Switch Mode

Chapter – 40

အဲ့ဒါ မင်းပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၄၀။ အဲ့ဒါ မင်းပဲ။

ယဲ့ရှောင်က မျက်ခုံးပင့်လိုက်လေ၏။
” လွဲချော်သွားတာလား။ ကြည့်ရတာ ခုနတုန်းက ထိန်းညှိတာ မလုံလောက်ဘူးနဲ့တူတယ်။ ထပ်လုပ်ကြည့်ရအောင် ”
အတွေးတစ်ချက်ဖြင့် မျက်တောင်တစ်ခတ်အတွင်း ဓားအလင်းတန်း တစ်ဒါဇင်ခန့်က သူ၏ ခန္ဓာကိုယ်တစ်ဝိုက် ဖွဲ့တည်လာတော့သည်။ သူတို့ထဲ ဝိညာဥ်စွမ်းအင်များ ထည့်ပြီးနောက် ချက်ချင်းပင် လျှပ်စီးအဟုန်ကို အသုံးပြုလျက် ဟွမ်လျိုလီကို အမြန်လိုက်ဖမ်းတော့သည်။ မကြာမီ၌ သူ့ရှေ့မှ မိုးခြိမ်းသံ ကြားလိုက်ရတော့၏။ ဟွမ်လျိုလီ၏ သနားစဖွယ် အော်သံများကိုလည်း ဆက်တိုက်ကြားနေရ၏။
” သခင်။ ကျွန်မ ထပ်မဆော့ချင်တော့ဘူး ”
” မြန်မြန် ရပ်လိုက် သေတော့မယ်။ ကျွန်မ တကယ် သေမှာ ”
” အား ”
တစ်နာရီခန့်ကြာပြီးနောက် ယဲ့ရှောင်က ပတ်တီးများဖုံးနေသော ဟွမ်လျိုလီကို ဆိုဖာပေါ် တင်ပြီးနောက် သူ အစောပိုင်းက စမ်းသပ်ခဲ့သည့် တိုက်ကွက်များကို စတင် ပေါင်းစည်းတော့သည်။
တိုက်ကွက်တိုင်း၌ ထည့်ထားသော ဝိညာဥ်စွမ်းအင်အပါအဝင် တိုက်ကွက်တိုင်းအတွက် လိုအပ်သော ဝိညာဥ်စွမ်းအင်အရှိန်နှင့် တိုက်ခိုက်မှု၏ တည်နေရာ ဖောက်ခွဲသည့်အရှိန်နှင့် တည်နေရာ အသေးစိတ် နှိုင်းယှဥ်ပြီး အားလုံးကို စမ်းသပ်ခဲ့၏။
သူ့တွင် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှု ရှိနေသည်။ ထို့ကြောင့် သူတို့ကို တစ်ခုပြီးတစ်ခု တွက်ချက်ပြီး မှတ်တမ်းတင်ရန်အတွက် စာရွက်တောင် လုပ်ရန် မလိုအပ်ချေ။ သူ၏ ဝိညာဥ်စွမ်းအင်ဖြင့် မှတ်ဉာဏ်ကို စစ်ဆေးရန်သာ လိုအပ်ပြီး အစောပိုင်းက စစ်ဆေးသည့် ရလဒ်များကို ထုတ်ဖော်နိုင်ပေ၏။
နောက်နေ့ ယင်းကို အသုံးပြုသည့် အချိန်၌တွင် သူ တွက်ချထားသည့် ပမာဏအတိုင်း သုံးရုံသာဖြစ်သည်။
ဖေါ်မြူလာကို တွက်ချက်ပြီးနောက် ယဲ့ရှောင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွား၏။ သူက အလွန်ပျော်ရွှင်နေပေတော့သည်။
ထိုရလဒ်က သူ၏ ကိုယ်ပိုင် သုတေသနပြုမှုအပေါ် အပြည့်အဝ အခြေခံထားပြီး အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ် ပေါင်းစပ်မှု မဟုတ်ပေ။
ထို့ကြောင့် အနည်းနှင့်အများ သူသည် မအောင်မြင်သည့် အငွေ့အသက်ကို ခံစားမိ၏။
ဟွမ်လျိုလီကို မြင်သည့်အချိန်၌ ယဲ့ရှောင်က တိတ်ဆိတ်သွားတော့သည်။
သူမ၏ ဒဏ်ရာက သူ့ကို တစ်စုံတစ်ခု တွေးမိသွားစေ၏။ ယင်းက ရှင်သန်နိုင်ခြင်း ပြဿနာရပ် ဖြစ်သည်။ သူ၏ ကျင့်စဥ်က အလွန်သန်မာသော်ငြား သူက ပြိုင်ဘက်ကင်း မဟုတ်ပေ။ သူ့ ဒဏ်ရာရသွားခဲ့လျှင် အတော်ဒုက္ခများနိုင်၏။ သူ ဒဏ်ရာရသွားသည်နှင့် တိုက်ခိုက်မှု ခုခံမှုတို့က ထိုးကျသွားပြီး အလွယ်တကူ သေသွားနိုင်၏။ မဟုတ်ပေ။ နည်းလမ်းတစ်ခု စဥ်းစားမှ ရပေမည်။ သူသည် ယခင်က ဖြေရှင်းနည်းမျိုးစုံကို တွေးခဲ့ဖူး၏။
လူတစ်ယောက်သည် လက်နက်သန့်စင်ခြင်း ပညာနှင့် လက်နက်သွန်းလုပ်ခြင်း၊ သံချပ်ကာသွန်းလုပ်ခြင်းတို့ကို သင်ယူခြင်းဖြင့် သူ၏ ခုခံမှုကို တိုးမြင့်နိုင်ပြီး တိုက်ခိုက်မှု စွမ်းအားကို တိုးမြင့်နိုင်၏။
ဒုတိယအချက်အနေဖြင့် အဂ္ဂိရတ်ပညာကို သင်ယူရန်ဖြစ်သည်။ ဆေးသောက်ခြင်းဖြင့် ဒဏ်ရာမြန်မြန်ဆန်ဆန် ပြန်ကောင်းနိုင်သည်။ တစ်ချိန်တည်းတွင် လူတစ်ယောက်၏ကျင့်စဥ် တိုးတက်မှုကိုလည်း အရှိန်မြင့်တင်ပေးနိုင်ပြီး ယာယီ တိုက်ပွဲဝင်စွမ်းအားကို တိုးစေ၏။ တတိယအချက်က ကုသခြင်းပညာကို သင်ယူခြင်းဖြစ်သည်။ ကုသခြင်းပညာရပ်မှ လူတစ်ယောက်သည် ဒဏ်ရာများ ပျောက်ကင်းနိုင်ပေ၏။ ထိုနည်းလမ်းသုံးခု၌ ကိုယ်ပိုင် အားသာချက် ကိုယ်စီ ရှိကြသည်။
လက်နက်သန့်စင်ခြင်း ပညာရပ်က အဆင်ပြေသည်။ ပစ္စည်းတစ်စုံ ခုခံရန် လက်နက်တစ်စုံ သန့်စင်ပြီးနောက် အချိန်မရွေး နေရာမရွေး ခုခံနိုင်သောကြောင့် ဖြစ်သည်။ မထင်ထားသည့် တိုက်ကွက်တစ်ကွက် ဖြစ်နေလျှင်တောင် ချက်ချင်း ခုခံနိုင်မှာပဲဖြစ်သည်။ ဆိုရလျှင် သံချပ်ကာဝတ်ထားရန်သာ လိုအပ်၏။
သို့သော် ယင်း၌ အားနည်းချက်လည်း ရှိနေသေးသည်။ တိုက်ပွဲထဲ၌ ပျက်စီးသွားခဲ့လျှင် ထပ်အသုံးပြု၍ မရတော့ပေ။ ပြန်ပြင်ရန် လိုအပ်၏။
အဂ္ဂရိတ်ပညာရပ်ကမူ သူ့ကို ပြန်ကောင်းနှုန်း အမြန်ဆုံးရအောင် ကူညီပေးနိုင်သည့် ဆေးတစ်လုံး။ ထုတ်ဖော်ပြီးနောက် သူ၏ အိတ်ကပ်ထဲ ထည့်ထားနိုင်မည် ဖြစ်သည်။ ဒဏ်ရာသွားသည့်အချိန်၌ ဆေးထုတ်ပြီး စားနိုင်၏။ ထိုနည်းဖြင့် သူ၏ ဒဏ်ရာများ မြန်မြန်ဆန်ဆန် ကုသပျောက်ကင်းနိုင်ပြီး ယင်းကို အကြိမ်ပေါင်းများစွာတောင် အသုံးပြုနိုင်မှာပဲ ဖြစ်သည်။
