စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၉။ အရှေ့ပိုင်းလေ ထုတ်ဖော်၊ တာဝန်ပြီးမြောက်ခြင်း။
” ငါ့ မိန်းမကို ဖုန်း အရင်ခေါ်လိုက်ဦးမယ်။ ပြီးရင် ငါ့အတွက် သူ့ကို ပိုက်ဆံလွှဲခိုင်းလိုက်မယ် ”
ကုဟိုင်က မြန်မြန်ဆန်ဆန်ပင် သူ၏ ဇနီးသည်
လုဝမ်ဝမ်ကို ဖုန်းခေါ်လိုက်လေ၏။ လုဝမ်ဝမ်က သူထမင်းတစ်နပ်အတွက် ယွမ်ထောင်ချီသုံးခဲ့ကြောင်း ကြားလိုက်ရသောအခါ နေရာတွင်ပင် ပေါက်ကွဲတော့သည်။
” ဘာ။ ယွမ်တစ်ထောင်ကျော်လား။ ရှင်က သွားစားတာလား ဒါမှမဟုတ် spa သွားတာလား။ ရှင် ဟုန်ဆဲ့လမ်မန့် ထပ်သွားနေပြန်ပြီလား ”
” ဟေ့ ဟန်နီ။ ဟုန်ဆဲ့လမ်မန့်ကို ငါ တကယ် မသွားဘူး။ ယဲ့ရှောင်နဲ့ ညစာစားနေရုံပဲ ”
” ဘယ်လိုညစာမျိုးက ယွမ်ထောင်ချီကျတာလဲ။ ငါ့ကို အရူးများထင်နေလား ”
” တကယ်ပြောတာ မယုံရင် video call ခေါ်လိုက်မယ်”
တစ်မိနစ်ခန့်ကြာပြီးနောက် ….။
” ကုဟိုင်။ ရှင်က တော်တော်နှလုံးသားမဲ့တာပဲ။ ကျွန်မ အဲဒီ ပင်လယ်စာ ဘူဖေး အမြဲတမ်း သွားစားချင်နေတာ။ ဒါပေမဲ့ သွားမစားခဲ့ရဘူး။ ရှင်ကတော့ ကျွန်မ မပါဘဲနဲ့ ယဲ့ရှောင်နဲ့ တကယ်ကြီးသွားတယ်ပေါ့။ ဒါတောင် ကျွန်မကို ပေးစေချင်နေသေးတယ်။ ငရဲကို သွားလိုက်တော့ ”
ထိုသို့ ပြောပြီးနောက် လုဝမ်ဝမ်က ဖုန်းချလိုက်တော့သည်။
သူ့ဘေးရှိ စားပွဲထိုးမလေးက ပါးစပ်ကို အုပ်လျက် အရယ်ကို ထိန်းထားလေရာ မျက်နှာတောင် ခရမ်းရောင်ပြောင်းနေပြီ ဖြစ်သည်။ ကုဟိုင်က စိတ်အခြေအနေမကောင်းဘဲ ပြောလိုက်တော့၏။
”မင်း ငါ့ကို လှောင်နေတာလား။ ဂရုစိုက် မဟုတ်ရင် ငါမင်းကို ကွန်ပလိန်းတက်လိုက်မယ် ”
စားပွဲထိုးမလေးက မျက်နှာပိုး အမြန်သပ်ပြီးနောက် တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်တော့သည်။
“ဆရာ။ ကျွန်မတို့တွေက တင်းကျပ်တဲ့ လေ့ကျင့်ရေး ရထားတာပါ။ ဘယ်လောက်ပဲ ရယ်စရာကောင်းကောင်း ကျွန်မတို့ ရယ်မှာ မဟုတ်ပါဘူး ”
ထိုသို့ ပြောပြီးနောက် သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ထပ်ကွေးတက်သွားပြန်၏။
” မင်း ရယ်နေသေးတယ် ”
” ကျွန်မ ပြုံးနေတာပါ။ ယဥ်ကျေးတဲ့ အပြုံးပေါ့။ ပြီးတော့ ဆရာ အကြောင်းအရာ မပြောင်းလိုက်ပါနဲ့ ။ ကျေးဇူးပြုပြီး ငွေပေးချေပါ ”
ကုဟိုင်က ယဲ့ရှောင်ကို ထပ်ကြည့်လိုက်သည်။ ယဲ့ရှောင်က ဘာကိုမှ ဂရုမစိုက်သည့်အလား အကြည့်လွှဲနေတော့၏။
သူ ကူကယ်ရာမဲ့နေတော့သည်။ သူ ဟွမ်လျိုလီဆီကလည်း တောင်းလို့မရဘူး။ ဟုတ်တယ်မလား။
ကူကယ်ရာမဲ့ပြီး သူက ဖုန်းအိတ်ကိုဖွင့်ပြီး ထိုထဲမှ ယွမ်ရာဂဏန်းအနည်းငယ် ထုတ်လိုက်တော့သည်။ ပြီးနောက် ဖိနပ်ချွတ်ကာ သူ၏ ခြေမျဥ်းကြားနှစ်ခုအောက်မှ ယွမ်တစ်ထောင်ကို ထုတ်လိုက်တော့သည်။ ခြေအိတ်ထဲမှ ယွမ်တစ်ရာနှစ်ရာလည်း ထုတ်လိုက်ပြီး သူ၏ အင်္ကျီလက်ထဲမှ ယွမ်ရာဂဏန်း ထုတ်လိုက်လေတော့သည်။ ခါးပတ်ဆီသို့ လက်လှမ်းလိုက်သောအခါ စားပွဲထိုးမလေး၏ မျက်နှာက အစိမ်းရောင်ပြောင်းသွားပြီ ဖြစ်၏။
ကံကောင်းသည်မှာ ကုဟိုင် ပိုက်ဆံထားသည့် နေရာက ခါးပတ်အလယ်တွင်ဖြစ်ပြီး သူမ ထင်ထားသည့်နေရာ မဟုတ်ပေ။ မဟုတ်လျှင် သူမ အမှန်တကယ် ပျို့အန်မိလောက်ပေသည်။
ထိုသို့တိုင် ဖိနပ်ထဲတွင် ပိုက်ဆံများကို ထည့်ထားလေရာ အနံ့ဆိုးရွားနေလေ၏။ ယင်းက စားပွဲထိုးမလေးကို မသက်မသာဖြစ်စေတော့သည်။ သူမက ယင်းကို လက်နှစ်ချောင်းဖြင့် ကောက်ယူပြီးနောက် မနှစ်မြို့သည့်ပုံဖြင့် စားပွဲဆီသို့ ယူသွားကာ ပစ်တင်လိုက်တော့သည်။
” ဟေ့။ ငါ့ကို ဘောင်ချာပေးဦး ”
” သိပါပြီ ”
ယဲ့ရှောင်က ကောက်ကျစ်စွာ ပြုံးပြီး ပြောလိုက်တော့၏။
” ငါ မပြောနိုင်ဘူးပဲ။ မင်းရဲ့ ခန္ဓာကိုယ်က ရတနာတိုက်လေးပဲ။ မင်း တော်တော်များများ ဝှက်ထားတာကိုး ”
” ဒီလိုလား။ လက်ထပ်ပြီး အမျိုးသားတစ်ယောက်က ရွှေဝှက်တဲ့ နည်းပညာ သင်ယူနိုင်တာပဲ မဟုတ်လား။ ဒါပေမဲ့ မင်းက ဒီနေ့ ငါ့ကို အပြောင်ရှင်းလိုက်တာ။ နောင်ကြ ငါ့မှာ ပိုက်ဆံမရှိတော့ရင် မင်းကိုပဲ အကူအညီ လာတောင်းရတော့မှာပဲ။ မင်း ပုန်းနေလို့မရဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်လေ၏။
” ဘာကိစ္စမှ မရှိတော့ရင် အရင်ပြန်နှင့်မယ်။ ဝမ်ဝမ် ဗိုက်ဆာနေမှာ သေချာတယ်။ အိမ်ပြန်ရောက်တဲ့အခါ နောက်တစ်ပွဲ နွှဲရဦးမှာ”
” မင်း ဖြေရှင်းနိုင်လား”
” ဒါပေါ့။ ငါ့ရဲ့အိတ်ထဲမှာ ယွမ်နှစ်ရာ ကျန်သေးတယ်။ သူ့အတွက် မုန့်ချို့ ဝယ်သွားလိုက်ရင် တစ်မိနစ်အတွင်း ငြိမ်းချမ်းသွားလိမ့်မယ်”
