စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၂။ စိုးရိမ်ပူပန်မှု။
ယဲ့ရှောင်က သူ့အခန်းသို့ပြန်ပြီး အချက်အလက်များကို စတင် တွက်ချက်တော့သည်။
” ဟွမ်လျိုလီက ရှန်းထျန်းပထမအဆင့် ပြန်ကောင်းတဲ့အချိန်က ငါးစက္ကန့်လောက်။ ငါက ရှန်းထျန်းတတိယအဆင့် ပြန်ကောင်းတဲ့ အချိန်က စက္ကန့်နှစ်ဆယ်လောက် ဖြစ်မယ် ”
အဆင့်ပေါ် မူတည်ပြီး ခွန်အားပိုင်းခြားမှုအရ ပထမအဆင့်ထက် ဒုတိယအဆင့်က နှစ်ဆနီးပါး ကြာလောက်သည်။ ထို့ကြောင့် ယဲ့ရှောင်သည် သူ၏ ဒဏ်ရာ ပြန်ကောင်းသည့်အချိန်ကို တွက်ချက်မှန်းဆမိတာပဲဖြစ်၏။ သို့သော် ပြန်ကောင်းသည့်အချိန်က ကျင့်ကြံဆင့် အဆင့်မြင့်တက်လာသည်နှင့် တဖြည်းဖြည်း တိုးလာမှာပဲ ဖြစ်သည်။
အဆင့်နိမ့်နေချိန်တွင် အဆင်ပြေသည့်သော်ငြား အဆင့်မြင့်လာချိန်၌ တိုက်ပွဲဝင်ရာတွင် အရေးနိမ့်မှာပဲ ဖြစ်သည်။ ထင်သည့်အတိုင်း ငွေများစွာ မသုံးသည့် သူများက အဆိုးဝါးဆုံးလမ်းသာ အမြဲတမ်း ရှိနေလေ၏။
“ပေါင်းစပ်ပြီးတဲ့နောက် အာနိသင် ပိုကောင်းလာမယ်လို့ မျှော်လင့်ရတာပဲ ”
ညတာက လျင်မြန်စွာ ကုန်ဆုံးသွား၏။ နောက်နေ့တွင် ယဲ့ရှောင်က အိပ်ရာထပြီး အလုပ်သွားတော့သည်။
စာကြည့်တိုက်နားတွင် နံနက်စာ ဝယ်ပြီးသည့်အချိန် မြို့စောင့်တပ်ကားက လမ်းဘေးတွင် ထိုးရပ်လာတော့၏။ ကားမှန်ချလိုက်ပြီး ကုဟိုင်၏ ခေါင်းက ပေါ်ထွက်လာတော့သည်။
” လောင်ယဲ့။ ဒီမှာ ”
ယဲ့ရှောင်က လက်ထဲတွင် ပေါက်စီ ကိုင်ထားလျက် လျှောက်လာတော့သည်။ ကုဟိုင်က ကားမှန်အပြင်ဘက်ကို ထွက်လျက် ပေါက်စီကို ဆွဲယူကာ အလုတ်ကြီးကြီး ဝါးလိုက်လေ၏။
” ငါ ဗိုက်ဆာနေလို့ ဒါ အရင်စားပါရစေ ”
ယဲ့ရှောင်က ကြည့်လိုက်ရာ ကုဟိုင် လက်နက် အပြည့်အစုံ ဝတ်ဆင်ထားမှန်း မြင်လိုက်ရသည်။ အချို့သော အကြောင်းပြချက်ကြောင့် သူ ခံစားချက် မကောင်းတော့ပေ။
” ဘာတွေဖြစ်နေတာလဲ။ မင်း ဒီလို ဝတ်စားထားတာ အလုပ်ဝင်တာမှ နှစ်ရက်ပဲ ရှိသေးတယ်။ တာဝန်ထမ်းဆောင် ရတော့မှာလား ”
” ဟုတ်တယ်ကွ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲ့ဒီ အမှုကို မင်း မှတ်မိသေးလား ”
” ဝိညာဥ်ကူးစက်မှုလား ”
” ဟုတ်တယ်။ အဲ့ဒါပဲ။ မြို့စောင့်တပ်ဖွဲ့ထဲက သိုင်းပညာရှင်တစ်ယောက်က ဇစ်မြစ်ကို ရှာပြီး တည်နေရာကို အတည်ပြုဖို့အတွက် ဝိညာဥ်ရှာဖွေတဲ့ နည်းစနစ်ကို သုံးလိုက်တာလေ။ ငါတို့က ကမန်းကတန်း ပြင်ဆင်ကြတာပေါ့ ”