အားနည်းချက်က ဆေးသည် ၃၀ရာခိုင်နှုန်း အဆိပ်ဖြစ်၏။ သူ ဆေးသောက်တာ များလွန်းလျှင် သူ၏ ​ ချီသွေးကြောများထဲတွင် ယင်းက စုဝေးနေပြီး နောင်တွင် သူတို့ကို သန့်စင်ရဦးမှာပဲ ဖြစ်သည်။
ကုသခြင်းကျင့်စဥ်၌ အနှေးဆုံး အာနိသင်ရှိပြီး ဝိညာဥ်စွမ်းအင် ပမာဏများစွာလည်း ကုန်ဆုံး၏။ ယဲ့ရှောင်၌ အခြေခံ သန့်စင်ခြင်းကျင့်စဥ် ၄ မျိုး၊ အခြေခံအဂ္ဂရိတ်ကျင့်စဥ်​ ၆ မျိုးနှင့် အခြေခံကုသခြင်းကျင့်စဥ် ၂ မျိုး ရှိကြပြီးသားဖြစ်သည်။
ပေါင်းစပ်ရန်အတွက် အမျိုးအစား တစ်မျိုးစီအတွက် အခြေခံကျင့်စဥ် မည်မျှလိုအပ်မှန်း သူ မသိသော်ငြား လက်နက်သန့်စင်ခြင်းကျင့်စဥ် နှင့် အဂ္ဂရိတ်ကျင့်စဥ်တို့က ပေါင်းစပ်ရန် အမြန်ဆုံးဖြစ်မှာ သေချာနေပေ၏။
အကြောင်းမှာ နည်းစနစ်၏ တိကျသော ပုံစံတစ်မျိုးဖြင့် ပိုကျင့်ကြံခဲ့လျှင် ထိုပုံစံအမျိုးအစားဖြင့် ကျင့်ကြံမှုနည်းစနစ်ကို ရေးခဲ့သည့် လူများ ပိုများပြီး သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း ကြွယ်ဝသည်ဟု ဆိုလိုနိုင်သောကြောင့် ဖြစ်သည်။ ထိုအခြေခံကျင့်စဥ်များကို ရှာဖွေရန်လည်း ပိုလွယ်ကူပေ၏။
အမှန်တကယ်တွင် ကြယ်တာရာသားရဲများကို အမဲလိုက် ထွက်ကြသော သိုင်းပညာရှင်များ၌ သံချပ်ကာများ၊ လက်နက်များ၊ ဆေးလုံးများကိုသာ ကုသသူတစ်ဦးထက် ပိုမိုဆောင်ယူလာသည်မဟုတ်လော။
သံချပ်ကာ ပျက်စီးသွားခဲ့လျှင် သူတို့ ထပ်မံပြန်ပြင်နိုင်သည့် ဆေးလုံးကုန်သွားလျှင် သူတို့ ထပ်ဝယ်နိုင်၏။ သို့သော် ကုသသူ သေဆုံးသွားခဲ့လျှင် နောက်တစ်ယောက် ရှာဖွေရန် အလွန်ခက်ခဲပေလိမ့်မည်။

ထိုအကြောင်းကို တွေးမိပြီးနောက် ယဲ့ရှောင်၏ အကြည့်က တဖြည်းဖြည်းချင်း တည်ကြည်လာပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်။
” ကောင်းပြီ ။ ငါ ဆုံးဖြတ်လိုက်ပြီ ။ အခုက စပြီး ကုသခြင်းကျင့်စဥ်ကိုပဲ ကျင်ကြံချင်တယ် ”
အခြားနည်းလမ်း မရှိပေ။ လက်နက်သန့်စင်ခြင်း နည်းစနစ်နှင့် အဂ္ဂရိတ်နည်းစနစ်တို့က လူချမ်းသာများ ကစားသည့် အရာများသာဖြစ်သည်။ သူတို့က ငွေကြေး သုံးစွဲရန် လိုအပ်သည်။ သူ၏ ဘဏ္ဍာရေး အခြေအနေက ယင်းကို ခွင့်မပြုပေ။
သူ၏ အထောက်အထား ပေါ်သွားသည်နှင့် ငွေကြေးပမာဏများစွာ ရကောင်းရနိုင်သည်။ သို့သော် ထိုသို့ဖြစ်လာခဲ့လျှင် သူက ပိုအန္တရာယ်များလာမှာလည်း ဖြစ်သည်။
ကြယ်တာရာသားရဲများကို တိုက်ခိုက်ရန် ရှေ့တန်းသို့ အပို့ခံရကောင်း ခံရနိုင်သည်။ သို့မဟုတ် သူ၏ အံ့ဖွယ်ဝိညာဥ်ကို လေ့လာရန် အပို့ခံရတာမျိုး သို့မဟုတ် သူ၏ ခန္ဓာကိုယ် တည်ဆောက်ပုံထဲ၌ ကွဲပြားခြားနားချက် ရှိမရှိကို စစ်ဆေးခံရနိုင်သည်။
ယဲ့ရှောင်သည် ဒုတိယအချက်ကို လုံးဝလက်မခံနိုင်ပေ။ ရှေ့တန်းသို့ ပို့ရသည့် အချက်ကမူ ယဲ့ရှောင်၏ ကျင့်စဥ်က စာအုပ်များကို ဖတ်ပြီး ပိုသန်မာလာတာပဲ ဖြစ်သည်။ သူက ကြယ်တာရာသားရဲများကို အမဲလိုက်တိုက်ခိုက်ခြင်းဖြင့် ခွန်အားကို မြင့်တင်ကြသည့် ကျန်သည့် သူများကဲ့သို့ မဟုတ်ပေ။ ထို့ကြောင့် သူ့အတွက် စာကြည့်တိုက်ကို ထားခဲ့ရသည်က ပိုတောင် အဆင်မပြေ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် မည်သည့်နည်းဖြင့် ဖြစ်စေကာမူပင် သူ၏ အထောက်အထားကို မထုတ်ဖော်နိုင်ပေ။ အနည်းဆုံးတော့ သူ အထွတ်အထိပ် အံ့ဖွယ်ချီရှန်းတစ်ဦး ဖြစ်မလာခင် သူ၏ အိုင်ဒီကို လျှို့ဝှက်ထားရမှာပဲ ဖြစ်သည်။
ဆိုရလျှင် ယခုအချိန်၌ သူက ကုသခြင်းနည်းစနစ်တစ်မျိုးကိုသာ ကျင်ကြံနိုင်တော့သည်။
အကောင်းမြင်သည့်ဘက်ကဆိုလျှင် ယင်းက အတော်လေးကောင်းပေ၏။ တစ်ဖက်တွင် ကုသခြင်းနည်းစနစ်က စွမ်းအင်သုံးစွဲမှု သုည ဖြစ်သည်။ ဒဏ်ရာမည်မျှ ပြင်းထန်စေကာမူ ယင်းက ဆန်ဖြူပန်းကန်လုံးနှစ်လုံးစာသာ ကုန်ဆုံးမှာဖြစ်သည်။ တစ်ဖက်တွင်မူ သူက အခြေခံစိတ်စွမ်းအားကျင့်
စဥ်များမှ ပေါင်းစပ်ထားသော ခရမ်းရောင်ကြယ်ပင်လယ်ကို ကျင့်ကြံထားပြီး ဖြစ်သည်။ ခရမ်းရောင်ကြယ်ပင်လယ်က စုပ်ယူသော ဝိညာဥ်စွမ်းအား၏ အရှိန်က မြန်ဆန်လွန်းနေရာ ကျင့်စဥ်အတွက် စွမ်းအင်များအတွက် အလွယ်တကူ ဖာထေးပေးနိုင်၏။ ယင်းက အဆင်ပြေသည့် နည်းလမ်းဟု ဆိုနိုင်ပေသည်။ ထိုအကြောင်းကို တွေးပြီးနောက် ယဲ့ရှောင်က သူ၏ အိမ်မက်ထဲသို့ ပျော်ရွှင်စွာ ဝင်ရောက်သွားတော့သည်။
တစ်အိမ်လုံး မီးမှိတ်ပြီးနောက် ဟွမ်လျိုလီသည် ဆိုဖာပေါ်မှာ ဆင်းလာလျက် လူအသွင်သဏ္ဍာန်ပြောင်းလိုက်တော့သည်။ သူမက အံကြိတ်ကာ ပြောလိုက်တော့၏။
‘သေသည့်တဲ့ ယဲ့ရှောင်။ ကပ်စီးနဲတဲ့ ယဲ့ရှောင်။ နင် ငါ့ကို ဒီလောက်တောင် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခဲ့တာ။ စောင့်နေစမ်းပါ။ ငါ လက်စားချေမယ် ‘
သူမ၏ သားရေဖိနပ်ကို ချွတ်လျက် ခြေအိတ်ဖြူကို ဝတ်လိုက်တော့သည်။ ယဲ့ရှောင် နေသည့်အခန်းဒုတိယအလွှာဆီသို့ ဂရုတစိုက် တက်သွားလိုက်တော့၏။
မူလက သူမ၏ အခန်းဖြစ်သည်။ ယဲ့ရှောင် ရောက်လာချိန်မှစပြီး သူက ချက်ချင်းပင် အညှာတာမရှိ အခန်းကိုယူသွားတော့၏။
အိပ်ရာပေါ်တွင် အိပ်ပျော်နေသော ယဲ့ရှောင်ကို ကြည့်ပြီး ဟွမ်လျိုလီက အသက်ပြင်းပြင်းရှူကာ ကောက်ကျစ်သည့်အပြုံး ပြုံးလိုက်တော့၏။
ပြီးနောက် သူမ၏ နုနယ်သော လက်လေးများက ယဲ့ရှောင်၏ ခုတင်ဘေးရှိ အဝတ်အစားများကို ထိလိုက်သည်။
‘နင့် အဝတ်အစားတွေအားလုံးကို အပေါက်ဖောက်ထားတဲ့အချိန် ဘာဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့။ မနက်ဖြန်ကျ ဖင်ပြောင်နဲ့ အလုပ်ဘယ်လိုသွားမလဲဆိုတာ ကြည့်ကြမယ် ‘
သူမ စိတ်ထဲ ထိုအတွေးပေါ်လာသည်နှင့် အခန်းထဲရှိ မီးက လင်းထိန်လာတော့သည်။ အိပ်ရာပေါ်တွင် လဲနေသော ယဲ့ရှောင်က ဟွမ်လျိုလီကို စိုက်ကြည့်လိုက်၏။
” မင်း ဘာလုပ်နေတာလဲ ”
ဟွမ်လျိုလီက ချွေးစီးများ ပြန်သွားသည်။ ယဲ့ရှောင်၏ အကြည့်က စူးရှလွန်းလေရာ သူမ နှလုံးကို ထိုးဖောက်တော့မည့်ပုံရသည်။
ဟွမ်လျိုလီက ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ ထိုစဥ် သူတို့ နှစ်ယောက်ကြား၌ ခြင်တစ်ကောင်က ပျံသန်းလာတော့၏။
ဘန်း။
ဟွမ်လျိုလီက ချက်ချင်းပင် ရိုက်ချလိုက်၏။ ပြီးနောက် တည်ကြည်သော အမူအရာဖြင့် ပြောလိုက်တော့သည်။
” သခင်။ ဒီခြင်တွေက သခင်အနားယူတာကို နှောင့်ယှက်မှာ တွေးမိတာကြောင့် ကိုယ်တိုင် လာသတ်ပေးတာ ”
” မင်း ဒီလိုတွေးတတ်တာ တော်တော်ရှားတယ်။ မင်းပြန်ကောင်းလာပြီဆိုတော့ ငါ့ အဝတ်စားတွေ သွားလျှော်လိုက်လေ။ ဒါပေမဲ့ ငါ့ အဝတ်အစားပေါ် အမွေးတစ်မျှင် ကျလာခဲ့ရင် ဒါမှဟုတ် ထူးဆန်းတဲ့ အနံ့ရလာခဲ့ရင် မင်းရဲ့ အမွေးတွေကို နုတ်ပြီး အဝတ်အစားသစ် လုပ်ပစ်မယ်“
“ဟား ဟား အာ ဟား… ဘယ်လိုလုပ် ဒါမျိုး ဖြစ်မှာလဲ၊ ကျွန်မက အဝတ်လျှော်တာ အတော်ဆုံးပဲ၊ စိတ်မပူပါနဲ့ဆရာ မနက်ဖြန်မနက် ဝတ်လို့ရမယ်လို့ အာမခံတယ်”
“ အင်း ဒါဆို သွားတော့၊ ပြီးတော့ မင်းအသံကိုတိုး၊ ငါ အိပ်တော့မလို့”
“ဟုတ်ကဲ့”
အပိုင်း ၄၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset