စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၁။ နောက်ဆုံးဝိညာဉ်အခြေခံကျင့်စဥ်
” ပါးနပ်တဲ့ မိန်းကလေး ထင်တဲ့အတိုင်း ကြောင်တစ်ကောင်ဆိုတော့ မင်းရဲ့နှာခေါင်းက တကယ်စူးရှတာပဲ ”
ချင်ယွိယန်က ဟွမ်လျိုလီ၏ ခေါင်းလေးကို ပုတ်လိုက်လေ၏။ ပြီးတော့မှ ယဲ့ရှောင်သည် ချင်မိသားစု၏ ခြံဝန်းထဲ၌ ရေအိုင်လေး တစ်ခုရှိနေတာကို သတိပြုမိသွားတာပဲဖြစ်သည်။ ထိုနေရာ၌ ခရမ်းရောင်ကြေးခွံဖြင့် ငါးများ ရှိနေလေသည်။
ယဲ့ရှောင်သည် ထိုခရမ်းရောင်ကြေးခွံငါးများ၌ ဝံပုလွေ သွေးအမျိုးအစား ရှိကြောင်း ကြယ်တာရာသားရဲစွယ်စုံကျမ်းမှ မြင်ခဲ့ဖူးသည်။ သူတို့က ကြီးပြင်းတာ မြန်ဆန်ပြီး မျိုးပွားတာမြန်ဆန်ပေ၏။ အရွယ်ရောက်ပြီးသည့် ခရမ်းရောင်ကြေးခွံငါးက ချီရှန်းအဆင့်အောက် ကြယ်တာရာသားရဲများ ဖြစ်သည်။ သူတို့က အုပ်စုဖွဲ့ တိုက်ခိုက်ရာ၌ တော်ပေ၏။ သူတို့၏ သွားများက ချွန်ထက်ပြီး အစွမ်းထက်ကာ သူတို့ခွန်အားသည် အဆင့်တူ ကြယ်တာရာသားရဲ တစ်ကောင်၏ အရိုးများကို အလွယ်တကူ ဆုတ်ဖြဲနိုင်ရန် လုံလောက်သည်။
သို့သော် ခရမ်းရောင်ကြေးခွံငါးများက ရက်စက်ကြမ်းကြုတ်သော်ငြား ထူးခြားသည့်အရည်အသွေးရှိပြီး ဝိညာဥ်ရေး စွမ်းအင်စုစည်းခြင်းပင် ဖြစ်သည်။ ထို့အပြင် ခရမ်းရောင်ကြေးခွံငါးက အရသာရှိပြီး ယင်းကို စားသုံးခြင်းက ကောင်းမွန်သည့် အားဆေး တစ်လက်အဖြစ် ဆောင်ရွက်ပေးနိုင်သည်။
ထို့ကြောင့် သိုင်းပညာရှင် မိသားစုများစွာက အိမ်တွင် ခရမ်းကြေးခွံငါးအချို့ကို မွေးမြူထားကြလေသည်။ ဟွမ်လျိုလီက ဗိုက်ဆာလွန်းသောကြောင့် သားရေများ ကျနေပြီဖြစ်သည်။ သူမက ချင်ယွိယန် ရင်ဘတ်ထဲတွင် အနားမရနိုင် ဖြစ်နေလေ၏။
ချင်ယွိယန်က ပြုံးပြီးပြောလိုက်တော့သည်။
“နင် အများကြီးစားလို့ မရဘူးနော် ဒီမှာရှိတဲ့ခရမ်းရောင်ကြေးခွံငါးတွေက အရွယ်ရောက်ပြီး ချီရှန်းအဆင့်အောက်ကြယ်တာရာသားရဲတွေပဲ အဲ့ဒီကိုသွားရင် သူတို့ကို စားနိုင်မှာ မဟုတ်ဘူး။ နင်ပဲသူတို့ စားတာ ခံလိုက်ရလိမ့်မယ်”
ယဲ့ရှောင်က ချက်ချင်း ဟွမ်လျိုလီကို ဖိနိုပ်ရန်အတွက် သူ့ရဲ့ ဝိညာဥ်စွမ်းအင်ကို အသုံးပြုလိုက်သည်”
” ထိန်းထားဦး ခုနတုန်းက ပွဲမှာ မင်းကို စားစရာမပေးခဲ့လို့လား ”
ဟွမ်လျိုလီကလည်း ခုခံရန် သူမ၏ ဝိညာဥ်စွမ်းအင်ကို အသုံးပြုလိုက်သည်။
” နင်ပေးတဲ့ စားစရာတွေက အဲ့ဒါတွေနဲ့ ယှဥ်နိုင်မှာလား။ ဒါတွေက ခရမ်းရောင်ကြေးခွံငါးလေ အရသာက မတူဘူး။ အာဟာရဖြည့်သွင်းမှုကလည်း တူမနေဘူးလေ”
” မင်းစားရဲလား ငါမင်းကို ချက်ချင်းအရေခွံမဆုတ်ဘဲ နဂါးနဲ့ကျား တိုက်ပွဲခင်းစရာအဖြစ် သုံးမယ်လို့ မထင်မိဘူးလား။ ချီရှန်းအဆင့် ကြယ်တာရာသားရဲတစ်ကောင်က ခရမ်းရောင်ကြေးခွံငါး တစ်ကောင်ထက် ပိုအာဟာရ ဖြည့်ပေးနိုင်တယ်မလား”
သူမက ဆန္ဒမရှိသော်ငြား လက်လျှော့ပြီး ချင်ယွိယန်၏ ပွေ့ဖက်မှုအတွင်းသို့သာ ပြန်သွားလိုက်သည်။ အခြားနည်းလမ်း မရှိပေ။ သူမ ရွေးချယ်စရာမရှိဘဲ ခေါင်းငုံ့ထားရပေမည်။
သူကများ သူမကို ယဲ့ရှောင်ထက် ဉာဏ်မပြေးဘူးလို့ ပြောခဲ့လဲ။
သို့သော် သူမ၏ မျက်ဝန်းလှလှများက စတင်အကွက်ချနေပြီ။ မည်သည်ကို တွက်ချက်နေမှန်း မည်သူမှ မသိကြပေ။
ချင်ယွိယန်က သူမ၏ ဖျောင်းဖြမှု အလုပ်ဖြစ်သည်ကို တွေးမိသွားကာ ဟွမ်လျိုလီ၏ ခေါင်းလေးကို ပျော်ရွှင်စွာ ပွတ်သပ် ပေးလိုက်တော့သည်။
” အာရုံခံ ကောင်းလိုက်တဲ့ကြောင်ပဲ မင်းကို ငါ ရက်အနည်းငယ်လောက် စောင့်ရှောက်ပေးရမလား”
ဟွမ်လျိုလီက မျက်လုံးလက်သွားပြီး ချင်ယွိယန်၏ ရင်ဘတ်ကို သူမခေါင်းဖြင့် အကြိမ်ရေ အနည်းငယ်တိုးဝှေ့လိုက်သည်။
မြောင်။
” ဟီးဟီး ယဲ့ရှောင် ရှင်တွေ့လား ရှင့်ရဲ့ကြောင်က ကျွန်မကို သိပ်သဘောကျနေတာ ”
ယဲ့ရှောင်က သက်ပြင်းသဲ့သဲ့ချလိုက်လေ၏။
သူ မင်းကို ကြိုက်နေတယ်လို့ ထင်နေတာလား။ သူက မင်းရဲ့ငါးကိုကြိုက်တာပဲ။
သူတို့ နှစ်ဦးလုံးက အိမ်ထဲသို့ ဝင်သွားပြီးနောက် တတိယအလွှာရှိ စာကြည့်ခန်းထဲသို့ တည့်တည့်မတ်မတ် ဝင်သွားလေ၏။
” ဒီမှာ ကျွန်မအဘိုးရဲ့ စုဆောင်းမှုထဲက စာအုပ်တချို့ ရှိတယ်။ ရှင် လိုအပ်တဲ့ ကျင့်စဥ်ကို ရှာတွေ့လောက်မှာပါ။ အရင်ဆုံး စာအုပ် ဖတ်လိုက်ဦး ကျွန်မ အဝတ်အစား လဲလိုက်ဦးမယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူသည် ရတနာ တစ်ပါး ရလိုက်သည့်ပမာ ခံစားလိုက်ရသည်။ ချက်ချင်းပင် ချီရှန်းလုံ စုဆောင်းထားသော စာအုပ်များကို စတင် လေ့လာလိုက်တော့၏။ ပြောရန်မလိုဘဲ ချီရှန်းလုံ ဝှက်ထားသည့် စာအုပ်အများစုက ရှေးဟောင်း စာအုပ်များ ဖြစ်သည်။
အခန်းကျဥ်းလေး တစ်ခန်းသာ ဖြစ်ပြီး စာကြည့်တိုက်နှင့် မယှဥ်နိုင်သော်ငြား အများစုက အခြေခံ ကျင့်စဥ်၏ စနစ်တစ်မျိုးအဖြစ် ဆင့်ကဲ ပြောင်းလဲလာတာပဲ ဖြစ်သည်။ သူတို့က စာကြည့်တိုက်ထဲရှိ စာအုပ်များထဲသို့ ထပ်ဆင့် ကူးယူထားသည့် အရာများ မဟုတ်ပေ။
ထိုနေရာတွင် အခြေခံဓားကျင့်စဥ်မှ ပြောင်းလဲလာသော ဓားကျင့်စဥ် (၇)မျိုးလည်း ရှိနေသည်။ တစ်နည်းဆိုရာလျှင် ယဲ့ရှောင်က ထိုအခန်းလေးထဲ၌ စာအုပ်ဖတ်နေသ၍ သူသည် ကောင်းကင်ပိုင်းဖြတ်ခြင်းဓား၏ အခြေခံဓားကျင့်စဥ် ပေါင်းစည်းမှုကို ပြီးမြောက်နိုင်မှာပဲဖြစ်သည်။
ကံဆိုးသည်မှာ ယဲ့ရှောင်၏ ကောင်းကင်ပိုင်းဖြတ်ခြင်းဓားက ဖွဲ့တည်ပြီး ဖြစ်သည်။ ထို့ကြောင့် ဓားကျင့်စဥ် အများစုက သူ့အတွက် အသုံးမဝင်တော့ပေ။ ထို့သို့တိုင် ယဲ့ရှောင်က သူ့တွင် မရှိသည့် အခြေခံ ထိုးနှက်ခြင်းကျင့်စဥ်နှင့် အခြေခံခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်တို့ကို သင်ယူလိုက်၏။
ဝိညာဥ်စွမ်းအင်သည် သိုင်းကျင့်စဥ်ကို အားဖြည့်ပေးနိုင်၏။ ထို့ကြောင့် ထိုးနှက်ခြင်းသိုင်း၏ စွမ်းအားက ဓားတစ်လက်ထက် မလျော့ပေ။ ယဲ့ရှောင်သည် အခြေခံ ထိုးနှက်ခြင်းကျင့်စဥ် (၇)မျိုးကို စုဆောင်းခဲ့ပြီးဖြစ်ကာ ယနေ့ သင်ယူခဲ့သည့် ကျင့်စဥ် အပါအဝင် ဖြစ်သည်။ သို့သော် ပေါင်းစပ်ဖွဲ့တည်မည့် လက္ခဏာ မရှိသေးပေ။
သူက အနည်းငယ် ပိုစုဆောင်းရဦးမည့် ပုံပေါ်သည်။
ယဲ့ရှောင်သည် ယနေ့ သူ သင်ယူခဲ့တာ အပါအဝင် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ် (၃)မျိုး ကိုသာ သင်ယူခဲ့၏။
တိုက်ခိုက်ခြင်းနှင့် ခုခံခြင်း အတွက် အသုံးပြုနိုင်သည့် ကျင့်စဥ် (၁)မျိုးလည်း ရှိသည်။ ယင်းက ရှေးဆန်နေသည့် ဝိညာဥ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းလျက် ဓား လှံများ မထိုးဖောက်နိုင်သည့် အခြေအနေရောက်အောင် သန့်စင်တာပဲ ဖြစ်သည်။ ထိုသို့တိုင် ဤခရီးစဥ်မှာ လူအတော်များများ သင်ယူရရှိခဲ့ပြီး အခြေခံ ကျင့်စဥ်(၂)မျိုး၊ ထိုးနက်ခြင်း ကျင့်စဥ်(၁)မျိုးနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဥ်(၁)မျိုး ဖြစ်ပြီး စာအုပ်များ ဖတ်ရှုရန် ဤနေရာသို့ လာရောက်ခြင်းက အချည်းနှီး မဖြစ်ခဲ့ပေ။
ယဲ့ရှောင်သည် ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်စဥ်ကို ပြန်ထားလိုက်သည်။ နောက်တစ်အုပ် ကောက်ယူသည့် အချိန်၌ ပျော်ရွှင်မှုကြောင့် သူ၏မျက်နှာက ရုတ်တရက် လင်းသွားတော့သည်။
အကြောင်းမှာ သူ့စိတ်ထဲရှိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က ထခုန်လာပြီး လှုပ်ခါလာသောကြောင့် ဖြစ်သည်။
ဆိုလိုသည်က အခြေခံကျင့်စဥ်တစ်ခုကို ပေါင်းစပ်နိုင်တော့မှာပဲဖြစ်သည်။ လက်ရှိတွင် ရွှေရောင်စာအုပ်ထဲ၌ ပေါင်းစည်းရန် လိုအပ်သည့် တစ်ခုတည်းသောအရာက ဝိညာဥ်ရေးရာကျင့်စဥ် ပဲဖြစ်သည်။
ယဲ့ရှောင်က စာအုပ်ကို ချက်ချင်း ဖွင့်လိုက်လေ၏။
ထင်သည့်အတိုင်းပင် ယင်းက မိုင်တစ်ထောင်အကွာမှာ ကူးပြောင်းနိုင်သော ဝိညာဥ်ကျင့်စဥ်တစ်မျိုး ဖြစ်သည်။ ယင်းက အင်မတန်ဝေးကွာသည့် နေရာဆီသို့ ဝိညာဥ်စွမ်းအင် စုဆောင်းနိုင်သော ကျင့်စဥ်တစ်မျိုး ဖြစ်၏။
တာဝေးပစ်ခြင်းနှင့် ဗုံးတစ်လုံးကို ဒုံးကျည်အဖြစ်အသွင် ပြောင်းခြင်းမျိုးနှင့် ဆင်တူပေ၏။
ယင်းက ယဲ့ရှောင် မှတ်တမ်းတင်ထားသော လက်ရှိ ဝိညာဥ်ကျင့်စဥ်ထဲတွင် မပါဝင်သော ကျင့်စဥ်တစ်မျိုးဖြစ်သည်။
မြန်မြန်ဆန်ဆန်ပင် ယဲ့ရှောင်က ထိုကျင့်စဥ်ကို ရွှေရောင်စာအုပ်ထဲ၌ မှတ်လိုက်တော့သည်။ ထိုအရာကို ရယူပြီးနောက် ချက်ချင်းပင် တုံ့နှေးမနေဘဲ စတင်ကျင့်ကြံတော့၏။
တိုးတက်ခြင်း ၁ ရာခိုင်နှုန်း ၂ ရာခိုင်နှုန်း။
သူက ဖြည်းဖြည်းချင်းလျှောက်နေလေ၏။ ညအချိန်ရောက်သည့် အခါ၌ ပြီးပြည့်စုံသည့်အခြေအနေထိ ရောက်အောင် ကျင့်ကြံနိုင်မည်ဟု တွက်ချက်မိသည်။ သူ အိမ်ပြန်ရောက်သည့်အချိန်တွင် ယင်းကို ပေါင်းစပ်လိုက်ရုံသာဖြစ်သည်။
သို့သော် ထိုစဥ် စာကြည့်ခန်းတံခါးက ရုတ်တရက် ပွင့်လာလေ၏။ လေပြင်းတစ်ချက် အငွေ့ လိုက်ပါလာပြီး ချင်ယွိယန်က တဘက်တစ်ထည် ခြုံလျက် ပြေးလာတော့သည်။
ဖြူဖွေးသော ပခုံးသားများနှင့် ခြေတံရှည်တို့ ရုတ်တရက် ပေါ်ပေါက်လာမှုက ယဲ့ရှောင်ကို အံ့သြသွားစေ၏။
သူ မတုံ့ပြန်နိုင်ချိန် ချင်ယွိယန်က သူ့ကိုဆွဲပြီး အပြင်သို့ ထွက်ပြေးတော့သည်။
” ကျွန်မ နောက် မြန်မြန်လိုက်ခဲ့”
ချင်ယွိယန်ဆီမှာ ဇီဇဝါပန်းရနံ့များ ပေါ်ထွက်နေသည်။ ယဲ့ရှောင်၏ နှာခေါင်းဆီသို့ တိုးဝေ့ကျီစယ်နေလေ၏။ မျက်တောင်တစ်ခတ်အတွင်း ယဲ့ရှောင်သည် ဒုတိယအခန်းရှိ အခန်းတစ်ခန်းသို့ ဆွဲသွင်းခံလိုက်ရတော့၏။
” ဘာမှမပြောနဲ့ ကျွန်မ အဘိုး ပြန်လာပြီ။ ကျွန်မက ယောင်္ကျားလေးတစ်ယောက် ခေါ်လာတာ သူသိသွားရင် သူ ကျွန်မကို သေအောင် ရိုက်လိမ့်မယ်”
ထိုသို့ ပြောပြီးနောက် တံခါးအမြန်ပိတ်ကာ တစ်ဖက်သို့ ပြေးသွားတော့၏။
” ယွိယန် မင်း အိမ်မှာလား”
” သမီး အိမ်မှာ သမီးရေချိုးနေလို့ အဝတ်အစား လဲနေတာ”
ပြီးနောက် အသံထွက်မလာတော့ပဲ ချီရှန်းလုံက ဧည့်ခန်းထဲတွင် ထိုင်နေတာ ဖြစ်ရမည်။ ယဲ့ရှောင်က ခေါင်းခါလိုက်မိသည်။ ချင် မိသားစု အိမ်က အတော်တင်းကျပ်ပေ၏။ သူမသည် သိုင်းကျောင်းတော်၏ စတုတ္ထနှစ် ကျောင်းသူတစ်ဦး ဖြစ်နေသည်။ လုဝမ်ဝမ်က လက်ထပ်ပြီး ဖြစ်သော်ငြား ချင်ယွိယန်က အိမ်ကို ယောင်္ကျားလေး တစ်ယောက်တောင် ခေါ်မလာရဲချေ။ သူက အခန်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး အခန်းက အတော်လေး နွေးထွေးတာကို သိလိုက်ရသည့် အချိန်၌ အံ့သြသွားလေ၏။ အဝါရောင်ဖျော့ဖျော့ အိပ့်ယာက အဝါရောင်နှင့် ပန်းရောင် ကာတွန်းပုံ ဆွဲထားလေ၏။ ကွန်ပျူတာစားပွဲ၊ ဗီရို အားလုံးက မိန်းကလေး ဆန်နေလေ၏။
အစောပိုင်းက ချွတ်ထားသော ချင်ယွိယန်၏ ဝတ်စုံက အိပ်ရာဘေးတွင် ချိတ်ထားလေသည်။
“ဒါ ချင်ယွိယန်ရဲ့ အခန်းများလား”
ပြောပြီးသည်နှင့် ဟွမ်လျိုလီသည် ပြတင်းပေါက်ကနေ ခုန်ချလာ၏။ သူမ၏ မူလ အစာအိမ်လေးက ယခု ဖောင်းကားနေပြီဖြစ်ကာ ကြောင်တစ်ကောင်၏ အစာအိမ်နှင့် မတူပေ။ ထိုအစား ကိုယ်ဝန်လွယ်ထားရသည်နှင့် တူနေလေ၏။
အောက်ထပ်ကနေ ချီရှန်းလုံ၏ အသံက ပေါ်လာပြန်၏။
” ယွိယန်။ အဲ့ဒါ ဘာသံလဲ”
” အာ။ ဘာမှမဟုတ်ပါဘူး ရှန်ပူ ပြုတ်ကျသွားတာ ”
အသံငြိမ်ကျသွား၏။ ယဲ့ရှောင်က ဟွမ်လျိုလီကို စိတ်ပျက်လက်ပျက် စိုက်ကြည့်ပြီး သူမကို စိတ်ဖြင့် ဆက်သွယ်လိုက်တော့၏။
“မင်း ခရမ်းကြေးခွံငါးကို ခိုးလာတာလား”
အပိုင်း ၃၁ ပြီး၏။