သူ့ဘေးရှိ မြို့စောင့်တပ်ဖွဲ့ဝင်က ပခုံးကို ပုတ်လိုက်လေ၏။
” ဟေ့ကောင် ဒါက လျှို့ဝှက်စစ်ဆင်ရေး တစ်ခု အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့ ”
ကုဟိုင်က လက်ကာပြလိုက်လေ၏။
” အဆင်ပြေပါတယ်။ လောင်ယဲ့က ငါတို့ထဲက တစ်ယောက်ပဲ ”
ထိုသို့ ပြောပြီးနောက် သူသည် ယဲ့ရှောင်၏ အိတ်ထဲမှ ပေါက်စီနှစ်လုံးကို ထုတ်ပြီး တစ်လုံးကို ကျန်သည့်တစ်ယောက်အား ပေးလိုက်လေ၏။
” ဒီမှာရော့။ မင်းပါးစပ်ကို ဆို့ထားလိုက် ”
” မင်း အကျင့်မကောင်းတဲ့ကောင် ”
ကျန်သည့်လူက အပြုံးဖြင့် ကြိမ်းမောင်းလျက် ပေါက်စီကို ယူကာ စဝါးလိုက်တော့သည်။
တစ်ဖက်တွင်မူ ယဲ့ရှောင်က မျက်မှောင်ကျုံ့လျက် ပြောလိုက်တော့၏။
“ဒါက မင်းရဲ့ ပထမဆုံးမစ်ရှင်ဆိုတော့ ဂရုစိုက်ရမယ်။ ရန်သူတွေက ဝိညာဥ်ရေးရာ နည်းစနစ်တွေ ဘယ်လိုသုံးရမလဲ သိနေတယ်ဆိုတော့ သူတို့ ကျင့်စဥ်က နိမ့်မှာ မဟုတ်လောက်ဘူး ”
” စိတ်မပူနဲ့။ ငါတို့ မြို့စောင့်တပ်ဖွဲ့ကလည်း အားမနည်းဘူးလေ။ သွားကြမယ်။ ငါပြန်ရောက်လာတာနဲ့ အပြင်ထွက်ကြတာပေါ့ ”
“သိပြီ။ လုံခြုံတဲ့ခရီး ဖြစ်ပါစေ ”
ကုဟိုင်က ရယ်မောလျက် ပြတင်းပေါက်ပိတ်ကာ ကားစက်နှိုးပြီး ထွက်သွားတော့သည်။
ယဲ့ရှောင်က စိုးရိမ်ပူပန်မှု အနည်းငယ်ကို ခံစားနေရဆဲ ဖြစ်သည်။ ထို့ကြောင့် ကုဟိုင်၏ တည်နေရာကို ဆုံးဖြတ်နိုင်ရန်အတွက် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဝိညာဥ်စွမ်းအားတစ်မျှင် သုံးလိုက်တော့သည်။
ကုဟိုင် ပြဿနာတက်နေပါက သူ့ကို အလွယ်တကူ ရှာနိုင်မှာပဲ ဖြစ်သည်။
ပြီးနောက် ယဲ့ရှောင် စာကြည့်တိုက်ထဲသို့ ဝင်ပြီး အလုပ်တက်ချိန် ရောက်ပြီဖြစ်ကာ သူ၏ ကုသခြင်းပညာရပ်များကို ဆက်လက်လေ့ကျင့်နေတော့၏။ မကြာမီ၌ နှစ်ရက်တာ ကုန်ဆုံးသွားသည်။
ယဲ့ရှောင်က ကုသခြင်းကျင့်စဥ် နှစ်မျိုးကျော်ကို ထပ်မံရှာတွေ့ပြီး အခြေခံကုသခြင်းကျင့်စဥ် (၇ )မျိုး ရလာပြီဖြစ်သည်။ သူ့၏ ပြန်ကောင်းသည့်အချိန်က ပိုမြန်လာသော်ငြား ပေါင်းစပ်ရန် အချိန်မရောက်သေးပေ။
ကုသခြင်းကျင့်စဥ်များ ပေါင်းစပ်ခြင်းက အခြေခံကုသခြင်းကျင့်စဥ် ( ၉ )မျိုးမှ ( ၁၀ )မျိုးအထိ လိုလောက်သည်ဟု ခန့်မှန်းမိသည်။ သို့သော် မည်မျှကြာစေကာမူ ကိစ္စမရှိပေ။ သူက အကောင်းမြင်တတ်သည့်သူ ဖြစ်သည်။ အလွန်အကျွံ စိုးရိမ်ပူပန်တတ်သူ မဟုတ်ပေ။