” သူ့ကို မုန့်တွေလျှော့စားခိုင်း။ ပြောရရင် အဲဒါက ကလေးအတွက် မကောင်းဘူးလေ”
” သိပြီ ” နှစ်ယောက်သားက စကားစမြည်းအနည်းငယ် ပြောပြီးနောက် စားသောက်ဆိုင် အဝင်ဝ၌ လမ်းခွဲသွားတော့သည်။
ယဲ့ရှောင်က တစ်စုံတစ်ခုကို တွေးမိပြီး ပြန်လျှောက်လာ၏။ သူက ဘုရင်အေးအ်အကြောင်း တွေးနေတာ မဟုတ်ပေ။
ဘုရင်အေးအ်၏ ကိစ္စကို အပြည့်အဝ စိတ်ရှုပ်ထွေးနေပြီး ထို့အတွက် အကြောင်းရင်းတစ်ခု မရှာနိုင်ပေ။ ထိုအကြောင်းကို တွေးခြင်းက သူ၏ ဦးနှောက်ဆဲလ်များကို ဖြုန်းတီးရာရောက်သည်။ သူ ယခု တွေးနေသည်က ဝိညာဥ်စွမ်းအင်ကို ဆက်တိုက်ခွဲထုတ်ပြီး ညစ်ညမ်းစေသော ဝိညာဥ်များကို ထုတ်နိုင်သည့် ကြယ်တာရာသားရဲများ၏ အရည်အချင်းကို စဥ်းစားနေတာပဲဖြစ်သည်။
ဒါကို သူ့ရဲ့ ဓားမော့။ ဒါမှမဟုတ် ဓားသိုင်းနဲ့များ ဖြေရှင်းနိုင်မလား။ ထိုအကြောင်းကို ဂရုတစိုက်တွေးပြီး သူ၏ ဓားမော့နှင့် ဓားသိုင်းတို့ဖြင့် တိုက်ရိုက် တိုက်ခိုက်လိုက်တော့၏။
သူတို့က အလွန်သန်မာသော်ငြား အဝိုင်းဘက်ထဲတွင် အသုံးမပြုနိုင်ပေ။ ထို့အပြင် သူတို့ ထုတ်ဖော်နိုင်သည့် အကွာအဝေးက အကန့်အသတ်ရှိသည်။ သူတို့အဖို့ မိုင်တစ်ရာ သို့မဟုတ် မိုင်တစ်ထောင်အကွာကိုတောင် ထွက်ပြေးဖို့က မဖြစ်နိုင်ပေ။
တစ်ဖက်လူ၏ ဝိညာဥ်သည် ကူးစက်သွားခဲ့လျှင် သူတို့က သေလျှင်သေ သို့မဟုတ် ဒဏ်ရာရသွားနိုင်၏။ အထဲတွင် ပိတ်မိသွားခဲ့ပါက လွတ်မြောက်နိုင်တော့မှာ မဟုတ်ပေ။
ယခုမူ သူက ဝိညာဥ်ရေးရာကျင့်စဥ် ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကိုလည်း ကျင့်ကြံနေပြီးဖြစ်ရာ သူတို့ကို ခြေရာခံပြီး ထိန်းချုပ်ရန်အတွက် ဓားမော့စွမ်းအား သို့မဟုတ် ဓားသိုင်းတို့ကိုသုံးပြီး ဝိညာဥ်စွမ်းအင်ကိုလည်း အသုံးပြုနိုင်၏။ သူတို့ကို ဖယ်ရှားနိုင်မည်လော။
ထို့အပြင် သူ့တို့ကို မိုင်တစ်ထောင်အကွာဆီသို့ ပြောင်းရွှေ့နိုင်ရန် ကျန်သည့် ကျင့်စဥ်များကိုလည်း အသုံးပြုနိုင်ပြီး ဝိညာဥ်စွမ်းအင်ကို သုံးလျက် ရှာဖွေကာ ဖောက်ခွဲရမည့် နေရာကိုလည်း ဆုံးဖြတ်နိုင်သည်။
ဤနည်းဖြင့် သူသည် မိုင်ထောင်ချီအကွာသို့ ခရီးနှင်နိုင်ပြီး တစ်စုံတစ်ယောက်၏ ခေါင်းကို ယူနိုင်မည်လော။
ယဲ့ရှောင်က စိတ်ထဲတွင် အတွေးရောက်လာသည်၌ အမြဲတမ်း ဆောင်ရွက်တတ်သည့်သူ ဖြစ်သည်။ သူက ဟွမ်လျိုလီကို ကျန်းဟိုင်မြို့ပြင်သို့ ခေါ်လာပြီးနောက် သူမ ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်၏။
” ဟွမ်လျိုလီ မင်းကို ယဥ်ပါးအောင် လုပ်ထားတာ အတော်ကြာပြီ။ ငါမင်းကို ဘယ်လိုဆက်ဆံလဲ ”
ဟွမ်လျိုလီက နှလုံးတစ်ချက်ခုန်သွားတော့၏။
” သခင်။ သခင်က ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ဘာများဖြစ်လို့လဲ ”
” ငါ ခုနကမှ တွေးမိလိုက်တဲ့ အကြံဉာဏ်ကို စမ်းကြည့်ဖို့ မင်းကို ကူညီစေချင်တယ် ”
ဟွမ်လျိုလီ၏ ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားတော့သည်။
” သခင် နောက်နေတာလား။ သခင်ရဲ့ တိုက်ခိုက်မှုတွေက ဒီလောက် သန်မာတာ တစ်ချက်လှုပ်ရှားရုံနဲ့ ကျွန်မ သေမှာပဲ။ ဘယ်လိုလုပ် အစမ်းသပ်ခံနိုင်မှာလဲ ”
” စိတ်မပူနဲ့ ငါ့ရဲ့ ခွန်အားကို ကောင်းကောင်းထိန်းချုပ်ထားမယ်။ နည်းနည်းလေးပဲ ထုတ်ဖော်မှာ။ ဒါကြောင့် မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး”
” ကျွန်မ ငြင်းလို့ရမလား ”
” ရတာပေါ့။ ငါက သဘောထားကြီးတဲ့ သခင်ပဲ။ ငါ့ရဲ့ ကြယ်တာရာအိမ်မွေးတိရစ္ဆာန်ကိုလည်း လေးစားတယ် ”
ထိုသို့ပြောသည့်တိုင် ဟွမ်လျိုလီကို ပွတ်ပေးနေသော ယဲ့ရှောင်၏ လက်က ပိုအားများပြီး ကြမ်းတမ်းလာတော့၏။
ဟွမ်လျိုလီက တုန်ယင်သွားတော့သည်။
” သခင်။ ပွတ်ပေးတာ ရပ်လိုက်တော့။ ကျွန်မ အမွေးတွေအားလုံး ကျွတ်တော့မယ်။ စမ်းသပ်ဖို့ ကူညီပါ့မယ် ”
” ကောင်းတယ် ။ မင်းပြေးချင်သလောက် ဝေးဝေးပြေးလိုက်။ သွားချင်တဲ့ နေရာကိုသွား အရှိန်အပြည့်သုံး ထိန်ချန်မထားနဲ့ ”
” ဒီလောက် ရိုးရှင်းတယ်လား ”
” ဟုတ်တယ် ”
” ဒါဆိုရင် ဘာပဲဖြစ်လာဖြစ်လာ ကျွန်မကို အပြစ်မတင်နဲ့ ”
ထို့သို့ပြောပြီးနောက် ဟွမ်လျိုလီသည် အနက်ရောင်လျှပ်စီးလုံးအဖြစ် ပြောင်းလဲပြီးနောက် တစ်ဟုန်ထိုး ထွက်သွားလေတော့၏။
‘ဟား ဟား ဟား။ ငါ့ရဲ့အမျိုးအစားနဲ့ သွေးမျိုးဆက်ကို အလှပြထားတာများ ထင်နေလား။ အဓိပ္ပာယ်မရှိ ဖျော်ဖြေစေချင်တယ်ပေါ့။ အိမ်မက် မက်နေတာပဲ။ ငါက အခုဆို တစ်နာရီကို မိုင်တစ်ရာ့တစ်ဆယ်လောက် ပြေးနိုင်တာ။ အရင်ဆုံး အိမ်နီးချင်းမြို့ဆီသွားပြီး ပြန်မလာခင် ရက်အနည်းငယ်လောက် အချိန်ဖြုန်းလိုက်ဦးမယ်’
နောက်ကျောတွင်ရှိသော ယဲ့ရှောင်က အသက်ရှူထုတ်လိုက်သည်။ ခပ်ဝေးဝေးသို့ ရောက်သွားပြီဖြစ်သော ဟွမ်လျိုလီကို ကြည့်ပြီး သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားတော့၏။
ဟွမ်လျိုလီသည် ညာလက်ကို ဖြည်းဖြည်းဆန့်ထုတ်လျက် ကောင်းကင်ပိုင်းဖြတ်ခြင်းဓားကို ထုတ်ဖော်လိုက်တော့သည်။ ချက်ချင်းပင် မျက်စိကြိမ်းလောက်အောင် တလက်လက်တောက်ပသော ဓားရောင်ခြည်က လျင်မြန်စွာ ဖွဲ့တည်လာ၏။
ပြီးနောက် သေးသွယ်သည့် လက်မအရွယ်အစားခန့် ရှိသော အလင်းမှုန်အဖြစ် သိပ်သည်းသွားတော့သည်။ ပြီးနောက် ယဲ့ရှောင်က ထိုအထဲ သူ၏ ကိုယ်ပိုင် ဝိညာဥ်စွမ်းအင်ကို ထည့်လိုက်တော့သည်။ ဟွမ်လျိုလီ ရှိသည့်နေရာကို ရှာဖွေရန်အတွက် ဝိညာဥ်စွမ်းအားကို အမိန့်ပေးလိုက်လေတော့၏။
အမိန့်ပေးပြီးနောက် ဓားရောင်ခြည်က ချက်ချင်းပင် ဟွမ်လျိုလီ သွားသည့်နေရာဆီသို့ ပျံသန်းသွားတော့သည်။ အရှိန်က မြန်ဆန်လွန်းလှရာ ခေါင်းမွေးများ ထောင်သွားစေနိုင်၏။ ဖောက် ခနဲ အသံသာဖြစ်သည်။ မျက်တောင်တစ်ခတ်အတွင်း ညအမှောင်ယံထဲ၌ ပျောက်ကွယ်သွားပြီး မြန်မြန်ဆန်ဆန် ပြေးနေသော ဟွမ်လျိုလီကို လိုက်မီသွားသည်။
ဟွမ်လျိုလီက ပြေးရန် အားရနေသေးသည်။ နောက်စက္ကန့်၌ ဥက္ကာခဲကဲ့သို့ ဓားရောင်ခြည်တန်းက ဖြတ်သွားပြီး သူမရှေ့ရှိ မြက်ခင်းပြင်ပေါ်၌ ရုတ်တရက် ပေါက်ကွဲသွားတော့၏။
ဖောင်း။
နားစည် ထိလောက်သည့်အထိ အသံမျိုးဖြင့် မီးလျှံများက ကောင်းကင်ထဲသို့ တက်သွားသည်။ ပေါက်ကွဲမှုလှိုင်းက ဟွမ်လျိုလီကို လွင့်ထွက်သွားစေ၏။
မြေပြင်ပေါ်သို့ ရောက်ပြီးနောက် သူမ ပါးစပ်အဟောင်းသားဖြစ်ကာ သူမ နောက်ရှိ အမှောင်ထုကို စိုက်ကြည့်နေလိုက်သည်။ ဂလု ခနဲ သူမက တွံတေးအလိုလို မျိုချမိတော့၏။ သူမ အမှန်တကယ် ကြောက်လန့်နေပြီ ဖြစ်သည်။
သူမနောက်ရှိ အကန့်အသတ်မဲ့ အမှောင်ထုထဲတွင် မမြင်ရသော်ငြား ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်သော သားရဲတစ်ကောင် ရှိနေပုံရသည်။ အချိန်မရွေး သူမ တစ်ကိုယ်လုံးကို ဝါးမျိုသွားနိုင်၏။
အပိုင်း ၃၉ ပြီး၏။