စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၅။ ကျားနတ်ဆိုး၏ ဝိညာဥ်။
” မင်းတို့ တာဝန်ယူပြီးရင် မင်းတို့လစာက တစ်လကို ယွမ် ၅၀၀၀ထောင် ဖြစ်လာမယ်။ တစ်လမှာ ၂ရက် ပို အလုပ်လုပ်ရလိမ့်မယ်။ တတိယအလွှာက အရင်မန်နေဂျာနှင့် မန်နေဂျာအသစ် သုံးယောက်အပါအဝင် စုစုပေါင်း မန်နေဂျာ လေးယောက် ရှိလာလိမ့်မယ်။ မင်းတို့ လေးယောက်က ပိတ်ရက်မှာ အလှည့်ကျ တာဝန်ယူရမယ် ”
ရာထူးခန့်အပ်ခြင်း ဌာနခေါင်းဆောင် ရှန်းယွီက သူတို့အတွက် အလုပ်များ စီမံပေးသည်။
အလုပ်သစ်အတွက် ခွင့်ပြုချက်ရရှိပြီးနောက် လူတိုင်းသည် သူတို့ ရာထူးနေရာ အသီးသီးဆီသို့ ပြန်သွားရန် အသင့်ပြင်နေကြသော်ငြား ယန်ကျန့်ယီက ယဲ့ရှောင်ကို တားလိုက်လေ၏။
” ယဲ့ရှောင်။ ခဏလေး”
ယဲ့ရှောင်က ရပ်တန့်သွားပြီး မစ္စဝမ်နှင့် ကျန်သည့်သူများက ထွက်သွားနှင့်ပြီ ဖြစ်သည်။
ကြီးကြပ်ရေးမှူးယန်က ပြုံးပြီး ပြောလိုက်တော့၏။
” ယဲ့ရှောင်။ ပြီးခဲ့တဲ့အခေါက်တုန်းက မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံး ရွှေ့ပြောင်းခံလိုက်ရပြီး နှစ်ဧရိယာ၂ခုလုံးကို မင်း စီမံခန့်ခွဲဖို့အတွက် ခံစားရစေမိခဲ့တယ်။ ဒီတစ်ခေါက် လူသစ်တွေ ရောက်လာတဲ့အချိန် အင်အားနည်းနည်းလျော့စေဖို့ လုပ်ပေးတာပဲ ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” ကျေးဇူးပါ ဆရာ ”
” ရတယ်။ မင်းက ငါတို့ စာကြည့်တိုက်မှာ အတော်ဆုံးပဲ။ မင်းရဲ့ဧရိယာက အရှင်းလင်းဆုံးနဲ့ စာအုပ်တွေကလည်း စီမံထားတာ အကောင်းဆုံးပဲ။ အလုပ်ဆက်ကြိုးစား။ မင်းအတွက် မျှော်လင့်ချက်ကြီးကြီး ထားတယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီးနောက် ရာထူးခန့်အပ်ရေးဌာနမှ ထွက်လာလိုက်သည်။ ဧရိယာသို့ ရောက်သည့်အချိန်တွင် ခုံပေါ်၌ ဂျင်းဘောင်းဘီ ဝတ်ပြီး ထိုင်နေသော ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုလူက ယဲ့ရှောင် ရောက်လာတာကို သတိပြုမိသည့်အချိန်၌ ချက်ချင်း ထရပ်လိုက်တော့သည်။
” ခင်ဗျားက မင်္ဂလာပါ မစ္စတာယဲ့။ ကျွန်တော် ကျွန်တော်က နဥ်ယွိဟန် မန်နေဂျာအသစ်ပါ။ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး”
ယဲ့ရှောင်က တစ်ချက်သာ ပြန်တုံ့ပြန်လိုက်၏။
” ထိုင်လေ။ ဘာမှစိတ်ပူနေဖို့ မလိုဘူး”
” အား။ ဟုတ်ကဲ့ ”
နဥ်ယွိဟန်က ခုံတွင် ပြန်ထိုင်လိုက်၏။ သူ၏ အသားရေက အလွန်နူးညံ့နေကာ မိန်ကလေးများစွာထက်တောင် ပိုနူးညံ့နေလေ၏။ သူ အနည်းငယ် ရှက်နေခြင်းကြောင့်လား မသိ။ မျက်နှာက ပန်းနုရောင် သမ်းနေလေသည်။
ယဲ့ရှောင်က တစ်ချက်ကြည့်ပြီး ဆက်မကြည့်တော့ချေ။ သို့သော် ယဲ့ရှောင်၏ ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုက သူ့ကို ၃၆၀° မြင်တွေ့ခွင့်ပေးထားပြီးဖြစ်၏။ ထိုကလေးက အမှန်တကယ်၌ ဟို့ထျန်း ပဥ္စမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ့ အရိုး သက်တမ်းအရ သူသည် အသက် ၁၈နှစ် အရွယ်ဝန်းကျင်ရှိလောက်သည်။
ထိုကျင့်ကြံမှုဖြင့် ဟို့ထျန်း ပဥ္စအဆင့်သို့ တက်နိုင်သည်က သာမန်မဟုတ်ပေ။ သဘာဝအတိုင်း မွေးဖွားလာသော ပါရမီရှင်တစ်ဦး ဖြစ်သည်။
ထိုကဲ့သို့ ပါရမီရှင်မျိုးက အကယ်ဒမီထဲတွင် ဆက်လက် ပျိုးထောင်မခံ သို့မဟုတ် ရှေ့တန်းသို့ မသွားခဲ့ပေ။ ထိုအစား သူက ကြီးကြပ်ရေးမှူးလေးအဖြစ် ဤစာကြည့်တိုက်သို့ အမှန်တကယ် ရောက်လာသည်။
စိတ်ဝင်စားစရာပဲ။
သူက အနည်းငယ် ချောင်းဟန့်ပြီးနောက် ထူးမခြားနား ပြောလိုက်လေ၏။
” ကြီးကြပ်သူတစ်ယောက်ရဲ့ တာဝန်က သိပ်ကို ရိုးရှင်းတယ်။ နေ့တိုင်း မင်းက အလုပ်ကို အချိန်မှီရောက် အချိန်မှန် ပြန်ဖို့ပဲ။ မင်းရဲ့ တာဝန်က စာအုပ်တွေကို စနစ်တကျ စီတန်းဖို့နဲ့ ယိုယွင်းတဲ့ စာအုပ်တွေကို အချိန်မီ သတင်းပို့ပေးဖို့ပဲ။ မွန်းတည့်ချိန် မင်းအလုပ်ကနေ မထွက်သွားခင် နေရာကိုလည်း ရှင်းလင်းဖို့လိုတယ်။ ကျန်တဲ့အချိန်ကြရင် မင်းစာဖတ်ပြီး မင်းကြိုက်တာလုပ်နေလို့တယ် ”
” ဒါပေမဲ့ ဘာဆူညံသံမှ မလုပ်နဲ့ ။ စာကြည့်တိုက်ဆိုတာ တိတ်ဆိတ်နေဖို့ လိုတယ်”
” ဟုတ်ကဲ့ပါ ”
” မင်းက ဒီနေ့မှ ရောက်ခါစပဲ။ စာအုပ်စာရင်းကို ကြည့်ပြီး စာအုပ်တွေ ဘယ်မှာထားလဲဆိုတာ ကြည့်ထားလိုက်။ စာအုပ်တွေနဲ့ ရင်းနှီးအောင်လုပ်။ ဒါမှ တစ်ယောက်ယောက်က စာအုပ်လာငှားတဲ့အချိန်ကြရင် ဘယ်နေရာမှာလဲဆိုတာ သိမှာ ”
” ဟုတ်ကဲ့”
နဥ်ယွိဟန်သည် ပြန်ဖြေပြီးနောက် စာအုပ်များ သိမ်းဆည်းထားမှုကို ချက်ချင်း စကြည့်လိုက်တော့၏။ ယဲ့ရှောင်က ထိုင်ပြီး စာ ဆက်ဖတ်နေသည်။ ယခင်က သူသည် ဧရိယာနှစ်ခုကိုသာ စီမံခဲ့ရ၏။ ထိုဧရိယာများက သူ့အတွက်နှင့် အလုပ်မှထွက်သွားသော လုပ်ဖော်ကိုင်ဖက်များတာဝန်ယူထားရသည့် နေရာဖြစ်သည်။
မန်နေဂျာတစ်ဦး ဖြစ်လာပြီးနောက် ယဲ့ရှောင်သည် နောက်ထပ်ဧရိယာနှစ်ခု တိုးလာပြီး သို့မဟုတ် ဧရိယာ လေးခုကျော်ကို ပိုမိုဖတ်ရှုနိုင်တော့မည်။ ယင်းက လစာတိုးခြင်းထက် ယဲ့ရှောင်ကို ပိုပျော်ရွှင်စေ၏။
ရွှေရောင်စာအုပ်ထဲတွင် ပြီးပြည့်စုံမှု မရှိသေးသော ကျင့်စဥ်များစွာ ရှိသေးသည်။
ကိုယ်ဖော့သိုင်း၊ ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်း၊ ရိုက်ချက်သိုင်း၊လက်ဝါးသိုင်း၊ သွန်းလုပ်ခြင်းကျင့်စဥ်၊ ကြယ်တာရာအစီအရင်၊ အဂ္ဂရိတ် မရေမတွက်နိုင်အောင် များပြားသည်။ သူက အများအပြားသင်ယူပြီး ကျင့်ကြံရန် လိုအပ်၏။
မိနစ်အနည်းငယ်ခန့် ဖတ်ရှုပြီးနောက် ယဲ့ရှောင်က မျက်ခုံးအနည်းငယ် ပင့်လိုက်လေ၏။ သူ၏ သိမြင်ခြင်း အကျယ်အဝန်းထဲသို့ ထူးဆန်းသည့်အရာတစ်ခု ဝင်ရောက်လာသည်။ ယင်းက ဝိညာဥ်ခန္ဓာဖြစ်၏။ သူ ယခင်က သတ်ဖြတ်ခဲ့သော မိစ္ဆာဝိညာဥ် ကဲ့သို့ပင်။ ယင်းက သေလွန်ပြီးသော လူတစ်ဦး၏ ဝိညာဥ်ဖြစ်သည်။ သို့သော် ထိုဝိညာဥ်ခန္ဓာ၏ အရှိန်အဝါကမူ သိပ်မဟုတ်ပေ။ ယင်းက ကြယ်တာရာသားရဲတစ်ကောင်၏ အရှိန်အဝါနှင့် ဆင်တူပေ၏။ ဒါက ကျားနတ်ဆိုးတစ်ကောင်ရဲ့ ဝိညာဥ်ခန္ဓာများလား။
ဝိညာဥ်ခန္ဓာဖြင့် တစ်စုံတစ်ဦးက ဝင်ရောက်သွားခဲ့လျှင် ချီရှန်းသိုင်းပညာရှင်နှင့် ဝိညာဥ်ရေးရာကျင့်စဥ်ကို ကျင်ကြံထားကြသော ပယောဂဆရာများမှလွှဲပြီး ကျန်သည့်သူများက ၄င်း၏ တည်ရှိမှုကို ရှာတွေ့ရန် အလွန်ခက်ခဲနေမှာပဲဖြစ်သည်။
အမှန်တကယ်တွင် ထိုကျားနတ်ဆိုး၏ အဆင့်က အလွန်မြင့်၏။ ဝိညာဥ်ရေးရာကျင့်စဥ်ကို ကျင့်ကြံထားသော ပယောဂဆရာတစ်ဦးတောင် သူတို့၏ ကျင့်စဥ်က လုံလောက်အောင် မမြင့်မားလျှင် ထိုကျားနတ်ဆိုးကို အလွယ်တကူ ရှာတွေ့မှာ မဟုတ်ပေ။ ကံဆိုးသည်မှာ ကျန်သည့်သူများ၏ အမြင်အာရုံမှ လွတ်မြောက်နိုင်သော်ငြား ယဲ့ရှောင်ထံမှ မလွတ်မြောက်နိုင်ပေ။
ဝိညာဥ်ရေးရာကျင့်စဥ်များကို ခုနှစ်စင်ကြယ် ခမ်းနားသော ဆန်းကြယ်မှုအဖြစ် ပြောင်းလဲပြီးနောက် ယဲ့ရှောင်သည် ဝိညာဥ်စွမ်းအင်နှင့် အရှိန်အဝါအာရုံခံမှု နှစ်ဆ တိုးလာသည်ဟု ဆိုနိုင်ပေ၏။ ထို့အပြင် ယင်းက ထိပ်တန်းသိမြင်နားလည်ခြင်းကျင့်စဥ်အမျိုးအစားဖြစ်၏။
သူတို့တွင် အဆင့်တူ သို့မဟုတ် ပိုမြင့်နေခဲ့လျှင်တောင် သူ၏ သိမြင်နားလည်မှုနှင့် ယှဥ်နိုင်ရန်မဖြစ်နိုင်ပေ။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ထိုဝိညာဥ်ခန္ဓာက ဤနေရာတွင် မရှိသင့်ပေ။ သူက သိရှိရန်အတွက် ပုံစံငယ် ပုံသဏ္ဍန် ကြိမ်လုံးတို့ကို မလိုအပ်ပေ။ တစ်မိုင်အကွာ၌ ရပ်နေလျှင်တောင် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သေး၏။
ယဲ့ရှောင်က ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် စာဆက်ဖတ်နေလိုက်သည်။ မိစ္ဆာဝိညာဥ်သည် မည်သည့်အတွက်ကြောင့် စာကြည့်တိုက်ထဲသို့ လာချင်ရသလဲဆိုတာ မြင်ချင်နေ၏။
မကြာမီ၌ အရောင်အဆင်းမဲ့ ပုံသဏ္ဍန်မဲ့သော မိစ္ဆာဝိညာဥ်က စာကြည့်တိုက် တတိယအလွှာပြတင်းပေါက်ကနေ တဖြည်းဖြည်းမျောလွင့်လာ၏။
သူက လက်နောက်ပစ်ထားလျက် သူ့နား၌ ဝိညာဥ်စွမ်းအင်တို့က အနက်ရောင်ဝတ်ရုံတစ်ခု ဖွဲ့တည်လိုက်တော့သည်။ ယင်းက တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းပြီး ဆန်းကြယ်နေပေ၏။
‘ဒါက ကျန်းဟိုင်မြို့ရဲ့ စာကြည့်တိုက်လား။ ခုခံမှုက ဒီလိုပဲကိုး။ ငါ့ရဲ့ ပင်မခန္ဓာနဲ့ ရင်ဆိုင်ရတဲ့အချိန် လုံးဝအသုံးမဝင်ဘူး။ ထည့်ပြောဖို့တောင် မတန်ဘူး’
သူက စာကြည့်တိုက်ထဲ မျောလွင့်နေပြီး ခန္ဓာကိုယ်က လေထဲဝဲနေလေ၏။ လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်တော့သည်။ သရဲ တစ္ဆေအရှိန်အဝါထဲ၌ အစိမ်းရဲရဲ မီးတောက်တစ်စုံက ကခုန်နေတော့သည်။ ယင်းက သူ့၏ မျက်လုံးများဖြစ်သည်။
” ဘုရင်အေးအ် ချန်ထားတဲ့ မြေပုံက ကျန်းဟိုင်ရဲ့ စာကြည့်တိုက် ထိပ်ဆုံးအလွှာမှာ ရှိလောက်တယ်။ ထိပ်ဆုံးအလွှာမှာ ဝိညာဥ်ခန္ဓာကို ပစ်မှတ်ထားတဲ့ ကြယ်တာရာအစီရင် တစ်ခုရှိတယ်။ ငါ အဲ့ဒီမြေပုံကို ရချင်တယ်ဆိုရင် တစ်ယောက်ယောက်ဆီကို ကပ်သင့်တယ်။ ဘယ်သူ့ ခန္ဓာကိုယ်ဆီ ပူးကပ်ရမလဲ”
