Switch Mode

Chapter – 41

ယနေ့တွင် ကုသသူတစ်ဦး ဖြစ်လာခြင်း။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၁။ ယနေ့တွင် ကုသသူတစ်ဦး ဖြစ်လာခြင်း။

တစ်နာရီခန့်ကြာညောင်းပြီးနောက် ဟွမ်လျိုလီသည် ခြံဝန်းထဲတွင် ချိတ်ထားသော အဝတ်အစားများကို ကြည့်ပြီး အတွေးနက်နေတော့၏။
” သူက သိပ်သန်မာတာပဲ။ ဒီနှုန်းနဲ့ဆိုရင် သူ့ကို နှစ်နှစ်ရာအတွင်း ငါ တကယ်အနိုင်ယူနိုင်ပါ့မလား”
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမ၏ မျက်ဝန်းတို့က လေးနက်လာပြန်၏။
” မဟုတ်ဘူး။ ငါက ပုံရိပ်ယောင် ကြောင်တစ်ကောင်ပဲ။ ခမ်းနားတဲ့ နဂါးအမျိုးအစား ကြယ်တာရာသားရဲတစ်ကောင်က ဘယ်လိုလုပ် ဒါမျိုး ရှုံးနိုင်ပါ့မလဲ ”
သူမက မီးဖိုချောင်ထဲ ဝင်ပြီး မဖွင့်ရသေးသော ဘီစကစ်ဘူးကို ကလိန်ကျရန် စဥ်းစားနေတော့သည်။
” ငါ မှတ်မိတာသာ မှန်မယ်ဆိုရင် ဘီစကစ်တွေက မကြာခင်တုန်းက စူပါမားကတ်လျှော့စျေးကနေ ဝယ်လာတာပဲ။ ယဲ့ရှောင်က ဒါကိုဝယ်ဖို့ စိတ်အားထက်သန်နေတာ။ ဒါပေမဲ့ သူ မစားရသေးဘူး ”
မကြာမီ၌ သူမ၏ နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီးနောက် ကောက်ကျစ်သည့်အပြုံးမျိုး ပေါ်လာတော့သည်။
” နင့်အတွက် အထူးအရသာမုန့်လေးတွေ ထည့်လာရင် ဘယ်လိုလဲဆိုတာ ကြည့်ကြသေးတာပေါ့ ”
ဟွမ်လျိုလီက ဘီစကစ်ကို ချေပြီးနောက် အနံ့ခံကြည့်လိုက်သည်။
” မွှေးလိုက်တာ။ ညစ်ပတ်တဲ့ ယဲ့ရှောင်က တကယ်ပဲ ဘယ်လိုစားရမလဲဆိုတာ သိတဲ့ပါးစပ် ရှိနေတာပဲ။ သူက အရသာရှိတဲ့ စားစရာတွေကို စားဖို့ပဲ သိတာ ”
နောက်တစ်နေ့တွင် ဟွမ်လျိုလီက နှိုးလာတော့သည်။ ယဲ့ရှောင်က မနက်စာစားနေပြီ ဖြစ်သည်။
ဟွမ်လျိုလီ၏ မျက်လုံးက လင်းသွားတော့၏။ ယဲ့ရှောင် ယနေ့ မနက်စာက ဘီစကစ်နှင့် နွားနို့ဖြစ်သည်။ ထိုဘီစကစ်များက သူမ မနေ့ညက အကြံအဖန် လုပ်ထားသော ဘူးထဲမှ ဖြစ်သည်။
‘ယဲ့ရှောင် နင့်ရဲ့ နေ့ရက်တွေကတော့ အစကောင်းပြီပဲ။ ဟား ဟား ဟား ။ ငါ နင့်အတွက် အထူး ပြင်ဆင်ပေးထားတဲ့ ဘီစကစ်တွေက ဘယ်လိုလဲ။ အရသာကောင်းမနေဘူးလား’
သူမက ချောင်းအနည်းငယ်ဟန့်ပြီးနောက် ယဲ့ရှောင်ဘေးတွင် သွားထိုင်လိုက်တော့၏။