တစ်ဖက်တွင်မူ ကုဟိုင် ထိုတာဝန် ဆောင်ရွက်ချိန်မှစပြီး သူ့ထံက သတင်းမရတော့ပေ။ ထိုအကြောင်း ဂရုတစိုက် တွေးမိပြီး နောက်ကွယ်မှာ ကြိုးကိုင်သူသည် ကျန်းဟိုင်မြို့နှင့် သိပ်ဝေးဝေးတွင် မရှိလောက်ပေ။
သို့သော် ထိုအရေးကိစ္စအကြောင်း မေးရမည့်သူကို မရှာနိုင်ပေ။ သူက လုဝမ်ဝမ်ကို ဖုန်းခေါ်ချင်သော်ငြား သူမ၏ နံပါတ်ကို မသိပေ။ သူမဆီ သွားရောက်လည်ပတ်ရန်အတွက်ကမူ…။
ထားလိုက်တော့။ ကုဟိုင်က တာဝန်သွားထမ်းဆောင်တာလေ။ ဒီတော့ သူ့အိမ်ကို တစ်ယောက်တည်းသွားရင် ဘယ်လိုဖြစ်သွားမလဲ။ သူငယ်ချင်းတစ်ယောက်ရဲ့ မိန်းမဆီကို သွားလည်ရမှာလား။ ဒါမသင့်တော်ဘူးလေ။
ယဲ့ရှောင်က များများစားစား မတွေးတော့ပဲ စောင့်ရန်သာ ပြင်ဆင်လိုက်တော့သည်။ မည်သည့်နည်းနဲ့မဆို သူက ယခုဆို မြို့စောင့်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီးသား ဖြစ်သည်။ မြို့စောင့်တပ်ဖွဲ့ တစ်စုံတစ်ခု ဖြစ်လာခဲ့ပါက သူ၏ မိသားစုဝင်များကို အချိန်မှီ အကြောင်းကြားမှာ သေချာ၏။
မျက်တောင်တစ်ခတ်အတွင်း နောက်ထပ်နှစ်ရက်တာ ထပ်မံကုန်ဆုံးသွားပြီး သောကြာနေ့ အလုပ်ဆင်းရန် ရောက်လာပြီ ဖြစ်သည်။ မနက်ဖြန်က စနေနေ့ ဖြစ်သည်။ လောင်ဝမ်၏ မြေးအတွက် တစ်လပြည့်မွေးနေ့ ကျင်းပမှာပဲ ဖြစ်သည်။ ကုဟိုင်ထံမှ သတင်းမရသေးပေ။ သူ အလုပ်ဆင်းသည်နှင့် ယဲ့ရှောင်၏ ဖုန်းက မြည်လာလေတော့သည်။
ကုဟိုင် မဟုတ်ပဲ ချင်ယွိယန် ဖြစ်နေသည်။ သူမသည် ယခင်က စာအုပ်ကြိမ်ဖန်များစွာ ငှားခဲ့ဖူး၏။ ထို့ကြောင့် သူတို့က တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ရန် နည်းလမ်းတစ်ခု ယူထားတာပဲ ဖြစ်သည်။
” ဟယ်လို ”
ယဲ့ရှောင်က ဖုန်းကိုင်လိုက်သည်။
ချင်ယွိယန်က ချင်ချင်း မေးလိုက်တော့သည်။
” ဟယ်လို ယဲ့ရှောင်။ ရှင်အလုပ် ဆင်းပြီလား”
“အခုမှ အလုပ်ဆင်းခါစပဲ။ ဘာကိစ္စရှိလို့လဲ ”
” ဘာမှမဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်ရက်တုန်းက ကုဟိုင် ရှင့်ဆီကို ခေါ်သေးလားလို့။ လုဝမ်ဝမ်က မေးခိုင်းလို့”
” မခေါ်ဘူး။ ဝမ်ဝမ်ဆီ မဆက်သွယ်ဘူးလား ”
” မဆက်သွယ်ဘူး ”
” မြို့စောင့်တပ်ဖွဲ့က ဘာပြောလဲ ”
