စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၆။ ကြယ်စုံသော ကောင်းကင်အောက် ဒဏ္ဍာရီ။
ထူးဆန်းလိုက်တာ ဘာဖြစ်သွားတာလဲ။ အင်မတန် ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခုရဲ့ ပစ်မှတ်ထားခံရသလိုမျိုး ဘာကြောင့် ခံစားလိုက်မိတာလဲ။
နဥ်ယွိဟန်က နှာဖူးပေါ်ရှိ ချွေးစီးများကို သုတ်ပြီး ခေါင်း ချက်ချင်း ခါလိုက်တော့သည်။ သူက စာအုပ်များကို ပြန်ရေတွက်လိုက်စဥ် ယဲ့ရှောင်ကမူ မျက်ခုံးအနည်းငယ်ပင့်လျက် စတင်တွေးတောတော့၏။
” ဘုရင်အေးအ်ရဲ့မြေပုံ အဲ့ဒါဘာလဲ ”
စာကြည့်တိုက်ထဲတွင် နေလာတာ အတော်ကြာပြီဖြစ်သော်ငြား ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှ မကြားဖူးပေ။
သို့သော် ယင်းက အရေးကြီးသည့်အရာ မဟုတ်လျှင် ထိုမိစ္ဆာဝိညာဥ်က ဤနေရာသို့ ရောက်လာမှာမဟုတ်။ ထို့အပြင် အစောပိုင်းက သူမြင်ထားပုံအရ ဘုရင်အေးအ်၏ မြေပုံသည် စာကြည့်တိုက်၏ အထက်အဆင့်တွင် ရှိသည်။
ထိုနေရာက အလွန်အရေးကြီးသည့် စာရွက်စာတမ်းများ၊ ဖိုင်များ၊ ဝိညာဥ်ရေးရာကျင့်စဥ်များ သိမ်းဆည်းထားသည့် နေရာဖြစ်သည်။ ထိုအကြောင်းကြောင့် ယဲ့ရှောင်အား ဘုရင်အေးအ်၏ မြေပုံကို စိတ်ဝင်စားမှု ဖြစ်သွားစေတော့၏။ အခွင့်ရှိလျှင် သူ စစ်ဆေးရမည့်ပုံပေါ်သည်။
တစ်ချိန်တည်းတွင် ကျန်းဟိုင်မြို့ထောင့်ရှိ ဝေးလံသော နေရာ၌ အိမ်ထဲတွင် အနက်ရောင်ဝတ်ရုံဖြင့် ပုံရိပ်တစ်ခုက ရုတ်တရက် ထရပ်လိုက်သည်။
သူ့ ဘေးတွင် တင်ပလ္လင်ခွေထိုင်နေသော အစေခံက ကြည့်ပြီး ဇဝေဇဝါ မေးလိုက်မိတော့၏။
” ဆရာ။ ဘာများဖြစ်လို့လဲ ”
” ထီရန်ဟူရဲ့ ဝိညာဥ်ခန္ဓာ ဖျက်ဆီးခံလိုက်ရပြီ”
” ဘာ”
အစေခံက ချက်ချင်းပင် ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားတော့၏။
” ထီရန်ဟူရဲ့ ဝိညာဥ်ခန္ဓာ ကျင့်ကြံမှုက အထိတ်အထိပ်ကို ရောက်နေပြီးပြီ။ သူက ရှန်းထျန်းနယ်ပယ်ထဲ ဝင်နိုင်ဖို့ နည်းနည်းပဲလိုတော့တာ။ ပြီးတော့ ချီရှန်းဝိညာဥ်ခန္ဓာ ဖြစ်လာတော့မှာလေ ”
” စာကြည့်တိုက်ထဲမှာ မဟာချီရှန်းသိုင်းပညာရှင်တစ်ယောက် ရှိမနေရင် ချီရှန်းအဆင့်အထက် ဝိညာဥ်ကျင့်ကြံသူတစ်ယောက် ရှိမနေခဲ့ရင် သူ့ကို ဖျက်ဆီးဖို့ဆိုတာ ဖြစ်နိုင်မှာ မဟုတ်ဘူး ”
” ကြည့်ရတာ ပြီးခဲ့တဲ့အခေါက်က ငါ့ အစီအစဥ်ကို ဖျက်ဆီးပြီး ကြယ်တာရာသန္ဓေပြောင်း ချီရှန်းကြယ်တာရာသားရဲကို တစ်ချက်တည်းနဲ့ သတ်ခဲ့တဲ့ သူပဲ ဖြစ်မယ် ”
” နောက်ဆုံးတစ်ခေါက် သူ တိုက်ခိုက်မှုကလည်း စာကြည့်တိုက်နားမှာပဲ။ စာကြည့်တိုက်ထဲက တစ်ယောက်ယောက် ဖြစ်နိုင်မလား ”
” အခုတော့ မသိသေးဘူး။ ဒါပေမဲ့ ၈၀ရာခိုင်နှုန်း သေချာတယ်။ သူသာ တကယ်စာကြည့်တိုက်ကို စောင့်ကြပ်နေတယ်ဆိုရင် မြေပုံကို မရနိုင်တော့ဘူး။ ကြည့်ရတာ နောက်ဆုံးအစီအစဥ်ကို စောင့်နေရတော့မဲ့ပုံပဲ ”
°°°°°
ယဲ့ရှောင်ဘက်တွင် တစ်နာရီကျော် ဖတ်ရှုပြီးနောက် ကုဟိုင်သည် နောက်ဆုံး၌ ရောက်လာတော့၏။
ထိုလူသည် အိမ်ထောင်ပြုပြီးခါစကြောင့် လုပ်စရာ ကိစ္စများစွာ ရှိသည်။ သူ ရောက်လာချိန်၌ အတော်လေး လှုပ်ရှားတက်ကြွနေပုံရ၏။
” လောင်ယဲ့။ ငါ နှုတ်ထွက်ဖို့အတွက် လောင်ယန်တို့ဘက်ဆီ သွားပြီးပြီ။ မင်း ရာထူးတက်သွားပြီ။ ပွသွားတယ်လို့ သူပြောတာ ကြားမိတယ် ”
” ငါ့ လစာက နည်းနည်းတက်သွားတယ်ဆိုပေမဲ့ တစ်လကို နှစ်ရက် အလုပ်ပိုလုပ်ရမယ်။ ငါ ပိတ်ရက်မှာ အချိန်ပိုဆင်းရမှာပါ။ တွက်လိုက်ရင် လစာက တကယ်တော့ အများကြီး တက်မသွားဘူးလေ”
” စဥ်းစားကြည့်။ ခြင်တစ်ကောင်က ဘယ်လောက်ပဲသေးသေး အသားဖြစ်နေတုန်းပဲလေ။ ဒါကို ပြောတော့မှ မင်း ချင်ယွိယန်ကို မနေ့တုန်းက ပြန်ပို့တဲ့အချိန် ဘာဖြစ်ခဲ့သေးလဲ”
“ဘာဖြစ်ရမှာလဲ ”
” ဘဝရဲ့ ဒဿနတွေကို ဆွေးနွေးဖို့ပေါ့။ တစ်ချိန်တည်းမှာပဲ မင်းရဲ့ ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ပြီး ငါတို့ တိုင်းပြည်ရဲ့ လူဦးရေတိုးတက်ဖို့ အရေးကိစ္စကို မျှဝေပေးရမှာပေါ့
“မင်း အတွေးလွန်နေပြီ”
” လောင်ယဲ့။ မင်း ဒါမျိုးလုပ်လို့မရဘူး။ မင်း ရပ်မှ ရမယ်။ ဒါက ဘုရားသခင်ရဲ့ လက်ဆောင်ကို ဖြုန်းတီးနေတာပဲ ”
ယဲ့ရှောင်က ကုဟိုင်ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်လေ၏။
” မင်း ဒီလိုအရာအပြင် တခြားကိစ္စတွေ မတွေးနိုင်ဘူးလား ”
ကုဟိုင်၏ မျက်နှာက ခန့်ထည်သွားတော့သည်။
” လောင်ယဲ့ မင်းက လူကောင်းတစ်ယောက်ရဲ့ ကြင်နာမှုကို ဘယ်လိုအသိအမှတ် ပြုရမလဲဆိုတာ မသိတဲ့သူပဲ။ ငါတို့သာ မိတ်ဆွေကောင်းတွေ မဟုတ်ရင် ဒီလို ကောင်းတဲ့အရာကို ငါက သတိပေးမှာတဲ့လား ”
” ချင်ယွိယန်က အဆင့်အတန်းမြင့်မားပြီး အသားဖြူဖွေး ချမ်းသာတဲ့ မိန်းမလှတစ်ယောက်ပဲ။ သိုင်းပညာရှင်လည်း ဟုတ်တယ်။ ဒါ့အပြင် သူမက သန့်ရှင်းတဲ့ အခြေအနေကို ထိန်းသိမ်းထားပြီး ငယ်ငယ်တည်းက ချစ်သူတစ်ယောက်မှ မရှိခဲ့ဖူးဘူး။ မင်းသာ သူနဲ့ လက်ထပ်ခဲ့မယ်ဆိုရင် နေ့စဥ်နေ့တိုင်း ပျော်ရွှင်မှုနဲ့ နှိုးထလာရမှာ။ မင်း ဘယ်နနှစ်လောက် ကြိုးစားအားထုတ်ရမလဲ။ မင်း လက်ကျန်ဘဝမှာ စားစရာ၊ နေစရာ စိုးရိမ်ပူပန်စရာ မလိုတော့ဘူး။ မင်းကို ဂရုစိုက်မဲ့ တစ်စုံတစ်ယောက် ရှိနေသေးတာပဲ။ မင်းဘဝက သိပ်လှပနေလိမ့်မယ် ”
” မင်း တန်ဖိုးမထားဘဲ မနေနဲ့။ ဒီလို ကောင်းမွန်တဲ့ မင်္ဂလာပွဲကို လက်မလွှတ်နဲ့လေ ”
” ကောင်းပြီ။ ဒီလောက် မစိုးရိမ်နေနဲ့။ လက်ထပ်ပြီးတဲ့ နောက်နေ့က ဆူညံပူညံ လုပ်တတ်တဲ့ မိန်းကလေးတစ်ယောက်လို ဖြစ်လာတာပဲ။ မြို့စောင့်တပ်ဖွဲ့ထဲ ဝင်ဖို့ကရော။ မင်း ဘယ်နှမှတ်ရပြီလဲ ”
” ငါတို့တွေ ရလဒ်အကြောင်း မပြောရင် ငါတို့တွေက သူငယ်ချင်းကောင်း ဖြစ်နေဦးမှာပဲ ”
” မင်း မအောင်မြင်ဘူးလား ”
ကုဟိုင်က ခေါင်းညိတ်လိုက်၏။
” ငါ့ရဲ့ ကျင့်စဥ်က အတော်နိမ့်တယ်။ မိဘတွေကလည်း ငါ့ကို ရှေ့တန်းမသွားစေချင်ဘူး။ ဒါကြောင့် အချိန်အတော် ဖြုန်းခဲ့တာပဲ။ ဒါပေမဲ့ ငါ့ယောက္ခထီးက စီမံစရာရှိတာ တချို့အတွက် ပိုက်ဆံသုံးပြီသား။ သူက မြို့စောင့်တပ်ဖွဲ့မှာ လုပ်သက်ရင့်တဲ့သူ တစ်ယောက်ပဲလေ။ ဒီတော့ အထက်အရာရှိတွေက သူ့ကို မျက်နှာသာပေးသေးတယ်။ ဒီနေ့ည ဖြေရှင်းပြီး မနက်ဖြန်ကျ အလုပ်သွားရမယ် ”
” ကောင်းတာပေါ့ ။ မြို့စောင့်တပ်ဖွဲ့ထဲ ဝင်ပြီးရင် စာကြည့်တိုက်မှာလိုပဲ နေမနေနဲ့။ မြို့စောင့်တပ်ဖွဲ့က ပြစ်မှုကျူးလွန်တဲ့ သိုင်းပညာတွေကို ဖြေရှင်းပေးရမှာ။ ပြီးတော့ သူတို့တွေက ကြယ်တာရာသားရဲနဲ့ မိစ္ဆာဝိညာဥ်တွေကိုလည်း သတိထားရဦးမယ်။ အမြဲတမ်း ဂရုစိုက်တာ ကောင်းမယ် ”
” နားလည်တယ်။ ငါ အရင်သွားဦးမယ်ကွာ။ အချိန်ရှိရင် တွေ့ကြတာပေါ့ ”
” လမ်းမှာ ဂရုစိုက် ”
မနက်ခင်း၌ ကိစ္စရပ်များစွာ ဖြစ်လာတော့သည်။ ယဲ့ရှောင်က စာအုပ်အနည်းငယ်သာ ဖတ်နိုင်ခဲ့၏ ။ ထို့ကြောင့် သူက အခြေခံကျင့်စဥ်တစ်ခု မရှာနိုင်ခဲ့ပေ။ သို့သော် နေ့လယ်စာစားရန် စားသောက်ဆိုင်သို့ သွားသည့်အချိန်တွင် သူ၏ ကျင့်စဥ်က အလိုလို တိုးတက်နေပြန်ပြီဖြစ်သည်။ ယင်းက သူ့ကို စိတ်ခံစားချက် အတော်ကောင်းစေ၏။
ကုဟိုင် လက်မထပ်ခင်က သူက ရှန်းထျန်းဒုတိယအဆင့်သို့ ရောက်ခဲ့ပြီး ဖြစ်သည်။ တစ်လအတွင်း သူထပ်ပြီး အဆင့်တက်သွားပြန်သည်။ အခုဆို သူက ရှန်းထျန်းတတိယအဆင့်သို့ ရောက်ပြီး
ချီရှန်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
သူ အဆင့် ထပ်တက်သွားခဲ့လျှင် သူ၏ ကျင့်ကြံဆင့်က မဟာချီရှန်းနယ်ပယ်သို့ အောင်မြင်စွာ ခြေချနိုင်မှာပဲ ဖြစ်သည်။ မဟာချီရှန်းအဆင့်သို့ ရောက်ရှိပြီးနောက်လူတစ်ယောက်၏ စိတ်စွမ်းအားတို့က ကြီးကြီးမားမား တိုးတက်မှုလည်း ရရှိမှာပဲ ဖြစ်သည်။
တိုက်ခိုက်သည့်အချိန်တွင် ဝိညာဥ်စွမ်းအင်တိုက်ခိုက်ရန် ဝိညာဥ်စွမ်းအင် အနည်းငယ် ထည့်ပေါင်းပေးမှာပဲ ဖြစ်သည်။ ယင်းက ချီရှန်းနှင့် မဟာချီရှန်းတစ်ဦးကြား ကွာဟချက်များထဲမှ တစ်ခုလည်း ဖြစ်၏။
ဝိညာဥ်စွမ်းအင်ပမာဏ ကွာခြားချက် ကြီးမားရုံသာမက အသုံးပြုမှုကလည်း ပြောင်းလဲသွားသည်။
လတ်တလော၌ သူသည် ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကဲ့သို့ ထိပ်တန်းအဆင့် ဝိညာဥ်ရေးရာကျင့်စဥ်တစ်မျိုးကို ကျင့်ကြံနေသောကြောင့် ထိုအရာကို ယဲ့ရှောင် သိပ်စိတ်မဝင်စားပေ။ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ကျင့်စဥ်များသည် အလွန်အရည်အသွေး မြင့်မားအောင် ပေါင်းစပ်ဖွဲ့စည်းပြီးသား ဖြစ်သည်။ ဝိညာဥ်ကျင့်စဥ်တစ်ခုတည်းဖြင့် သူသည် နယ်ပယ်ကျော်ဖြတ်ပြီး တိုက်ခိုက်နိုင်လောက်၏။
ချီရှန်းသိုင်းပညာရှင်တစ်ဦး၏ ဝိညာဥ်စွမ်းအင် ဖြစ်နေလျှင်တောင် သူ ခွင့်ပြုမှာ မဟုတ်ပေ။
မဟာချီရှန်းအဆင့်သို့ ရောက်ရှိပြီးနောက် သူ ဂရုစိုက်မည့်အရာက လူတစ်ယောက်သည် ဆွဲငင်အား၏ ချုပ်နှောင်မှုများမှ လွတ်မြောက်နိုင်ပြီး ဝိညာဥ်စွမ်းအင်ပေါ် တက်လှမ်းကာ ကောင်းကင်ပေါ် ပျံတက်နိုင်သည့်အရာပဲ ဖြစ်သည်။
သူ ပျံသန်းနိုင်ပေမည်။ ယင်းက လူသားအားလုံး ဆန္ဒရှိသည့် အရာဖြစ်၏။ ဤလောကကြီး၏ အဟန့်အတားမှ အပြည့်အဝလွတ်မြောက်ပြီး မမှန်းဆနိုင်သော အဆင့်ကို ရောက်ရှိနိုင်မည်။
နေ့လယ်စာစားပြီးနောက် သူက စာကြည့်တိုက်သို့ ပြန်သွားလိုက်သည်။ သို့သော် သူက စာအုပ်မဖတ်ခဲ့ပေ။ ထိုအစား စာကြည့်တိုက်၏ ရှာဖွေရေး အေးဂျင့်ကို အသုံးပြုလျက် ဘုရင်အေးအ်အကြောင်း ရှာဖွေခဲ့သည်။
ပြီးခဲ့သည့်အခေါက်က မြို့စောင့်တပ်ဖွဲ့ထဲသို့ ဝင်သွားခဲ့သော ကျားနတ်ဆိုးကို သတိမပြုခဲ့မိသောကြောင့် ကြယ်တာရာသားရဲကပ်ဘေးအသေးစား ပေါ်လာခဲ့ပြီး သူတို့ကို အန္တရာယ်အလွန် များစေခဲ့သည်။
ယခုအချိန်၌ ပိုတောင်အစွမ်းထက်သော မိစ္ဆာဝိညာဥ်ရောက်လာ၏။ ထိုအရာက ပြီးခဲ့သည့်အခေါက်က ကျားနတ်ဆိုးပြုလုပ်ခဲ့သည်ထက် ပိုအရေးပါသည့်အရာ ဖြစ်မှာသေချာသည်။
ကွန်ပြူတာစနစ်က ရှာဖွေနေပြီး မြန်မြန်ဆန်ဆန်ပင် ရွှေရောင်စာအုပ်တစ်အုပ်ကို ရှာတွေ့သွား၏။ ယင်းက သိပ်မဟောင်းသေးပေ။ လွန်ခဲ့သည့်အနှစ် ၁၄၀ ကျော်ခန့်က စာအုပ်ဖြစ်ပြီး ကြယ်စုံသော ကောင်းကင်အောက်ရှိ ဒဏ္ဍာရီဟုခေါ်သော စာအုပ်တစ်အုပ်ဖြစ်၏။ ရေးသားသူကို မဖော်ပြထားပေ။ ထို့ကြောင့် ထူးခြားသည့် အကြောင်းပြချက် ရှိရပေမည်။ သို့သော် ဘုရင်အေးအ်နဲ့ သက်ဆိုင်သည့် မှတ်တမ်းအချို့လည်း ပါဝင်သည်။
ယဲ့ရှောင်က ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်၏။ သူသည် ဆက်စပ်ပတ်သတ်မှု အာရုံခံတစ်မျိုးရှိနေသေးသည့် ပုံရိပ်ယောင်ကို မြင်လိုက်သည်။ ယင်းက ကြယ်တာရာသားရဲ ကျူးကျော်မှုကို ခုခံနေကြသော သိုင်းပညာရှင်တစ်စု ဖြစ်၏။ အလွန်ဝမ်းနည်းကြေကွဲဖွယ် ကောင်းသည်။
ဒုတိယစာမျက်နှာတွင်မူ အဓိက အကြောင်းအရာ ပါဝင်၏။
“နွေဦးရောက်ချိန်တွင် အပင်များ ပြန်လည်ရှင်သန်လာပြီး ပြန်လည်မွေးဖွားမည့် နွေဦးအချိန်အခါဖြစ်သည် ”
အပိုင်း ၃၆ ပြီး၏။