Switch Mode

Chapter – 38

Resident Evil

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၈။ Resident Evil

ယဲ့ရှောင်က ဆုံးဖြတ်ချက် ပြတ်သားစွာ ငြင်းလိုက်လေ၏။ အလုပ်ချိန် ပြင်ပတွင် အလုပ်လုပ်ခြင်းကို တားမြစ်ထားသည်။ ယင်းက အေးအေးဆေးဆေး အပန်းဖြေမှု၏ အောက်ခြေစည်းပဲ ဖြစ်သည်။
” မြို့လယ်ခေါင်နားမှာ ပင်လယ်စာ ဘူဖေးဆိုင်အသစ်ဖွင့်တယ်။ မင်း ဗိုက်မပြည့်မချင်း စားလို့ရတယ်။ ငါ ဒကာခံမယ်”
” ငါ့ကို ဆယ်မိနစ်လောက်စောင့် ”
ယဲ့ရှောင်က တူချပြီး ထရပ်ကာ ထွက်သွားတော့၏။ အောက်ခြေစည်းကို လိုအပ်သော်ငြား သူက သိပ်ပြီးတောင့်ခံမထားနိုင်ပေ။ အစာအိမ်အတွက် လျှော့ချပေးရမည်။
” ဟမ် ”
” မစ္စတာ ယဲ့။ ခင်ဗျား နည်းနည်းပဲ စားရသေးတယ်။ ထပ်မစားတော့ဘူးလား ”
” မစားတော့ဘူး။ အလျင်လိုနေလို့ ”
ဆယ်မိနစ်အကြာတွင် ယဲ့ရှောင်က စာအုပ်သယ်လာပြီး မြို့စောင့်တပ်ဖွဲ့ဆီသို့ ရောက်သွား၏။
ကုဟိုင်က မြို့စောင့်တပ်ဖွဲ့၏ ယူနီဖောင်းကို ဝတ်ထားပြီ ဖြစ်သည်။
” ဒီဝတ်စုံနဲ့ မင်း ဒီလောက် ယောင်္ကျားဆန်လိမ့်မယ်လို့ မထင်ထားဘူး ”
” သေချာတာပေါ့ကွာ။ ငါ ဘယ်သူလဲဆိုတာ မင်းမသိဘူးလား”
” မနက်ဖြန်မှ အလုပ်စမှာ မဟုတ်ဘူးလား။ ဒီနေ့ မင်းရဲ့ ယူနီဖောင်း ဘာကြောင့် ဝတ်ထားတာလဲ”
” ရခါစလေ။ ငါ့ရဲ့ ယောက္ခထီး၊ ယောက္ခမက အားလုံး ဂရုစိုက်ပေးပြီး စာရွက်စာတမ်းတွင် ပြီးအောင် လုပ်ပေးခါစလေ။ မြို့စောင့်တပ်ဖွဲ့ ယူနီဖောင်းလည်း ပေးခဲ့သေးတယ်။ အား။ ဟုတ်သား စာအုပ်ယူလာခဲ့လား ”
“ယူလာတယ် ” ယဲ့ရှောင်က ကြယ်တာရာသားရဲများအကြောင်း စုဆောင်းထားသော အချက်အလက်များ အားလုံးကို ကုဟိုင်အား ပေးလိုက်တော့သည်။
” ကောင်းတယ်။ သွားကြမယ်။ စာအုပ်ပို့ဖို့ လိုက်ခဲ့ပေး။ ပြီးရင် မင်းကို တစ်နပ်ကျွေးမယ် ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် မြို့စောင့်တပ်ဖွဲ့ဆီသို့ ကုဟိုင်နောက်မှ လိုက်သွားတော့သည်။
” ငါတို့ နှစ်ယောက်လုံး ယောင်္ကျားတွေပဲ။ ငါ့ကို မင်း ဘာကြောင့် ထိတာလဲ ”
” ငါက စနောက်ရုံပါ ”
” ဘာ စနောက်တာလဲ။ ငါတို့ ဒီလောက် မရင်းနှီးဘူး”