” မြို့စောင့်တပ်ဖွဲ့ ပြောတာက သူတို့က တိုက်ခိုက်ဖို့အတွက် တောင်တန်းတွေထဲ ဝင်သွားရတာ။ အချက်ပြချက်ကလည်း ဆိုးရွားနေတယ်။ ဒီတော့ အချိန်အတိုင်းတာတစ်ခုထိ ဆက်သွယ်လို့ မရဘူး။ ဒါပေမဲ့ မြို့စောင့်တပ်ဖွဲ့က ရှာဖွေဖို့အတွက် ဒုတိယတစ်သုတ် ပို့ပြီးပြီ ”
“ကိစ္စကြီး မဟုတ်လောက်ဘူး၊ ဝမ်ဝမ်ကို သိပ်မစိုးရိမ်နဲ့လို့ ပြောလိုက်ဦး။ သူက ကိုယ်ဝန်ရှိနေတာ။ သူ့ ကျန်းမာရေးက ပိုအရေးကြီးတယ် ”
” အင်း။ ဒီည ကျွန်မ သူနဲ့အတူ ဒီမှာရှိနေမှာ။ ရှင့်အတွက် အဆင်ပြေရင် စာအုပ်နည်းနည်းလောက် ပေးနိုင်မလား။ ဓားမော့ကျင့်စဥ်အကြောင်း ဖြစ်ဖြစ်လေ ”
” အပြင်ခဏသွားစရာ ကိစ္စရှိပေမဲ့ မင်းဆီကို ယူလာဖို့ ဟွမ်လျိုလီကို ခိုင်းလိုက်မယ်လေ။ ကုဟိုင်ရဲ့အိမ် သွားမဲ့လမ်း သူသိတယ် ”
” ဒါဆို ကျေးဇူးပါပဲ ”
” ရပါတယ် ” ဖုန်းချပြီးနောက် ယဲ့ရှောင်က သက်ပြင်းအနည်းငယ်ချလိုက်သည်။ ဓားမော့ကျင့်စဥ်နဲ့ သက်ဆိုင်သော စာအုပ်အချို့ကိုရှာပြီး ဟွမ်လျိုလီအား သွားပို့ခိုင်းလိုက်တော့၏။
အိမ်ပြန်ရောက်ပြီးနောက် သူက တံခါးပိတ် ကျင့်ကြံမှု စတင်တော့သည်။ သူ အဆင့်တက်တော့မည်ဟု ဝေဝါးဝါးခံစားချက် ရနေလေ၏။
နောက်ဆုံးအခေါက် အဆင့်တက်ထားတာ မကြာသေးပေ။ သို့သော် မဟာဂိုဏ်းတစ်ဦးအဖို့ နတ်ဘုရားဂိုဏ်းသို့ ဝင်ရောက်ခြင်းက အချိန်ကြာသည်။ အဆင့်တက်ရန် လိုအပ်သည်က အခွင့်အရေးတစ်ခုသာ ဖြစ်၏။
ပထမနှစ်ဆင့်က သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဥ်စွမ်းအင်များ လုံလောက်အောင် စုဆောင်းပေးပြီးဖြစ်သည်။ တတိယနှင့် စတုတ္ထကြား အဆင့်ကွာဟချက်က အရေအတွက်မဟုတ်ပဲ အရည်အသွေး ဖြစ်သွားသည်။ သူက အခွင့်အရေး ရှာတွေ့ခဲ့လျှင် မဟာဂိုဏ်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ပေမည်။ ထိုအခွင့်အရေးက ကောင်းကင်သို့ တက်လှမ်းသည်နဲ့ ခက်ခဲလှပေ၏။ ဤလောကထဲတွင် ချီရှန်းသိုင်းပညာရှင် မည်မျှများသနည်း။ မဟာချီရှန်း ဖြစ်လာသူက မည်မျှရှိသနည်း။ ချီရှန်းတစ်ဦးက လူတစ်သောင်းလျှင် တစ်ယောက်ဖြစ်နေခဲ့လျှင် မဟာချီရှန်းတစ်ဦးက တစ်သန်းလျှင် တစ်ယောက်ဖြစ်သည်။
တစ်ရာသော ချီရှန်းသိုင်းပညာရှင်များထဲမှ မဟာချီရှန်းတစ်ဦး မွေးထုတ်နိုင်ရန်က အတော်ပြောင်မြောက်နေပြီဖြစ်သည်။ ကျန်းဟိုင်မြို့ထဲ၌ ချီရှန်းသိုင်းပညာရှင် ( ၃ )ဦးသာ ရှိပြီး မဟာချီရှန်း မရှိပေ။
ကံကောင်းသည်မှာ နေ့ဝက်တာ လေ့ကျင့်ပြီးနောက် ယဲ့ရှောင်သည် သန်းခေါင်ယံအချိန်ထိတိုင် မည်သည့်ရလဒ်မှ မရသေးပေ။
အချိန်မရွေး ဖြစ်လာတာ မဟုတ်ဘူးလား။
ယဲ့ရှောင်က မျက်ခုံးအနည်းငယ် ပင့်မိသွား၏။ ဆိုရလျှင် ယင်းက မဟာဂိုဏ်းဖြစ်ပြီး ကျင့်ကြံရန် မလွယ်ကူပေ။ မြန်မြန်ဆန်ဆန် ရောက်ရှိသွားခဲ့လျှင် မဟာဂိုဏ်းဟု ခေါ်တော့မှာ မဟုတ်ပေ။
ယဲ့ရှောင်၏ အကျင့်စရိုက်ကလည်း ပိုအေးဆေးတည်ငြိမ်လာသည်။ အခြားသူဆိုလျှင် မြန်မြန်ဆန်ဆန် အောင်မြင်ပြီး ချက်ချင်း အကျိုးအမြတ်ရရန် စိုးရိမ်ပူပန်နေလောက်ပေ၏။
ယဲ့ရှောင်က အမြင်ကျယ်သည့်သူမျိုး ဖြစ်သည်။ စိုးရိမ်ပူပန်နေ၍ အသုံးမဝင်ပေ။ ဟွမ်လျိုလီက ပြန်ရောက်လာပြီး ဆိုဖာပေါ်တွင် လဲအိပ်နေပြီ ဖြစ်သည်။ ယဲ့ရှောင်က ခေါင်းခါကာ အနားယူရန် ပြင်လိုက်သည့် အချိန်၌ ဖုန်းဖန်သားပြင်က မီးလင်းလာတော့သည်။
ယင်းက ကုဟိုင်ထံမှ စာတစ်စောင်ဖြစ်သည်။ ယဲ့ရှောင်က စာကို ဖွင့်ဖတ်လိုက်ရာ အမူအရာက အနည်းငယ် တည်ငြိမ်သွားလေတော့၏။
” လောင်ယဲ့။ ငါ ပြန်မလာနိုင်လောက်တော့ဘူး။ ငါတို့ ချုံခိုတိုက်ခိုက်ခံနေရပြီ။ သူတို့ အရေအတွက်က များလွန်းတယ် ”
“ဝမ်ဝမ်ကို မပြောနဲ့ ”
” အခုအချိန်မှာ မင်းဆီ ဒီစာပို့တာ ငါ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းကလည်း ငါ့ရဲ့ သူငယ်ချင်းကောင်း။ မင်းကလွှဲရင် တခြားသူကို တကယ် မစဥ်းစားနိုင်ဘူး။ ငါ ပြန်မလာနိုင်ခဲ့ရင် ငါ့ရဲ့ မိဘတွေကို စောင့်ရှောက်ပေးဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မှာ။ ငါ့မိသားစုမှာ ငါက တစ်ဦးတည်းသောသားလေ။ သူတို့ကို ဂရုစိုက်ဖို့ ဘယ်သူ့မှ မရှိဘူး ”
” ဝမ်ဝမ်ကတော့။ သူ့ကို ကလေး ဆက်မလွယ်ဖို့ပြောလိုက်။ ဆက်လွယ်ရင် သူမဘဝ ပြီးသွားလိမ့်မယ်။ ဘယ်ယောင်္ကျားကများ ကလေးတစ်ယောက် ဝန်ထုပ်ဝန်ပိုး ရှိနေတဲ့ သူ့ကို လိုချင်မှာလဲ ”
” ငါ့ရဲ့ ပင်စင်ကတော့ မြို့စောင့်တပ်ဖွဲ့က မိသားစုဆီ တန်းပေးမှာ။ မင်း ပိုက်ဆံသုံးစရာ မလိုဘူး။ ပုံမှန်ရက်တွေမှာပဲ သွားတွေ့ပေးလိုက်။ ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး။ အချိန်မရှိတော့ဘူး။ သူတို့တွေ လာနေပြီ ”
အပိုင်း ၄၂ ပြီး၏။