အစိမ်းရင့်ရင့်မီးလျှံများက လူတစ်ယောက်ပြီးတစ်ယောက်ကို ဖြတ်သွားလျက် ပထမဆုံး၌ သူ၏အကြည့်က ယဲ့ရှောင်၏ ခန္ဓာကိုယ်ဆီ ရောက်သွားတော့သည်။
” အဲဒီကလေး။ သူက မန်နေဂျာတစ်ယောက်။ ဒါပေမဲ့ သူ့ကျင့်စဥ်က နိမ့်လိုက်တာ။ ဟို့ထျန်း ဒုတိယအဆင့်ပဲ။ ဒီကျင့်ကြံခြင်းနဲ့ဆိုရင် ထိပ်ဆုံးအလွှာက လျှပ်စစ်ဆွဲငင်အားကိုတောင် ဖြတ်နိုင်လောက်မှာတောင် မဟုတ်ဘူး။
အမှိုက်ပဲ။
ခေါင်းခါပြီးနောက် နောက်ထပ် ပစ်မှတ်ကို သွားရှာတော့သည်။
ဟို့ထျန်း တတိယအဆင့်။
ဒါပေမဲ့ သူက အသက်ကြီးနေပြီး ဝိညာဥ်စွမ်းအင်နှင့် ခွန်အားက ကုန်ဆုံးနေပြီး အရိုးတွေက ကျွတ်နေလောက်ပြီ။ ဒီလို လေးလံတဲ့ တာဝန်ကိုယူဖို့ဆိုတာ ခက်ခဲမှာ။
ဟို့ထျန်း တတိယအဆင့်။ သူ့မှာ ရောဂါရှိတယ်။ ဟန့်။ ညစ်ပတ်လိုက်တာ။ ဒီလိုမိန်းမမျိုးဆီ ပူးကပ်ရမယ်ဆိုရင် ငါ့ရဲ့ ဝိညာဥ်ခန္ဓာကိုယ် ညစ်ညမ်းစေမှာမလား။
” အား။ ဒီကလေးက မဆိုးဘူးပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ဟို့ထျန်း ပဥ္စအဆင့် ရောက်နေပြီးပြီ။ ငါ ဆုံးဖြတ်လိုက်ပြီ။ မင်းကို ရွေးမယ်”
အစိမ်းရင့်ရင့်မီးလျှံများက ဖျတ်ခနဲပေါ်လာပြီး ကျားနတ်ဆိုး၏ ဝိညာဥ်က နဥ်ယွိဟန်၏ ခန္ဓာကိုယ်ကို ပူးကပ်ရန်အတွက် အနားကပ်လာတော့သည်။
စာအုပ်စာရင်း ပြုစုနေသော နဥ်ယွိဟန်က ရုတ်တရက် တုန်ယင်သွားကာ ခေါင်းမွေးများ ထောင်လာလေ၏။
သူက မိစ္ဆာဝိညာဥ်ကို မမြင်နိုင်ပေ။ သို့သော် သေခြင်းတရား အရှိန်အဝါကို လူသားတစ်ယောက်၏ ဆဋ္ဌမအာရုံဖြင့် ခံစားမိပြီး ခန္ဓာကိုယ်က အလိုလို တုန်ယင်သွားတာပဲ ဖြစ်သည်။
သို့သော် သူ့ရင်ထဲ စိတ်ပျက်အားငယ်မှု ပေါ်လာသည်နှင့် သေခြင်းတရားခံစားချက်က ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ခဏကြာတွင် နောက်ဆုံး၌ နှိုးလာလေ၏။ ဒီတော့မှ သူ့ ခန္ဓာကိုယ်ရှိ အဝတ်အစား၌ ချွေးများရွှဲလာပြီမှန်း သိလိုက်ရသည်။ သူ ဆီးထွက်ကျလုနီးပါးတောင် ဖြစ်သွားတော့၏။
သူက မလှမ်းမကမ်းကို ကြည့်လိုက်သည်။ စားပွဲတွင် စာထိုင်ဖတ်နေသော ယဲ့ရှောင်က ရှိနေသေးပေ၏။ သူ့နား၌ ကျန်သည့် သူများ မရှိပေ။
အပိုင်း ၃၅ ပြီး၏။