” သခင်။ ဘီစကစ်တွေက အရသာရှိလား ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် သူမရှေ့ရှိ ဘီစကစ်ဘူးကို လက်ညှိုးထိုးပြလိုက်၏။
” မြန်မြန်မနက်စာစား အလုပ်သွားရတော့မယ် ”
” ကောင်းပြီ”ဟွမ်လျိုလီက လက်ဆန့်ထုတ်ပြီး ဘီစကစ်ဘူးကို ဖွင့်လိုက်လေ၏။ သူမက ဘီစကစ်တစ်ချက် ကောက်ယူပြီး အသာတစ်ကိုက် စားလိုက်တော့၏။ စားပြီးနောက် ပိုလိုချင်နေသည့်ပမာ နှုတ်ခမ်းသပ်လိုက်တော့သည်။
” ဒီ ဘီစကစ်တွေက အရသာတော်တော် ကောင်းတာပဲ။ နောက်ကျ ပိုဝယ်သင့်တယ် ”
” နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး ”
” ဘာလို့လဲ ”
“မင်းစားနေတာက ဗနီလာအရသာလေ။ သူတို့ မထုတ်တော့တာ နှမြောစရာပဲ။ စက်ရုံက ထပ်မထုတ်တော့ဘူး ”
ဟွမ်လျိုလီက ဇဝေဇဝါဖြစ်သွား၏။
သူမ၏ နူးညံ့သောလက်ကို ဆန့်ထုတ်လျက် ဘူးကို ကောက်ကြည့်လိုက်သည်။ ဇဝေဇဝါဖြစ်နေသော အကြည့်ဖြင့် ပြောလိုက်တော့၏။
” ဒီနှစ်ဘူးက တူတူပဲ မဟုတ်ဘူးလား။ ကွဲပြားခြားနားချက် ရှိလို့လား ”
ယဲ့ရှောင်က ထူးမခြားနား အမူအရာဖြင့် ပြောလိုက်တော့သည်။
” မနက်တုန်းက ဗနီလာအရသာ ဘီစကစ်တစ်ဘူးပဲ ကျန်တာတွေ့လိုက်လို့ ငါတို့နှစ်ယောက် စားဖို့အတွက်ကြ မ​လောက်ဘူးလေ။ ဒါကြောင့် ထပ်သွားဝယ်လိုက်တာ။ ဒါပေမဲ့ ဗနီလာအရသာ ဘီစကစ်ထပ်ဝယ်လို့ မရခဲ့ဘူးလေ။ ဒီတော့ နို့အရသာပဲ ဝယ်ခဲ့တာ။ ထုပ်ပိုးထားတဲ့ ပုံစံက တူတူပဲလေ ”
ဟွမ်လျိုလီ၏ ကိုယ်လေးက ရုတ်တရက် တုန်ယင်သွားတော့သည်။
” ဆိုလိုတာက ကျွန်မ စားနေတဲ့ ဘီစကစ်တွေက မနေ့တုန်းက အိမ်မှာ ကျန်တဲ့ ဘီစကစ်ဘူးဖြစ်ပြီး သခင်စားနေတာက ဒီမနက်မှ ဝယ်လာတဲ့ နို့အရသာ ဘီစကစ် အသစ်လား ”
ယဲ့ရှောင်က လေးနက်တည်ကြည်သောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်လေ၏။
” ငါက နို့အရသာ ဘီစကစ်စားပြီး မင်းအတွက် ဗနီလာ အရသာ ဘီစကစ် ချန်ထားပေးခဲ့တာလေ။ ရင်ထဲထိ မသွားဘူးလား”
ဖွီး။
ဟွမ်လျိုလီက လျှပ်ပြက်သည့် အရှိန်ဖြင့် ရေချိုးခန်းသို့သွားပြီး အန်တော့သည်။
ယဲ့ရှောင်က မျက်ခုံးအနည်းငယ်ပင့်မိသွားလေ၏။
နင်က ဗနီလာကို မနှစ်သက်တာမျိုး ရှိသေးတာလား။
မနက်စာစားပြီးနောက် ယဲ့ရှောင်တစ်ယောက်တည်း အလုပ်သွားပြီး ဟွမ်လျိုလီကို သူနှင့် ခေါ်မလာပေ။
သူမက အန်ပြီးနောက် သန့်စင်ခန်းဘေး၌ လှဲနေပြီဖြစ်သည်။ ယဲ့ရှောင်က သူမကို တစ်ရက်နားခွင့်ပေးရန် ဆုံးဖြတ်လိုက်၏။ သို့မှသာ သူမ ကောင်းကောင်းအနားယူနိုင်မှာပဲ ဖြစ်သည်။
သူက စာကြည့်တိုက်သို့ သွားပြီး အလုပ်ဝင်တော့သည်။ သင်ယူရန်အတွက် ကုသခြင်းကျင့်စဥ်များကို စတင် ရှာဖွေလိုက်တော့၏။
ယခု သူက မန်နေဂျာအဖြစ် ရာထူးတိုးသွားပြီဖြစ်ရာ တတိယအလွှာတစ်ခုလုံးကို လှည့်လည်သွားလာနိုင်ပြီး စာအုပ်များ ဖတ်ရှုနိုင်ပြီဖြစ်သည်။ ယခင်ကကဲ့သို့ ကန့်သတ်ချက် မရှိတော့ပေ။
မကြာမီ၌ တတိယအလွှာ၏ မန်နေဂျာလေးဦးထဲမှ တစ်ဦးဖြစ်သော လောင်ဝမ်က သကြားလုံးတစ်အိတ်နှင့် ကြက်ဥအနီတို့ သယ်လျက် လျှောက်လာသည်။ သူက ပြုံးပြီး လုပ်ဖော်ကိုင်ဖက်များအား ဝေပေးလိုက်တော့၏။
” လောင်ဝမ်ရဲ့ အိမ်မှာ ပျော်စရာ အဖြစ်အပျက် ရှိတဲ့ပုံပဲ ”
” သူမြေးလေးတစ်ယောက် ရထားတာလေ ”
” ကောင်းလိုက်တာ မင်းက မြေးတောင်ရနေပြီပေါ့။ ဒါဆိုရင် ကံကောင်းအောင်လို့ ဒီနေ့ မင်းရဲ့ ကြက်ဥနှစ်လုံး ပိုစားရမှာပဲ ”
” သွားလေ။ ယဲ့ရှောင် ဒါတွေက မင်းဟာပဲ ”
ယဲ့ရှောင်က ကြက်ဥနှင့် သကြားလုံးများကို ယူရန်အတွက် စာအုပ်ကို ချလိုက်တော့သည်။
“ကျေးဇူးပါ ”
” ရပါတယ်။ စနေနေ့ နေ့လယ် စန္ဒာနီစားသောက်ဆိုင်မှာ ငါ့မြေးလေးရဲ့ တစ်လပြည့်ပွဲကျင်းပဖို့ လာခဲ့ကြဦး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူ့လက်ထဲရှိ ကြက်ဥများကို ကြည့်ပြီး သူတို့ အတော်လေး လွန်သည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။ အနီရောင်ကြက်ဥကို ယွမ် ၂၀၀ မသုံးဘဲ ဝယ်၍မရနိုင်ပေ။ ဥများ မည်မျှဝယ်နိုင်မည်နည်း။
နောက်ထပ် မန်နေဂျာဖြစ်သော လောင်လျိုက သကြားလုံးများ၊ ကြက်ဥများစွာကို နှိုက်လိုက်တော့၏။
သူက ကပ်စေးနဲသည်ဟူ၍ နာမည်ကြီးပေသည်။ သို့သော် မစ္စဝမ်က သူ့ကို မလှောင်ဘဲ မနေနိုင်တော့ချေ။
” လောင်လျို ရှင် ကပ်စေးနဲတာလဲ ကြည့်ဦး။ ကြက်ဥလေးနည်းနည်းလေးကို လောဘတက်နေပြန်ပြီ။ တန်တောင်မတန်ပါဘူး ”
လောင်လျိုက အရေးထူးပြီး ဂရုမစိုက်ပေ။ သူက ပြောလိုက်တော့၏။
” မင်း ဘာသိလို့လဲ။ ဒီကြက်ဥက အသားဓာတ်ပါတယ်။ ဒီကြက်ဥ စားလိုက်ရင် ကြက်တစ်ကောင်ကို စားတာနဲ့ ညီမျှတာပဲ။ စျေးမပေါဘူး ”
” ဟမ့် ” မစ္စဝမ်က ချက်ချင်း ပြန်ဘက်တော့သည်။
“ဒီလိုဆိုရင် ကျွန်မက နေ့စဥ်နေ့တိုင်း လူတစ်သိန်းကျော်လောက် စားနေတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား ”
နှစ်ယောက်သား စကားများနေသည်က လုပ်ဖော်ကိုင်ဖက်များကို ကျယ်လောင်စွာ ရယ်စေတော့သည်။ တတိယလွှာတစ်ခုလုံး အပျော်များပြည့်နေတော့၏။ ယဲ့ရှောင်သည် ကြက်ဥနဲ့ သကြားလုံးကို စားပြီးနောက် စာဆက်ဖတ်တော့သည်။
ယနေ့ နံနက်ခင်း ရှာဖွေတွေ့ရှိမှုက မဆိုးရွားပေ။ သူသည် အတိတ်တုန်းက ကုသခြင်းကျင့်စဥ်များကို အာရုံမစိုက်ခဲ့မိတာလည်း ဖြစ်နိုင်၏။
ထို့ကြောင့် ဖတ်ရှုပြီးနောက် သူသည် အခြေခံကုသခြင်းကျင့်စဥ် ( ၃ )မျိုးကို စုဆောင်းခဲ့ပြီးဖြစ်သည်။ ဤနည်းဖြင့် သူ ယခင်က သိရှိထားခဲ့သော အခြေခံကုသခြင်းကျင့်စဥ် (၂ )မျိုး အပါအဝင် စုစုပေါင်း ကျင့်စဥ် (၅ )မျိုး ရှိနေပြီဖြစ်သည်။
ထိုအခြေခံကျင့်စဥ်များဖြင့် ယဲ့ရှောင်သည် အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်ကနေ အဆင့်ပိုမြင့်သော ကုသခြင်း စကေးများကို ရောက်နိုင်ပြီး တစ်ရက်တစ်ည ကျင့်ကြံနိုင်တော့မှာပဲ ဖြစ်သည်။
အခြေခံကုသခြင်းကျင့်စဥ် (၅ )မျိုး ရရှိပြီးနောက် ယဲ့ရှောင်တွင် ပြန်ကောင်းသည့်နှုန်း အတော်ကောင်းလာတော့၏။ ယင်းကို စမ်းသပ်ကြည့်ရန်အတွက် သူ၏ ဆံပင်ကို ဖြတ်ရန် ကြိုးစားလိုက်သည်။ ကုသခြင်းကျင့်စဥ်ကို အသုံးပြုပြီးနောက် သူ့ဆံပင်၏ မူလအရှည်အတိုင်း ချက်ချင်း ပြန်ပေါက်လာနိုင်၏။
ပြီးနောက် သူသည် သူ့လက် ပြန်ကောင်းမကောင်းသိရရန် ကိုယ်ပိုင်လက်ချောင်းကို ဖြတ်တောက်ခြင်း စသကဲ့သို့ ပိုတောင် အစွမ်းထက်သည့်အရာကို စမ်းကြည့်ချင်သည်။ သို့သော် ယင်းက နာကျင်လွန်းမည် ဖြစ်သောကြောင့် အကြံဉာဏ်ကို ငြင်းလိုက်တော့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် အပြင်ဘက်၌ ငါးတစ်ကောင်ချီလာသော ဟွမ်လျိုလီကို တွေ့လိုက်ရတော့သည်။
” ရပ်လိုက် ” ဟွမ်လျိုလီက နေရာတွင်ပင် ကြောင်အလျက် သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်တော့သည်။
” ဘာဖြစ်လို့လဲ သခင် ”
” အဲဒီ ငါးက သိပ်ချစ်ဖို့ကောင်းတာပဲ ။ မင်း သူ့ကို ဘာကြောင့် စားမှာလဲ ”
” ဘာ ”
” နည်းနည်းတော့ များသွားပြီ။ မင်း အခု အပြစ်ပေးခံရမယ် ”
ဖုန်း။
ပြီးနောက် ပေါက်ကွဲသံတစ်သံနှင့်အတူ ဟွမ်လျိုလီက ယဲ့ရှောင်၏ လက်သီးချက်ကြောင့် လွင့်ထွက်သွားတော့သည်။
ညောင်။
ဟွမ်လျိုလီက မြေကြီးပေါ် ပြင်းထန်စွာ ပြုတ်ကျသွားပြီး သူမ ခေါင်းလေးက ရွှံ့ထဲနစ်သွားလေတော့၏။ မြေဆွဲငင်အားကြောင့် သူမ၏ ဝတ်ရုံသည်လည်း တစ်ဖက်သို့ လှန်သွားတော့သည်။ ယင်းက ကြာပွင့်လေး မြေပြင်ပေါ်ပြုတ်ကျသွားသည့်ပမာ သူမ၏ ဖြူဖွေးသော ခြေထောက်တစ်စုံကိုသာ ချန်ထားရစ်တော့သည်။ နှာရွက်ငယ်လေးများရှိသော ယုန်တစ်ကောင်နှင့် ဆင်တူသည်ဟု သူတွေးမိလိုက်တော့သည်။
ယဲ့ရှောင်က လျှောက်လာပြီး လက်တစ်ဖက်ဖြင့် သူမ၏ ခြေထောက်ကို ဆွဲလိုက်ပြီး မြေကြီးထဲမှ ဆွဲထုတ်လိုက်၏။
” ငါ တောင်းပန်ပါတယ် ။ ငါ မေ့သွားတာ။ ကြောင်တွေက ငါးစားတာပဲ။ မင်းကို အခုချက်ချင်း ကုပေးမယ် ”
ပြောပြီးသည်နှင့် ယဲ့ရှောင်က ကုသခြင်းကျင့်စဥ်ကို ချက်ချင်း အသုံးပြုတော့သည်။
သူ၏ လက်ဖဝါး၌ အဖြူရောင် ရောင်ခြည်၅ခု ပေါ်လာပြီး ဟွမ်လျိုလီ၏ ဒဏ်ရာများကို မြန်မြန်ဆန်ဆန် ကုသပေးတော့သည်။ ဖြစ်စဥ်တစ်ခုလုံးက ငါးစက္ကန့်သာ ကြာညောင်းသည်။ ယဲ့ရှောင်က သူ့ ရင်ထဲ၌ အချက်အလက်ကို တိတ်တဆိတ် မှတ်သားလျက် သူမခေါင်းလေးကို ပုတ်ပေးလိုက်တော့သည်။
“နောင်ကျ ငါမေ့သွားတဲ့ ကိစ္စလေးကို မင်း ရှင်းပြရမယ်လေ။ မရှင်းပြရင် ငါက နားလည်မှုလွှဲမှာမလား ”
ပြီးနောက် သူက လှည့်ထွက်သွားပြီး အိမ်ထဲသို့ ဝင်သွားတော့သည်။ ဟွမ်လျိုလီက ခေါင်းကုတ်လျက် စိတ်ရှုပ်ထွေးနေသော အကြည့်ဖြင့် ဘဲပေါက်လေးတစ်ကောင်သဖွယ် မြေကြီးပေါ်၌ ထိုင်နေတော့၏။
” သူ တမင်တကာ လုပ်တယ်လို့ ငါ ဘာကြောင့်ခံစားမိနေတာပါလိမ့်”
အပိုင်း ၄၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset