စာကြည့်တိုက် တာအိုသခင်
အပိုင်း ၃၀။ ဖိတ်စာ။
Zero to Hero in the Martial Arts Library
Author: Flammable Wood
ရင်းနှီးနေသော အသံက ယဲ့ရှောင်ကို လှည့်ကြည့်စေတော့၏။ သူမက ချင်ယွိယန်ဖြစ်သည်။ ယနေ့တွင် သူမက အဖြူစွတ်စွတ် ငါးမြီး ဂါ၀န် ၀တ်ဆင်ထားလျက် မိတ်ကပ်ပါးပါး ခြယ်သထားပြီး ဒေါက်မြင့်ဖိနပ်စီးထားလေသည်။ သူမက အလွန်ပင် သိမ်မွေ့နူးညံ့ပုံ ပေါ်နေ၏။
” မင်း ဒီကို ဘာကြောင့် ရောက်နေတာလဲ”
” ၀မ်၀မ်က ကျွန်မ အခန်းဖော်လေ။ သူငယ်ချင်းကောင်းလည်း ဟုတ်တယ်။ ကျွန်မက သတို့သမီး အရန်”
၀မ်၀မ်၏ မျိုးရိုးအမည်က လု ဖြစ်သည်။ သူမက မစ္စတာလု၏ သမီး ကုဟိုင်၏ ဇနီးဖြစ်၏။
ယဲ့ရှောင်က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ သူက သူမနှင့် မရင်းနှီးသောကြောင့် စကားများများစားစား မပြောတာ ဖြစ်သည်။
အမျိုးသမီးများကို သူ စကား များများစားစား ပြောလေ့မရှိပေ။ ထို့ကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် သိနေသော်ငြား ယဲ့ရှောင်က သူမကို စကားထပ်မပြောတော့တာဘဲ ဖြစ်သည်။ ယင်းက ချင်ယွိယန်ကို အနည်းငယ် အနေရခက်သလို ခံစားရစေ၏။ အစောပိုင်းက သူမသည် ယောကျ်ားလေးများစွာ၏ ဖုန်းနံပါတ် တောင်းခြင်း ခံခဲ့ရသော်ငြား ယဲ့ရှောင် ရောက်လာသည့်အချိန်တွင် သူမက အပြည့်အ၀ လျစ်လျူရှုခံထားရသည်။
သို့သော် ယဲ့ရှောင်နှင့်အတူ ရှိရခြင်းအား သူမ နှစ်သက်သည်ဟု ဆိုရမှာပဲ ဖြစ်သည်။ သူက ငြီးငွေ့ဖွယ်ကောင်းပြီး စကားများများစားစား မပြောသော်ငြား သူမ နားထဲ တ၀ီ၀ီမြည်စေသော ယင်ကောင်များကဲ့သို့ မဟုတ်ချေ။
ထို့ကြောင့် ထောင့်ဘက်တွင် ကြည့်ကောင်းသည့် လူနှစ်ဦးက ဘေးချင်းယှဥ်ရပ်လျက် မင်္ဂလာပွဲ ကျင်းပနေသည်ကို ကြည့်နေတော့၏။
မင်္ဂလာပွဲက လှုပ်ရှားတက်ကြွနေသော်လည်း ယဲ့ရှောင်က ကြည့်ရုံသာ ကြည့်နေလေသည်။
တစ်လလျှင် ယွမ်သုံးထောင်သာ ရသော သူ့ကဲ့သို့ အလုပ်သမားတစ်ဦးအဖို့ ကြည့်နေခြင်းက လုံလောက်နေပြီဖြစ်သည်။ ကုဟိုင်တွင် သူ့ကို ထောက်ပံ့ပေးမည့် မိဘများ ရှိသည်။ သူ့၌ အိမ်တစ်လုံး ကားတစ်စီးနှင့် အလုပ်ရှိပေ၏။ သူ့တစ်ကိုယ်တည်းဆိုလျှင် ယခုအချိန်ထိ ယွမ် တစ်သောင်းကျော် စုဆောင်းမိပြီဖြစ်၏။ သူ့ကိုယ်သူတောင် မထောက်ပံ့နိုင်ခဲ့လျှင် သူက လက်ထပ်ပြီး ဇနီးသည်တစ်ယောက် မည်ကဲ့သို့ ရှာနိုင်မည်နည်း။
သူက ကုဟိုင်ကို လက်ဆောင်ပေးခဲ့ပြီး ယွမ် ရှစ်ထောင်အောက် ကုန်ကျပုံ ပေါ်သည်။ သူ၏ ပိုက်ဆံအိတ်အကြောင်းတွေးမိပြီး ယဲ့ရှောင်က ချင်ယွိယန်နှင့် အကွာအဝေးတစ်ခု ထိန်းသိမ်းရန်အတွက် တစ်ဖက်သို့ အနည်းငယ်ရွေ့လိုက်၏။
ပြောရန် မလို။ အမျိုးသမီးကို ထားခဲ့ပြီးနောက် မဖော်ပြနိုင်သော ဖိအားက ပျောက်ကွယ်သွားပြီး သက်သောင့်သက်သာ ဖြစ်သွားတော့၏။
မင်္ဂလာပွဲ ကျင်းပနေသည်ကို ကြည့်ရင်း နစ်မြုပ်နေသည့် ချင်ယွီယန်က မည်သည်ကိုမှ သတိမပြုမိခဲ့ပေ။ မကြာမီ၌ မင်္ဂလာပွဲ ပြီးတော့မှာ ဖြစ်သည်။ လု၀မ်က ပရိသတ်ကို ကျောပေးထားပြီး သူမ၏ လက်ထဲရှိ ပန်းစည်းကို နောက်ပြန်ပစ်လိုက်၏။
တမင်တကာ ရည်ရွယ်သည်လော သို့မဟုတ် မတော်တဆလေလော မသိ သူမ၏ ပန်းစည်းက ထောင့်ဘက်သို့ တန်းသွားပြီး ချင်ယွိယန်၏ လက်ထဲသို့ ရောက်သွားတော့သည်။
ယင်းက လူအများအား သူမနှင့် ယဲ့ရှောင်ကို သတိပြုမိစေပြီး ချောမောခံ့ညားသည့် စုံတွဲတစ်တွဲအဖြစ် သတိပြုမိသွားစေ၏။ သူတို့က လက်ခုပ်သြဘာသံများပင် ရလိုက်သေး၏။ ယဲ့ရှောင်က လု၀မ်သည် ချင်ယွိယန်ကို မျက်ခုံးပင့်ပြတာ မြင်လိုက်ရသည်။
ယင်းက တမင်တကာ ရည်ရွယ်ထားတာပဲ ဖြစ်သည်။ ချင်ယွိယန်၏ မျက်နှာလေးက အနည်းငယ် နီနေလေ၏။ သူမက ဆံပင်ကို နားနောက်သွင်းပြီး ရှက်ပုံပေါ်နေသည်မှာ အမျိုးသားများစွာက သူမအား အကြိမ်ရေ အနည်းငယ် ခိုးကြည့်မိစေတော့သည်။
သို့သော် ချင်ယွိယန်ဘေးရှိ ယဲ့ရှောင်ကို မြင်သည့်အခါ အတွေးများကို မြန်မြန် သိမ်းဆည်းလိုက်၏။
အမျိူးသားများက အလွန်ဆင်ခြင်တုံတရားရှိသည့် တိရိစ္ဆာန်များသာ ဖြစ်သည်။ သူတို့ရှေ့တွင် မြင့်မားသော တောင်တစ်တောင် ရှိနေခဲ့လျှင် သူမ မည်မျှ လှပစေကာမူ တောင်ကို ကျော်လွှားရန် မဖြစ်နိုင်ပေ။
ပွဲပြီး၍ စားသောက်ပွဲစချိန်တွင် မွန်းတည့်ချိန်ရောက်နေပြီ ဖြစ်၏။ သတို့သမီး အရန်နှင့် သတို့သား အရန်က တစ်စားပွဲတည်း ထိုင်၏။ လူတိုင်း စကားပြောနေသော်ငြား ယဲ့ရှောင်က တိတ်တိတ်ဆိတ်ဆိတ် စားသောက်နေလေသည်။
သူသည် ဤလောကသို့ ရောက်သည်မှာ တစ်နှစ်နီးပါး ကြာနေပြီဖြစ်ကာ ယနေ့အစားအသောက်က အကောင်းဆုံးပဲ ဖြစ်၏။ တ၀ိုင်းလျှင် ယွမ် ၂သောင်းပေးရသော အမြင့်ဆုံး အရည်အသွေး ရှိ၏။ သူ ယင်းကို မစားနိုင်တာ နှမျောစရာကောင်းပေ၏။
ယဲ့ရှောင်က သူ့အတွက် သူ စားရုံသာမက ရံဖန်ရံခါတွင် ငါးအသားစများ ဖဲ့လျက် စားပွဲအောက်ရှိ ဟွမ်လျိုလီကို ကျွေးလိုက်သည်။
ငွေကြေးများစွာ လက်ဖွဲ့ပြီး အတော်ကုန်ကျသွား၏။ အများအပြား စားသောက်ခြင်းကသာ ကုန်ကျစရိတ်ကို ဖာထေးပေးမှာပဲ ဖြစ်သည်။
ယဲ့ရှောင်၏ ဖုန်းနံပါတ်ကို ရချင်သော သတို့သမီး အရန်အချို့ကမူ သူ့ဘေးရှိ ချင်ယွိယန်ကို မြင်သည့်အခါ သူတို့၏ ပစ်မှတ်ကို လက်လျှော့လိုက်ကြ၏။
သူတို့နှစ်ဦးက ကြည့်ကောင်းလွန်းနေ၏။ အရှိန်အဝါကလည်း သန်မာလွန်းသည်။
လူတိုင်းက စိတ်အားထက်သန်စွာ ပြောနေကြသည်အချိန်တွင် သူတို့နှစ်ဦးက လျစ်လျူရှုထားသည်။ ယဲ့ရှောင်က အဆင်ပြေသေး၏။ သူက သူစိမ်းများအဖို့ အမြဲတမ်း ထူးခြားနေကျ ဖြစ်သည်။
ချင်ယွိယန်ကလည်း လူမှုဆက်ဆံရေး ကောင်းလွန်းသူ မဟုတ်သောကြောင့် ရံဖန်ရံခါတွင် အနေခက်မှုကို ဖြေလျော့ရန်အတွက် ယဲ့ရှောင်နှင့် စကားပြောနေ၏။
” ရှင် နေ့လယ်ကျရင် စာကြည့်တိုက်ကို သွားဦးမှာလား”
ယဲ့ရှောင်က ခေါင်းခါလိုက်တော့သည်။
” ကျွန်တော် ဒီနေ့ မသွားဘူး။ ခွင့်ယူထားတယ်”
” ဒါဆိုရင် ဒီနေ့လယ် ဘယ်သွားမှာလဲ”
ယဲ့ရှောင်က စဥ်းစားလိုက်လေ၏။
” စာအုပ်ချို့ ကြည့်ဖို့အတွက် အနားက စာအုပ်ဆိုင်ကို သွားရမယ်ထင်တယ်”
သူ ပေါင်းစည်းရန် လိုအပ်နေသော နောက်ဆုံး အခြေခံ ၀ိညာဥ်ကျင့်စဥ် မရှိသေးပေ။ စာကြည့်တိုက်ထဲ၌ နောက်ဆုံး စာအုပ်ကို မရှာနိုင်သောကြောင့် စာအုပ်ဆိုင်သို့ သွားကြည့်သည်က ကောင်းပေမည်။ စာအုပ်ဆိုင်၌ ၀ယ်စရာ စာအုပ်ကဏ္ဍများစွာ ရှိပေ၏။ သူ တစ်အုပ် ရှာတွေ့ကောင်း ရှာတွေ့နိုင်ပေသည်။
ချင်ယွိယန်က အတော်ထူးဆန်းတာကို ခံစားမိလိုက်၏။
” စာကြည့်တိုက်က စာအုပ်အများကြီး ရှိတာပဲ။ ရှင် စာအုပ်ဖတ်ချင်တယ်ဆိုရင် စာကြည့်တိုက်က ပိုအဆင်မပြေဘူးလား”
ယဲ့ရှောင်က ခေါင်းခါလိုက်တော့၏။
“ကျုပ်က လတ်တလောမှာ ၀ိညာဥ်ရေးရာ ကျင့်စဥ်တွေအကြောင်း ဖတ်နေတာလေ။ စာကြည့်တိုက်ထဲက စာအုပ်တွေက ကျုပ်အတွက် မသင့်တော်ဘူး”
ယဲ့ရှောင်သည် ဟွမ်လျိုလီကို ပျိုးထောင်နေကြောင်း သိပေ၏။ သူက ၀ိညာဥ်ရေးရာ စိတ်၀ိညာဥ်ကျင့်စဥ်များကို လေ့ကျင့်ပြီး သားရဲ သခင်ဖြစ်ချင်နေသည်ဟု သူမ တွေးမိသည်။
” ရှင်က သားရဲသခင် လုပ်မလို့လား။ ဒီလိုဆိုရင် ကျွန်မ မိသားစုမှာ ကျွန်မအဘိုး သိမ်းထားတဲ့ စာအုပ်ချို့ရှိတယ်။ အတော်ရှားပါးတဲ့ သိုင်းကျင့်စဥ်တွေတောင် ရှိတာ”
ယဲ့ရှောင်က တိတ်ဆိတ်သွားလေ၏။
” မင်းက မင်းအဘိုးရဲ့ ရှားပါးစာအုပ်တွေကို ငါ့ကို ဖတ်ခွင့်ပေးနေတာပဲ။ ဒါက ဟုတ်တော့ မဟုတ်သေးဘူးမလား”
ချင်ယွိယန်က ခေါင်းခါလိုက်တော့သည်။
” အဆင်ပြေပါတယ်။ ကျွန်မ စာကြည့်တိုက်ကို သွားတဲ့အချိန်တိုင်း ရှင့်ကိုပဲ အမြဲတမ်း အားကိုးနေရတာ။ ပြီးတော့ နောက်ဆုံးအခေါက်တုန်းက ရှင် ကျွန်မကို အကြံမပေးခဲ့ရင် ကျွန်မအဘိုးရှေ့မှာ ဓားမော့သိုင်းကို ထုတ်ပြရဲမှာ မဟုတ်ဘူး”
” ဒီတော့ ဒီတစ်ခေါက် ကျွန်မက တစ်ခုခုပြန်လုပ်ပေးချင်လို့ ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီး မငြင်းခဲ့ပေ။ ချင်ယွိယန်က သူ၏ ဓားမော့ဆန္ဒကို သင်ယူခဲ့၏။ ယင်းက အတော်တန်ဖိုးရှိသည်။
ချင်မိသားစု၏ စာအုပ်ကို ဖတ်ရှုခြင်းက ချင်မိသားစုကို အမြတ်ထုတ်ခြင်းဟု မဆိုနိုင်ပေ။ စားသောက်ပြီးနောက် ဧည့်သည်များက တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားကြ၏။ သတို့သား အရန်များနှင့် သတို့သမီး အရန်များကလည်း ထွက်သွားကြသည်။
သူတို့ထဲတွင် ဟိုတယ်သို့ သွားပြီး အခန်းတစ်ခန်း ယူလိုက်သည့် အတွဲတစ်တွဲလည်း ရှိနေသည်။ ယဲ့ရှောင်က ပါးစပ်သုတ်ပြီး ထုတ်သွားရန် ပြင်လိုက်တော့သည်။
ဟွမ်လျိုလီက အလွန်ကောက်ကျစ်ပေ၏။ သူမသည် နူးညံ့သော ဆိုဖာလေးပေါ်တွင် လှဲရန်အတွက် ချင်ယွိယန်၏ လက်ပေါ်သို့ ဦးစွာ ခုန်တက်လိုက်၏။ ချင်ယွိယန်က စိတ်မဆိုးပေ။ ထိုအစား သူမက ဟွမ်လျိုလီ၏ နူးညံ့သော ကိုယ်ကို ထွေးပွေ့ပေးထားသည်။ ယင်းက သေးငယ်သော အိမ်မွေးတိရိစ္ဆာန်လေးသာ ဖြစ်၏။ မကောင်းသည့် ရည်ရွယ်ချက် မည်သို့ ရှိမည်နည်း။
ယဲ့ရှောင်ကမူ နှစ်ပေါင်းတစ်ရာ့လေးဆယ်ကျော် နေထိုင်လာသည့် ပုံရိပ်ယောင် ကြောင်ကို အထင်သေးမှုများ ပြည့်နေ၏။ အသက်ကြီးနေပြီဖြစ်သည့်တိုင် နေ့စဥ်နေ့တိုင်း ငယ်ရွယ်ပြီး ချစ်စရာကောင်းချင်ယောင်ဆောင်နေသည်။
သို့သော် ယေဘုယျအားဖြင့် ကြယ်တာရာ သားရဲများက သက်တမ်းရှည်ကြာ၏။ ဟွမ်လျိုလီ၏ အသက်အရွယ်က ကြယ်တာရာ သားရဲများကြားထဲ၌ ခုနှစ်နှစ် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်အဖြစ် သတ်မှတ်၍ ရသည်။ သူတို့နှစ်ဦးလုံးက ချင်ယွိယန်၏ အိမ်သို့ လမ်းလျှောက်သွား၏။
ချင်ယွိယန်သည် ရယ်ရမည်လော ငိုရမည်လော မသိတော့ပေ။ သူမနှင့် ယဲ့ရှောင်က သာမန် မိတ်ဆွေများသာ ဖြစ်သော်ငြား သူမရင်ထဲ သက်ပြင်းမချဘဲ မနေနိုင်ချေ။
ထိုလူကား သံမဏိဖြင့် ပြုလုပ်ထားသည့်သူ ဖြစ်၏။ သူမက ဖိနပ်မချွတ်ဘဲ ခြေထောက်အနာခံကာ သူနှင့်အတူ လမ်းအနည်းငယ် လျှောက်ရန်ပင် ဆုံးဖြတ်ခဲ့သည်။ လက်တွေ့တွင်မူ ယဲ့ရှောင်ကလည်း သံမဏိဖြင့် ပြုလုပ်ထားသည့်သူ မဟုတ်ပေ။
သူက ယခုအချိန်တွင် မချစ်ကြိုက်ချင်သေးတာပဲ ဖြစ်သည်။ ဤလောကက အန္တရာယ်များလွန်း၏။
ကြယ်တာရာ သားရဲများ၏ တည်ရှိမှုဖြင့် လူတစ်ဦး၏ ခွန်အားက လုံလောက်အောင် မသန်မာလျှင် သေခြင်းတရား၊ စိတ်ပျက်အားငယ်မှုတို့နှင့် အချိန်မရွေး ကြုံတွေ့ရနိုင်သည်။
ချစ်သူတစ်ယောက် ရှာခြင်းက ကိုယ်ပေါ်ရှိ အကန့်အသတ်ကို တိုးုမြှင့်လိုက်ရုံသာ ရှိမည်။ ထို့အပြင် ချစ်သူတစ်ဦးကို အမြဲစိတ်ကျေနပ်အောင် လုပ်ပေးရမည့်အပြင် တစ်ကိုယ်တော် နေခြင်းလောက် မည်ကဲ့သို့ အဆင်ပြေမည်နည်း။ အရေးကြီးဆုံးက သူ့မှာ ထိုအတွက် ပိုက်ဆံ မရှိချေ။
ဆင်းရဲသည့်အချိန်၌ မချစ်ကြိုက်နိုင်ပေ။ ချစ်ကြိုက်မိလျှင်တောင် အချည်းနှီးသာ ဖြစ်ပေမည်။ သူတို့နှစ်ဦးက ချင်ယွိယန်၏ အိမ်သို့ရောက်သောအခါ ယဲ့ရှောင်က မှင်တက်သွား၏။
ချင်ယွိယန်၏ အိမ်က စတုရန်း ပေရာဂဏန်း ကျယ်၀န်းပေသည်။ ဗီလာအသေးလေးဖြစ်ပြီး ရိုးရိုးရှင်းရှင်း တည်ဆောက်ထားသည့်တိုင် ခမ်းနားပေ၏။ ပရိဘောဂအများစုက တန်ဖိုးကြီးသည့် မဟော်ဂနီသားများဖြစ်သည်။ သို့သော် ချီရှန်းလုံအကြောင်း တွေးမိသည့်အချိန်တွင် အံ့သြဖွယ်မကောင်း သိလိုက်၏။
” မြောင်”
ခြံ၀န်းကို ဖြတ်ကျော်လာသည့်အခါ ချင်ယွိယန်၏ ရင်ခွင်ထဲတွင် မှီ၍လှဲနေသော ဟွမ်လျိုလီက ရုတ်တရက် စိတ်လှုပ်ရှားလာပုံရ၏။
အပိုင်း ၃၀ ပြီး၏။
Chapter – 30
ဖိတ်စာ။
? Views, Released on August 28, 2024