မြို့စောင့်တပ်ဖွဲ့သည် ယခင်ကကဲ့သို့ ရှုပ်ထွေးနေဆဲဖြစ်သည်။ ထူးဆန်းသော ကိစ္စရပ်များက ဘယ်တော့မှ မရပ်မနား ပေါ်ပေါက်လာသည့်ပမာ အမြဲတစေ ဖြစ်ပွားနေလေ၏။
ယဲ့ရှောင်နှင့် ကုဟိုင်က မစ္စတာ လု ရှေ့သို့လျှောက်သွားသည်။
” အဖေ။ ဒါ အဖေ တောင်းထားတဲ့ အချက်အလက်တွေပါ ”
” ကောင်းပြီ ။ ဒီမှာထားခဲ့။ ယဲ့ရှောင်ရော ရောက်နေတာလား”
ယဲ့ရှောင်က ပြောလိုက်လေ၏။
” မင်္ဂလာပါ အန်ကယ်လု ” မစ္စတာ လုက ခေါင်းညိတ်ပြီးနောက် စီးကရက် ခဲထားတာကို ထုတ်ပြီးနောက် ပြာခြွေရန် ပြာခွက်ထဲ ထားလိုက်တော့သည်။ ကုဟိုင်က အနောက်မှ ငြိမ်သက်စွာ လိုက်လာပြီး တီးတိုးပြောလိုက်တော့၏။
” ဒါဆို အဖေ ဘာကိစ္စမှ မရှိရင် ကျွန်တော်တို့အရင် သွားနှင့်မယ် ”
” သွား သွား။ မနက်ဖြန်ကျ အလုပ်ကို အချိန်မီ လာဖို့ မမေ့နဲ့။ နောက်ကျရင် မင်းကို သေအောင်ကန်ပစ်မယ် ”
” စိတ်မပူပါနဲ့။ အဖေ့ကို သေချာပေါက် အရှက်မကွဲစေရပါဘူး”
“အိမ်ကို စောစောပြန်ဦး။ နောက်အကျကြီး မနေနဲ့။ ညဘက်တစ်ယောက်တည်း လမ်းလျှောက်တာ မလုံခြုံဘူး ”
” ကျွန်တော်သိပါတယ်။ ယဲ့ရှောင်နဲ့ ထမင်းသွားစားရုံပဲ ”
နှစ်ယောက်သားက မစ္စတာ လုကို နှုတ်ဆက်ပြီးနောက် ချက်ချင်း ထွက်လာတော့သည်။
ယဲ့ရှောင်၏ ဝိညာဥ်စွမ်းအင်က မြို့စောင့်တပ်ဖွဲ့တစ်ခုလုံးကို သိမ်းကျုံးသွားသော်ငြား မူမမှန်တာကို အာရုံမခံခဲ့မိရင် သူက မမေးဘဲ မနေနိုင်တော့ချေ။
” ကြယ်တာရာသားရဲ အချက်အလက်တွေကို ဘာ​အတွက်လိုချင်တာလဲ ”
ကုဟိုင်၏ အမူအရာက အတော်လေး တည်ကြည်သွား၏။
” လတ်တလောမှာ ငါတို့ ကျန်းဟိုင်မြို့ထဲ အချင်းချင်း ထိခိုက်အောင် လုပ်တဲ့ဖြစ်ရပ်တွေက များလာတယ်။ ဒါက နည်းနည်း ထူးဆန်းတယ်လေ။ သူတို့ကို ဖမ်းပြီး အပြင်ဘက်မှာ သီးခြားပိတ်ထားတာ”
” လူတွေ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်အောင် လုပ်တာက ကြယ်တာရာသားရဲနဲ့ ဘာသက်ဆိုင်လို့လဲ ”
” ပုံမှန်ဆိုရင်တော့ မဆိုင်ဘူးကွ။ ဒါပေမဲ့ ဒီအဖြစ်ပျက်က သူတို့နဲ့ တစ်နည်းနည်းနဲ့ သက်ဆိုင်နေတာ သေချာတယ်။ သူတို့ ကြားထဲမှာ တစ်ယောက်ယောက်က အကိုက်ခံရရင် အကိုက်ခံရတဲ့ သူက နောက်တစ်ယောက်ကို ကိုက်ဖို့ မကြာတော့ဘူး ”
” ဒီလို အခြေအနေက လူလုပ်တာလို့ ထင်လား ”
ယဲ့ရှောင်ကလည်း အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရ၏။ ဒါက Resident Evil အသံနဲ့ ဘာကြောင့် တူနေရတာလဲ။
သူသည် မြို့စောင့်တပ်ဖွဲ့၏ ခြံဝန်းထဲရှိ ပိတ်ထားသော အခန်းကို ဖြတ်သန်းသွားစဥ် ယဲ့ရှောင်က အထဲတွင် အဖမ်းခံထားရသော အကျဥ်းသားများကို စစ်ဆေးရန် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို အသုံးပြုခဲ့သည်။
အကျဥ်းသားအချို့က သူတို့ ပိတ်ခံရသော အခန်းအသီးသီး၌ သတိလစ်နေကြသည်။ သူတို့က စိတ်ငြိမ်ဆေးများ အထိုးခံထားရပုံ ပေါ်၏။ ထို့ကြောင့် သူတို့အားလုံး ခဏတာ နားနေကြတာ ဖြစ်သည်။ သို့သော် သူတို့ အနားယူနေလျှင်တောင်
ယဲ့ရှောင်၏ ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုက သူတို့ကို စစ်ဆေးနိုင်သေးသည်။
ထိုအကျဥ်းသားများ၏ ခန္ဓာကိုယ်ပေါ်တွင် မူမမှန်မှု မရှိပေ။ အလွန်ဆုံးမှာ ကုတ်ရာများ၊ ကိုက်ရာများသာ ရှိနေသေးတာ ဖြစ်သည်။
သို့သော် ယဲ့ရှောင်က သူတို့၏ စိတ်ဝိညာဥ်သည် ကူးစက်ခံထားရကြောင်း အလွယ်တကူ ရှာတွေ့သွား၏။ သူတို့အားလုံးက နီနေပြီး စိတ်ဓာတ်တက်ကြွလာတော့၏။
” ဒါက ”
” လောင်ယဲ့ ဘာဖြစ်လို့လဲ ”
” ဘာမှမဟုတ်ဘူး။ သူတို့ ဝိညာဥ်တွေကို ငါတို့ စစ်သင့်တယ်လို့ တွေးမိရုံပဲ။ ကြယ်တာရာသားရဲ စွယ်စုံကျမ်းထဲမှာ ကြယ်တာရာသားရဲတွေက ကိုယ်ပိုင်အဆိပ် သယ်ဆောင်လာတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုကို ငါ မှတ်မိသွားတာ။ အဲ့ဒါက လူတစ်ယောက်ရဲ့ ဝိညာဥ်ကို စိုးရိမ်ပူပန်စိတ်များစေတယ်။ ဒါ့အပြင် သူတို့ ချွေးနဲ့ တံတွေးကလည်း ကူးစက်နိုင်တယ်လေ ”
” တကယ်လား ” ။ ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ငါ သူတို့ကို အခုချက်ချင်း သွားပြောလိုက်မယ် ”
ကုဟိုင်သည် မြို့စောင့်တပ်ဖွဲ့ဆီသို့ စိတ်လှုပ်ရှားစွာ ပြန်သွားစဥ် ယဲ့ရှောင်ကမူ ခြံဝန်းထဲတွင် တစ်ယောက်တည်း တွေးနေလေ၏။
သူသည် ပြီးခဲ့သည့် အခေါက်က ကျားနတ်ဆိုးနဲ့ အဖြစ်အပျက်အကြောင်းကို သူတို့အား ပြောရန် နည်းလမ်း မရှိခဲ့ပေ။ ထိုနည်းဖြင့် ကျန်းဟိုင်မြို့ထဲ၌ သားရဲကပ်ဘေးအသေးလေး ဖြစ်ပေါ်စေခဲ့ပြီး ထိုကြောင့် ယခုအချိန်တွင် သူက အကြံတချို့ပေးရန် အခွင့်အရေးတစ်ခု ရှာတွေ့ခဲ့သည်။ မြို့စောင့်တပ်ဖွဲ့အနေဖြင့် ကြိုတင်သတိပြုနိုင်မှာပဲ ဖြစ်၏။
ဆိုရလျှင် သူက ကျန်းဟိုင်မြို့ထဲတွင် နေထိုင်လာခဲ့တာ အတော်ကြာပြီဖြစ်ကာ ဤနေရာအတွက် သံယောဇဥ်အချို့ ရှိနေပြီ ဖြစ်သည်။ ကုဟိုင်၊ ချင်ယွိယန်နှင့် ချင်ယွိယန်ကဲ့သို့ မိတ်ဆွေများစွာနှင့် လုပ်ဖော်ကိုင်ဖက်များလည်း ဤနေရာတွင် ရှိနေသည်။ နောက်ဆုံးအခေါက်ကကဲ့သို့ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်အပျက်ကို ရှောင်တိမ်းနိုင်ဖို့က အကောင်းဆုံး ဖြစ်သည်။
သို့သော် လတ်တလောဖြစ်ရပ်များ အားလုံးက ကြယ်တာရာသားရဲများနှင့် သက်ဆိုင်နေသည်က ယဲ့ရှောင်ကို အတော်လေး ဇဝေဇဝါဖြစ်စေ၏။ ဒီကိစ္စတွေအားလုံး သက်ဆိုင်နေတာလား။ အားလုံးကပဲ ဘုရင်အေးအ်ကို အသက်ပြန်သွင်းဖို့များလား။
ဒီလိုဆိုရင် ကိစ္စနောက်ကွယ်က ကြိုးကိုင်သူ မသိသေးရင် နောင်ကျ ဒီလိုကိစ္စတွေ အဆက်မပျက် ဖြစ်နေလောက်မှာပေါ့။ တကယ် စိတ်ပျက်စရာပဲ။
မကြာမီ၌ ကုဟိုင်က စိတ်လှုပ်ရှားစွာ ပြန်လာလေ၏။
” လောင်ယဲ့။ မင်းရဲ့ ဦးနှောက်က အံ့သြဖို့ ကောင်းလိုက်တာ။ ဝိညာဥ်စွမ်းအင် ကျင့်ကြံကြတဲ့ မြို့စောင့်တပ်ဖွဲ့ဝင်တွေက စစ်ဆေးလိုက်တော့ သူတို့ဝိညာဥ်မှာ ပြဿနာတစ်ရပ် ရှိတယ်ဆိုတာ သိလိုက်ရတယ်။ ဒီတစ်ခါ မင်း အကျိုးထူး ဆောင်ရွက်လိုက်တာပဲ ”
” ငါ ဒီတိုင်းပြောလိုက်ရုံပါပဲ။ နောက်မှ လုပ်လိုက်ရင် နောက်ကျရင်လည်း ငါတို့က နည်းနည်းပိုပြီး စောရှာတွေ့သွားရုံပါပဲ။ ဒီကိစ္စကို နောက်မှရှာတွေ့တာထက် မြန်မြန်ရှာတွေ့တာက အကောင်းဆုံးပေါ့”
” မင်းပြောတာကောင်းတယ်။ သွားကြမယ်။ ဒီနေ့ မင်းကို ဒကာခံမယ်။ မင်း ကြိုက်သလောက်စား ”
” ဘူဖေးဆိုတာ ကြိုက်သလောက် စားလို့ရတဲ့ နေရာမဟုတ်ဘူးလား ”
” မင်းပြောတာ မိုက်တယ်လို့ ပြောရုံပဲ လောင်ယဲ့။ အူး။ ငါ့စိတ်ခံစားချက်ကို မဖျက်ဆီးကွာ ”
တစ်နာရီခန့်ကြာပြီးနောက် …။
” ဘယ်လောက် ။ ဘယ်လောက်လို့ ပြောလိုက်တာ ထပ်ပြောပြနိုင်မလား ”
” ဒီည လူကြီးမင်းရဲ့ဘေက စုစုပေါင်း ယွမ် ၄၈၀၀ ပါ ”
ထိုစကားကို ကြားသောအခါ ကုဟိုင်က အံ့သြဆွံ့အ သွားလေ၏။
” ဒါက ပင်လယ်စာဘူဖေး စားသောက်ဆိုင် မဟုတ်ဘူးလား။ စျေးကြီးလိုက်တာ ”
စားပွဲထိုးက အလွန်ယဥ်ကျေးစွာ ပြုံးလိုက်လေ၏။
” တကယ်ပဲ ပင်လယ်စာ ဘူဖေးပါ။ ဒါပေမဲ့ ကန့်သတ်ထားတဲ့ ဟင်းလျာတချို့ ရှိတယ်။ ဥပမာအနေနဲ့ သြစတေးလျကျောက်ပုစွန်ပေါ့။ လူတစ်ယောက်ကို တစ်ကောင်ပဲ စားလို့ရတာ။ ပြီးရင် လူတစ်ယောက်ပိုလာရင် ထပ်တိုး ယွမ် ၂၅၀ ကျတယ်လေ ။ လူကြီးမင်းနဲ့ လူကြီးမင်းသူငယ်ချင်းက ဒီည တခြားဟာ ဘာမှမစားခဲ့ဘူး။ ကျောက်ပုစွန်တွေပဲ စားခဲ့တာ။ ဒါကြောင့် ယွမ် ၄၈၀၀ ကျတာပါ ”
ကုဟိုင်က စားပွဲကို ရိုက်ချလိုက်လေ၏။
” မင်းတို့က စားသုံးသူကို အနိုင်ကျင့်နေတာပဲ။ အရင်တုန်းက ဘာကြောင့် မပြောခဲ့တာလဲ ”
” ကျွန်မတို့တွေ ဒီလူကြီးမင်းကို ပြောခဲ့ပါတယ်။ သူသိတယ်လို့ ပြောတာပဲ။ သူ လူကြီးမင်းကို ပြောလိမ့်မယ်လို့ ကျွန်မတို့ ထင်ခဲ့တာ ”
“ဘာ ”
သူက ယဲ့ရှောင်ဘက်ကို လှည့်ကြည့်လိုက်၏။ ယဲ့ရှောင်က သွားကြားထိုးတံကို ကိုင်လျက် စိတ်မပါလက်မပါ ပြောလိုက်တော့သည်။
” ဒီမှာ လာစားဖို့ မင်း ငါ့ကို ဖိတ်တာလေ။ ဒီက စည်းမျဥ်းတွေကို မင်းသိမယ်လို့ ငါထင်လိုက်တာပေါ့ ”
ကုဟိုင်၏ မျက်နှာက ရှုံ့မဲ့သွားတော့သည်။
တမင်တကာ လုပ်တာပဲ။ သေချာပေါက် တမင်တကာ လုပ်တာ။
ယဲ့ရှောင်က ပင်လယ်စာ စားသောက်ဆိုင်တစ်ခုလုံးကို စီစစ်ပြီး သြစတေးလျကျောက်ပုစွန်က စျေးအကြီးဆုံးဆိုတာ သိခဲ့ရသည်။ ထိုအရာကို စားခြင်းက ကုန်ကျမှု အများဆုံး ဖြစ်၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် ကျောက်ပုစွန်သာ စားပြီး ကျန်သည့်အရာများကို မစားခဲ့ပေ။ ဟွမ်လျိုလီကိုတောင် နှစ်ကောင်ကျွေးခဲ့၏။
“လောင်ယဲ့။ မင်း တကယ်ကောက်ကျစ်ဖို့ သင်ယူလာပြီပဲ။ ချစ်သူတစ်ယောက် ရှာနိုင်ဖို့ ဘယ်တော့မှမတန်ဘူး။ တစ်ဘဝလုံး တစ်ကိုယ်တည်းနေလိုက်တော့။ ငါ့ကို သိပ်ကို ဒုက္ခပေးလွန်းတယ် ”
ယဲ့ရှောင်က ပခုံးတွန့်လိုက်၏။
” ငါ ဘယ်လောက်စားစား၊ မင်း ဒကာခံမယ်လို့ ပြောခဲ့တာပဲလေ ”
” မင်း နိုင်တယ်ကွာ ”
အပိုင်း ၃၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset