး ”
ယဲ့ရှောင်က ရေရွတ်ပြောပြီးနောက် ကျန်းဟိုင်မြို့၏ မဟာမြစ်ဘေးဆီသို့ လျှောက်သွားလိုက်တော့သည်။ ယခုအချိန်တွင် သူက မြေပြင်ပေါ် မနင်းတော့ဘဲ လေထဲမျောလွင့်ကာ လေထုကို ဖြတ်ကျော်နေတော့၏။ လေထဲ၌ မမြင်ရသည့် လှေကားထစ်များ ရှိနေသည့်ပမာ သူရှေ့သို့ ဆက်လှမ်းနိုင်အောင် ထောက်ပံ့ပေးနေသည်။
မဟာချီရှန်းတစ်ဦး၏ လက္ခဏာရပ်နှစ်ခုထဲမှတစ်ခုက ပျံသန်းခြင်းဖြစ်သည်။ နောက်တစ်ခုက သူ တိုက်ကွက်များဆီသို့ ဝိညာဥ်စွမ်းအင် ထပ်တိုးပေါင်းစည်းပေးတာ ဖြစ်သည်။
သူ၏ အရှိန်သည် ယခင်ကထက်တောင် ပိုမြန်ဆန်လာသည်။ ယခင်က ယဲ့ရှောင်၏ ပုံရိပ်ကို ဂရုတစိုက်ကြည့်လျှင် မြင်နိုင်သေး၏။ အမြင့်တစ်နေရာ၌ ရပ်ပြီး ကျယ်ဝန်းသည့်တောင်မှ ကြည့်လျှင် ပိုတောင်မြင်နိုင်လေသည်။ ယခုမူ အိမ်စီးကား တစ်စီးက အမြန်ဆုံးအရှိန်ဖြင့် မောင်းနေသည့်ပမာ လူသားများ၏ အမြင်အာရုံထံမှ မလွတ်မြောက်နိုင်ပေ။ ယခုမူ သာမန်လူများက သူ့ကို လုံးဝမတွေ့နိုင် ဖြစ်နေသည့် ပဥ္စမအထက် သိုင်းပညာရှင်များသာလျှင် မဟာဂိုဏ်းသို့ မဝင်ရောက်ခင် ယဲ့ရှောင်ကို ပုံရိပ်ယောင်ဖြင့်သာ မြင်နိုင်မှာပဲ ဖြစ်သည်။ သူတို့က ချီရှန်းအဆင့်အထက် မဟုတ်လျှင် လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် မဖြစ်နိုင်ပေ။ ထို့ပြင် သူတို့ မြင်လျှင်ရော မည်သို့ ဖြစ်မည်နည်း။ သူတို့က အဓိက ဂိုဏ်းများမှမဟုတ်လျှင် သူ၏ လှုပ်ရှားမှုများကိုလည်း လိုက်မှီနိုင်မှာ မဟုတ်ပေ။ မြင်ခဲ့လျှင်တောင် အသုံးမဝင်ချေ။
ယဲ့ရှောင်က လေထဲလျှောက်လှမ်းနေပြီး မြစ်ဘေးသို့ နောက်ဆုံး၌ ရောက်သွားတော့သည်။ မလှမ်းမကမ်းကနေ သူက တစ်ကိုယ်တည်း ထိုင်နေသော ပုံရိပ်ကို မြင်နိုင်ပေ၏။ ထိုလူက ပိုက်ဆံတစ်ထပ်ကို မီးရှို့နေပြီး သူ့နောက်ကျော၌ ဓားရှည်တစ်လက်ကို လွယ်ထားလေသည်။
ယဲ့ရှောင်က ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားတော့သည်။ တစ်ဖက်လူက လှည့်လာပြီး သူ့ကို တစ်ချက် ကြည့်လိုက်၏။ သူက အနည်းငယ် ပြုံးလိုက်တော့သည်။ သူက စာကြည့်တိုက်၏ ရာထူးခန့်အပ်ရေးဌာနခေါင်းဆောင် ယန်ကျန့်ယီပင် ဖြစ်သည်။
” ထင်တဲ့အတိုင်းပဲ မင်း ငါ့ကို တကယ်လာရှာတာကိုး”
ယခုအချိန်တွင် မစ္စတာ ယန်သည် သူ၏ပုံမှန် ဝတ်စုံကို မဝတ်တော့ပေ။ ထိုအစား ဖဲသားဝတ်ရုံကို ဝတ်ထားလေ၏။ လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်က ဒီဇိုင်းဖြစ်သော်ငြား အဝတ်အစားများက အသစ်ဖြစ်နေသေးသည်။ ချည်ထိုးထားသည်ကလည်း အင်မတန်အရည်အသွေးမြင့်တာ သိသာနေပေ၏။
သာမန်လူတစ်ဦးအတွက် သို့မဟုတ် ချီရှန်းတစ်ဦးအတွက်တောင် ထိုကဲ့သို့ ချည်ထိုး၊ ပန်းထိုး ဝတ်ရုံကို ရရန် မလွယ်ကူပေ။
” ကုဟိုင်ရဲ့ စာက ခင်ဗျား ကျွန်တော့်ကို ပို့လိုက်တာမလား ”
” ဟုတ်တယ် ”
” ခင်ဗျားက ဘုရင်အေးအ်ရဲ့ မြေပုံကို ရှာနေတဲ့ သူလား”
ယန်ကျန့်ယီက စကားမပြောပေ။ တစ်ခါတရံတွင် ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံးအဖြေ ဖြစ်သည်။
” ကြယ်စုံတဲ့ ကောင်းကင်အောက်က ဒဏ္ဍာရီ။ မဟာနဲ့ အံ့ဖွယ်ဂိုဏ်းတွေ မှတ်တမ်းတင်ထားတဲ့ ကြားထဲမှာ သူတို့တွေထဲက တစ်ခုက မင်းမလား ”
” ခင်ဗျားရဲ့ ကိုယ်ပေါ်မှာ ကြယ်တာရာသားရဲ အရှိန်အဝါကို အာရုံခံနိုင်တယ် ။ ဒါပေမဲ့ ခင်ဗျားက ကျားနတ်ဆိုးတစ်ကောင် မဟုတ်ဘူး။ ကျုပ်အပေါ်မှာလည်း ရန်လိုမှုကို မခံစားရဘူး။ ဒါပေမဲ့ ဒီလောက်များတဲ့ လူတွေကို ဘာကြောင့်များ ထိခိုက်အောင် လုပ်ရတာလဲ ”
ယန်ကျန့်ယီက ဝိုင်ကို တစ်ငုံအပြည့် သောက်လိုက်သည်။ ဝိုင်ပုလင်းက အတော် သက်တမ်းရင့်နေပြီဖြစ်ကာ လေထဲ၌ ပြင်းထန်သော ဝိုင်၏ မွှေးရနံ့ပြင်းပြင်းများ ပြည့်နေလေ၏။
” လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက အမျိုးမျိုးသော နိုင်ငံတွေက ခရိုင် ( ၉ )ခုကို ဆန့်ကျင်ခဲ့ကြတယ်။ သူတို့တွေက ငါတို့မြေဆီ ကြယ်တာရာသားရဲတွေကို ဦးဆောင်ပြီး ငါတို့တွေကို ထိခိုက်အောင် လုပ်ခဲ့တာ။ ကမ္ဘာလောကကြီးက ဖရိုဖရဲဖြစ်ပြီး စီရင်စု ၉ ခုဆီက မီးခိုးတွေ တဟုန်းဟုန်းတောက်ခဲ့တာပေါ့ ”
” ကျန်းဟိုင်မြို့မှာလေ ရန်သူတွေကို ဖယ်ရှားဖို့ဆိုပြီး သူရဲ့ တပည့်တွေကို ခေါ်လာတဲ့ သိုင်းပညာရှင် အရူးတစ်ယောက် ရှိတာပေါ့။ အဆုံးမှာ သူသေသွားပြီး သူ့တပည့်တွေလည်း တစ်ယောက်ပြီးတစ်ယောက် လဲပြိုသွားကြတယ်။ အဲ့ဒီတိုက်ပွဲမှာ သိုင်းပညာရှင်နဲ့ သူ့ရဲ့ တပည့်တွေအားလုံးက တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ရပြီး နောက်ဆုံးမှာ ဘုရင်အေးအ်ကို ဖိနှိပ်ဖို့ အောင်မြင်ခဲ့တယ်လေ”
” ဒါပေမဲ့ ရယ်စရာက ကျန်းဟိုင်မြို့ထဲနှင့် တခြားမြို့တွေထဲက ဝိညာဥ်စွမ်းအင်တိုးလာစေဖို့အတွက် အထက်အရာရှိတွေက ဘုရင်အေးအ်ကို မသတ်ခဲ့ဘူး။ အဲ့ဒီအစား သူ့ရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းခွဲပြီး ချိပ်ပိတ်။ မြို့တချို့မှာ ဝိညာဥ်စွမ်းအင် အားဖြည့်ပေးဖို့ဆိုပြီး သွေးအဆီအနစ်ကို သုံးနေခဲ့တာ ”
” မြို့တွေကို ဝိညာဥ်စွမ်းအား ဖြည့်ပေးဖို့ အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတွေကို သုံးတာက တစ်လောကလုံးက လုပ်နေကြတဲ့ လုပ်ရပ်ပဲ။ ဒါပေမဲ့ တားမြစ်ထားတာ ရှိနေတာပဲ။ ဒါကြောင့် သိုင်းပညာရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတွေထဲမှာတောင် ရေးခွင့်မပေးထားဘူး ”
” ယဲ့ရှောင်။ အဲဒီ သိုင်းပညာရှင်တွေ ရူးတယ်လို့ ထင်လား ”
” သူတို့ အချည်းနှီးသေသွားခဲ့တာပဲ။ သူတို့ နာမည်တောင် မကျန်ခဲ့ဘူး”
ယဲ့ရှောင်က ခပ်ရေးရေးပြောလိုက်လေ၏။
” သူတို့က အတော်ရူးတယ်။ ဒါပေမဲ့ ခင်ဗျားက ပိုတောင်ရူးတယ်လို့ ကျုပ်ထင်တယ် ”
” ဘာကြောင့်လဲ ”
” ကျုပ်သာ ခင်ဗျားဆိုရင် ဘယ်သူကများ ကျုပ်ကို အာခံရဲမှာလဲ။ သူတို့ရာထူးတွေက ဘယ်လောက်ပဲ လေးစားခံဖြစ်နေပါစေ၊ သူတို့ ဘယ်လောက်သန်မာသန်မာ။ သူတို့တစ်မိသားစုလုံးကို ကျုပ် သတ်လိုက်မှာပေါ့။ မမျှတမှုမှာ မတရားမှုက ခေါင်းထဲမှာရှိပြီး အကြွေးကိုတော့ ပိုင်ရှင်ဆီ ဆပ်ရမှာပဲ ”
” ခင်ဗျားက အဲ့ဒီအာဏာရှိတဲ့၊ ရာထူးရှိတဲ့ သူတွေကိုတော့ မထိရဲဘူး။ အဲ့ဒီအစား သာမန်လူတွေ အများကြီးကို သေစေခဲ့တယ်။ ခင်ဗျားနဲ့ သတ္တိမရှိတဲ့ လူကြား ဘာကွာခြားချက် ရှိတော့မှာလဲ ”
ယန်ကျန့်ယီက ပြုံးလိုက်လေ၏။
” အတိတ်အကြောင်း မပြောရအောင်။ ငါတို့သာ ဘုရင်အေးအ်ကို မဖိနှိပ်ခဲ့ရင် ကျန်းဟိုင်မြို့ထဲမှာ လူဘယ်လောက် သေမလဲဆိုတာ ဘယ်သူက သိမှာလဲ ”
” ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ကျန်းဟိုင်မြို့ကို ဘုရင်အေးအ်က စွမ်းအင်ဖြည့်ပေးခဲ့ပြီး သူ့ရဲ့ ဝိညာဥ်စွမ်းအားကလည်း တိုးလာပြီး ကျန်းဟိုင်မြို့ထဲက လူအားလုံးက အကျိုးခံစားတဲ့သူတွေပဲလေ။ ဒီတော့ သူတို့ အပြစ်ကင်းတယ်လို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ ”
” ငါက ဘုရင်အေးအ်ကို အသက်သွင်းဖို့အတွက် သူတို့သွေးကို သုံးနေတာ။ ငါ့ရဲ့ ဆရာနဲ့ ငါ့ရဲ့ တပည့် ညီအစ်ကိုတွေအားလုံး စတေးသွားတာအတွက် ကျန်းဟိုင်မြို့ရဲ့ လျော်ကြေးလည်း ဟုတ်တယ်။ စတေးတာက သူတို့ ပေးဆပ်သင့်တာပဲ ”
ထို့သို့ ပြောပြီးနောက် အမူအရာက တဖြည်းဖြည်းချင်း အေးစက်သွားတော့သည်။
” နှစ်တစ်ရာကျော်သွားခဲ့ပြီ။ ညတိုင်း တူညီတဲ့ အိမ်မက်ဆိုး မက်ခဲ့တာ။ ငါ့ရဲ့ ဆရာနဲ့ တပည့်တွေက သူတို့အတွက် လက်စားချေပြီး ဘုရင်အေးအ်ကို သတ်ပေးဖို့ ငါ့ကို တောင်းပန်ခဲ့ကြတယ်။ ဒီနေ့အတွက် နှစ်တစ်ရာကျော်လောက် စောင့်ဆိုင်းလာခဲ့တာ။ ကျန်းဟိုင်မြို့ထဲက လူတိုင်းကို စတေးဖို့ ငါထပ်ပြီး တွေဝေနေတော့မှာ မဟုတ်ဘူး ”
အပိုင်း ၄၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset