စာကြည့်တိုက် တာအိုသခင်
အပိုင်း ၂၇။ စီရင်စု ကိုးခုကို အနိုင်ယူနိုင်ခဲ့သော ဂုဏ်ယူ၀င့်ကြွားရသည့် သားတော်
Zero to Hero in the Martial Arts Library
Author: Flammable Wood
သူနှင့် မည်သူက ယှဥ်ပြိုင်နိုင်မည်နည်း။
” ယွိယန်။ ဘယ်ကျောင်းတော်ကို သွားဖို့ စဥ်းစားထားလဲ”
ချီရှန်းလုံက မမေးဘဲ မနေနိုင်တော့ချေ။ သူ့ မြေးမလေး၏ အတွေးများကို သိထားရန် လိုအပ်သည်။ သို့မှသာ နောက်ပိုင်း ဖုန်းခေါ်ဆိုမှုများ ရောက်မလာခင် ဆွေးနွေးနိုင်မှာပဲ ဖြစ်သည်။
ချင်ယွိယန်က တိတ်ဆိတ်နေသည်။
” ဘိုးဘိုး။ ကျွန်မ ကျန်းဟိုင်မြို့ကနေ ထွက်မသွားချင်ဘူး”
” ဘာ။ ကျန်းဟိုင်မြို့ကနေ ထွက်မသွားချင်ဘူးလား။ ဒါက တစ်သက်မှာ တစ်ခါပဲ ရတဲ့ အခွင့်အရေးလေ”
ချီရှန်းလုံက တစ်ခုခု ပြောချင်သေးသော်ငြား တုချန်ဖုန်းက သူ့ကို ဖြောင်းဖျရန် ကြိုးစားလိုက်သည်။
” လောင်ချင်။ ယွိယန်က ကျန်းဟိုင်မြို့မှာ နေတာက ပိုကောင်းမယ်လို့ ထင်တယ်။ အရင်ဦးဆုံး သူက ဓားမော့ဆန္ဒကို အပြည့်အ၀ နားလည်သဘောမပေါက်သေးဘူး။ သူက ထိပ်တန်းအဆင့် ကျောင်းတစ်ခုကို သွားရင်တောင် ရလာတဲ့ ဗဟုသုတက ဒီဓားမော့ဆန္ဒလောက် မကောင်းလောက်ဘူး။ ဒုတိယအချက်အနေနဲ့ အဲဒီ ပါရမီရှင်က ကျန်းဟိုင်မြို့ထဲမှာ ရှိနေသေးပြီး သူနဲ့သာ ထပ်တွေ့ရမယ်ဆိုရင် ယွိယန်အတွက် ကံကောင်းမှုကြီးတစ်ရပ်ပဲလေ”
ချီရှန်းလုံက ခေါင်းညိတ်လိုက်၏။
” မင်း ပြောတာ မှန်တယ်။ ငါ ဒါကို မစဥ်းစားခဲ့မိတာ ငါ့အမှားပဲ။ နောက်ကျရင် ယွိယန် ကြိုက်သလို လေ့ကျင့်လို့ ရတယ်။ အဘိုး နည်းနည်းတောင် ၀င်မနှောင့်ယှက်ဘူး”
°°°°°
ဖျောင်ကျန့်ရှန်သည် ကျန်းဟိုင် သိုင်းကျောင်းတော်မှ ထွက်လာသည်နှင့် အဖွဲ့ခွဲမှူး ကျင်း၏ စိတ်ဓာတ်ကျနေသော အခြေအနေက ပေါက်ကွဲသွားတော့၏။
” မင်း ဒီတစ်ခေါက် နိုင်သွားတာ ကံကောင်းလို့။ မင်း ရှုံးနိမ့်သွားခဲ့ရင် ပြန်ရောက်သွားတဲ့အချိန်ကျရင် တာ၀န်အများကြီး ယူရမှာ မလွဲမသွေပဲ”
” ဒါပေမဲ့ ထပ်ပြောလိုက်မယ်။ ဒီတစ်ခေါက် မင်း အဆင်အခြင်မဲ့လွန်းတယ်။ အဲ့ဒီ ချင် မိန်းကလေးက မင်းကို လိမ်ညာခဲ့ပြီး ဓားမော့ကျင့်စဥ်ကိုသာ နှစ်အနည်းငယ်လောက် အမှန်တကယ် ကျင့်ကြံခဲ့မယ်ဆိုရင် မင်း ရှုံးသွားလောက်တယ်။ နောက်ကျ မင်း ဒီတစ်ခေါက်လို ထပ်လုပ်ခွင့် မရှိတော့ဘူး”
” သိပြီ”
” မင်းရဲ့ ဒဏ်ရာ အဆင်ပြေလား”
“ပြေပါတယ်။ ထိတ်လန့်မှုကြောင့် ရသွားတဲ့ ဒဏ်ရာ အသေးအမွှားလေးပါပဲ။ နောက်တစ်မြို့ ရောက်တဲ့အချိန်ကျရင် အပြည့်အ၀ ပျောက်လောက်ပြီ”
” ဒါဆိုရင် လက်မှတ် ကြို၀ယ်လိုက်တော့မယ်။ စီရင်စု ကိုးခုရဲ့ မြန်နှုန်းမြင့် ရထားလမ်းက ကမ္ဘာပေါ်မှာ ကျော်ကြားတယ်လေ။ မြို့ငယ်လေးတွေ ကြားမှာ သွားလာဖို့ လေယာဥ် စီးနေစရာ မလိုဘူး”
ဖျောင်ကျန့်ရှန်က ခေါင်းညိတ်လိုက်၏။ သူတို့ နှစ်ယောက်က တက္ကစီ မစီးပဲ ခြေကျင်သာ လျှောက်နေကြသည်။
သိုင်းပညာရှင်နှစ်ဦးက မနှေးပေ။ သူတို့ လမ်းလျှောက်လျင်လည်း ကိစ္စ မရှိချေ။ သူတို့က တံတားကို ဖြတ်သွားပြီး ကျန်းဟိုင်မြို့လယ်သို့ ရောက်သွား၏။ သူတို့က လမ်းဆုံနား ရောက်သွားသည့်အချိန်တွင် ဖျောင်ကျန့်ရှန်က ရုတ်တရက် ရပ်တန့်လိုက်ပေ၏။
” ဘာဖြစ်တာလဲ”
အဖွဲ့ခွဲ မှူး ကျင်းက မျက်မှောင်ကြုတ်မိသွား၏။ ဖျောင်ကျန့်ရှန်၏ အမူအရာက မယှဥ်သာအောင် လေးနက်တည်ကြည်နေပေ၏။ တစ်ဖက်သူ၏ စကားကို မကြားသည့်ပမာ သူက အ၀ိုင်းပတ်ရှိ ရွှေရောင်နွားသိုး ရုပ်တုရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။
” ဖျောင်ကျန့်ရှန်။ မင်း ဘာလုပ်နေတာလဲ”
အဖွဲ့ခွဲမှူး ကျင်းက အော်လိုက်သော်ငြား ဖျောင်ကျန့်ရှန်က သူ့ကို အပြည့်အ၀ လျစ်လျူရှုထားပုံ ရ၏။သို့သော် သူ ရွှေရောင် နွားသိုး ရုပ်တုနား ပိုကပ်သွားလေ သူ၏ ခန္ဓာကိုယ်က ပိုတုန်ယင်လာလေ ဖြစ်သည်။ ရုပ်တုရှေ့နား ရပ်လိုက်ချိန်တွင် ရွှေရောင် နွားသိုးရုပ်တုပေါ်ရှိ ဓားရာကို စိုက်ကြည့်လိုက်၏။ ရုတ်တရက် သူက သွေးတပွက်အန်ပြီး ဒူးထောက်ကျသွားတော့သည်။
” ကျန့်ရှန်”
အဖွဲ့ခွဲမှူး ကျင်း၏ မျက်နှာထားက ပြောင်းလဲသွား၏။ သူက ချက်ချင်းပင် ပြေးလာပြီး ဖျောင်ကျန့်ရှန်၏ ပခုံးပေါ် လက်တင်လိုက်၏။
” မင်း ဘာဖြစ်တာလဲ။ အဆင်ပြေရဲ့လား။ အခုနတုန်းက တိုက်ပွဲမှာ အတွင်းဒဏ်ရာ ရသွားတာလား”
ဖျောင်ကျန့်ရှန်က သူ့ကို ဖြေရန် ငြင်းနေသေးစဲ ဖြစ်၏။ သူက ရူးသွပ်နေသည့်ပမာ လက်ကို ခပ်မြင့်မြင့်မြောက်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
” ရှာတွေ့ပြီ။ ငါ ရှာတွေ့သွားပြီ။ ဓားသိုင်းရဲ့ နက်နဲတဲ့ အဓိပ္ပါယ်။ အစစ်အမှန် ဓားသိုင်း။ ဆရာ။ ဆရာ ပြောတာ မှန်တယ်။ ဒီလောကထဲက ဓားသိုင်းက စီရင်စု ကိုးခုကနေ လာတာပဲ။ ဒီလောကကြီးရဲ့ သိုင်းပညာတွေအားလုံးက စီရင်စု ကိုးခုကနေ လာတာ”
” ဟား။ ဟား”
°°°°°
ကျန့်ဟိုင် သိုင်းကျောင်းတော်တွင် တုချန်းဖုန်းနှင့် ချီရှန်းလုံတို့က ချင်ယွိယန်အတွက် ပျော်ရွှင်နေကြစဥ် ကျန့်ဟိုင် မြို့စောင့်တပ်ဆီမှ ရုတ်တရက်သတင်း ရလိုက်လေ၏။ ချီရှန်းလုံ၏ အမူအရာက ချက်ချင်းပင် လေးနက်တည်ကြည်သွားတော့သည်။
” လောင်ချင်။ ဘာတွေ ဖြစ်နေတာလဲ”
ချီရှန်းလုံက ရေရွတ်ပြောလိုက်တော့၏။
” ဖျောင်ကျန့်ရှန်က ရူးသွားတဲ့ပုံပဲ”
” ရူးတာလား။ ဘာတွေဖြစ်နေတာလဲ”
” မသိဘူး။ သူက ငါတို့မြို့က အ၀ိုင်းပတ်မှာ ထိုင်နေတယ်လို့ ကြားတယ်။ မြို့သားတွေက မြို့စောင့်တပ်ဆီ သတင်းပို့တော့ အဖွဲ့ခွဲမှူး ကျင်းက ငါ့ဆီ အကြောင်းကြားဖို့ သူတို့ကို ပြောလိုက်တာ။ ဒါကြောင့် သူတို့ ဖုန်းခေါ်လာတာပဲ”
တုချန်းဖုန်း၏ အမူအရာ အနည်းငယ် လေးနက်သွား၏။
” မြန်မြန် တစ်ချက်သွားကြည့်ရအောင်။ သူက ဘာပဲဖြစ်ဖြစ် ဟန်နိုင်ငံကပဲ။ သံတမန်ခင်းအရ အရေးကြီးတယ်။ ငါတို့ ဂရုမစိုက်လို့ မရဘူး”
ချီရှန်းလုံက ခေါင်းညိတ်ပြီး သူတို့ သုံးဦးက အမြန်လိုက်သွားတော့၏။ တုချန်းဖုန်းက ကျင်း စီရင်စုမှ ထိပ်တန်း ပညာရှင်ဖြစ်ပြီး ချီရှန်းလုံက ချီရှန်းအဆင့် သိုင်းပညာရှင်ဖြစ်လေရာ သူတို့ သုံးဦးက နှစ်မိနစ်မပြည့်မီ အ၀ိုင်းပတ်သို့ ရောက်နိုင်၏။
မလှမ်းမကမ်း ရောက်သည့်တိုင်အောင် သူတို့က အဖွဲ့ခွဲမှူး ကျင်း၏ အော်သံကို ကြားနေရသေး၏။ သူတို့နား၌ ၀ိုင်းနေသည့် ဖြတ်သန်းသွားလာသည့်သူများလည်း ရှိနေပြီး လက်ညှိုးထိုးနေလေ၏။ ဘာဖြစ်နေမှန်း မသိရပေ။
” မင်း ရူးသွားပြီလား။ ဒီမှာ ကျင့်ကြံချင်နေတာလား။ စီရင်စု ကိုးခုရဲ့ ဓားသိုင်းပညာရှင်တွေကို စိန်ခေါ်ဖို့ကရော။ မင်းရဲ့ ဆရာကိုရော ဘယ်လိုလုပ်မလဲ”
သုံးယောက်သားက လူအုပ်ကြီးကို ဖြတ်ကျော်လျက် အ၀ိုင်းပတ်က ပန်းခင်းဘေးကို ရောက်လာလေ၏။ သူတို့က ပန်းခင်းဘေးရှိ ရွှေရောင်နွားသိုး ရုပ်တုရှေ့၌ တင်ပလ္လင်ချိတ်ခွေ ထိုင်လျက် ယုံကြည်သက်၀င်နေသော သူတစ်ဦးသဖွယ် နွားသိုးပေါ်ရှိ ဓားရာကို စိုက်ကြည့်နေသည့် ဖျောင်ကျန့်ရှန်ကို တွေ့လိုက်ရ၏။
အဖွဲ့ခွဲမှူး ကျင်းက သူ့ကို ဒေါသတကြီး ကျိမ်းမောင်းနေလေ၏။ ကူကယ်မဲ့နေသော မျက်နှာထားဖြင့် မြို့စောင့်တပ်ဖွဲ့၀င်အချို့လည်း ရှိနေသည်။
” ဘုရားသခင် ဒီဓားသိုင်း မယုံနိုင်စရာကောင်းလိုက်တာ”
ချီရှန်းလုံနှင့် တုချန်းဖုန်းက ရောက်လာပြီး တစ်ချက်ကြည့်လိုက်၏။ သူတို့၏ သူငယ်က ကျုံ့သွားကာ အသက်ရှူမှားကုန်သည်။ သူတို့၏ မွေးညင်းများလည်း ထောင်ထကုန်၏။ ချင်ယွိယန်က ဓားသိုင်းမကျင့်ကြံတော့သော်ငြား သူမ၌ အတွေ့အကြုံရှိသည်။ ထို့ကြောင့် သူမအဘိုးကဲ့သို့ တစ်ချက်ကြည့်ရုံဖြင့် နက်နဲမှုကို မမြင်နိုင်သော်လည်း သူမကို ခေါင်းခါမိစေကာ ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေသည်။ ဓားရာက အားနည်းပြီး မြစ်ဘေးရှိ ဓားမော့ပညာရှင်၏ ဓားရာအောက် အာနိသင်လျော့သော်ငြား ဓားရာထဲတွင် ရှိနေသည့် ဓားဆန္ဒက မြစ်ဘေးမှ ဓားမော့ဆန္ဒအောက် မလျော့ပေ။ ဓားမော့ဆန္ဒက ချင်ယွိယန်၏ စိတ်ထဲတွင် ရှိနေသေး၏။ ထို့ကြောင့် နှစ်ခုကြားထဲရှိ ကွာဟချက်ကို သိရှိနိုင်လေပြီး လျစ်လျူရှု၍ မရနိုင်ပေ။
ကျန်းဟိုင်မြို့ထဲတွင် ဓားသိုင်းပညာရှင်တစ်ဦး အမှန်တကယ် ရှိနေလေသည်။ ထို ဓားသိုင်းပညာရှင်၏ ခွန်အားက ဆန်းကြယ် သိုင်းပညာရှင်အောက် မလျော့ပေ။ ထိုစဥ် မြို့စောင့်တပ်ဖွဲ့၀င်များကလည်း ရောက်လာလေ၏။
” ဒါရိုက်တာ ချင်။ ဒီကိစ္စက”
” ငါ့ဆီ အပ်ထားလိုက်။ သူတို့ကို လူစုခွဲဖို့ ပြောလိုက်တော့”
” ဟုတ်ကဲ့”
မြို့စောင့်တပ်ဖွဲ့၀င်များက အုံလာသော လူအုပ်ကြီးကို မြန်မြန်ဆန်ဆန် ဖယ်ရှားနေတော့၏။ ချီရှန်းလုံနှင့် ကျန်သည့်သူများကလည်း အ၀ိုင်းပတ်နားရှိ ပန်းခင်းကို ခုန်ကျော်လျက် ဖျောင်ကျန့်ရှန် ဘေးသို့ ရောက်လာကြသည်။
” ဖျောင်ကျန့်ရှန်။ ဒီဓားရာကို ဘယ်လိုရှာတွေ့သွားတာလဲ”
ဖျောင်ကျန့်ရှန်သည် နောက်ဆုံး၌ အိပ့်မွေ့ချခံထားရသည့် အနေအထားမျိုးမှ နိုးထလာပြီးနောက် သူတို့ သုံးယောက်ကို လှည့်ကြည့်လာ၏။
“ကျွန်တော် မြင်လိုက်တာပဲ။ ကျန်းဟိုင်မြို့မှာ ကျင့်ကြံဖို့ ပြင်ဆင်နေပြီး ဒီဓားဆန္ဒကို နားလည်သဘောပေါက်တဲ့အချိန်မှ ထွက်သွားမယ်။ ဒါရိုက်တာ ချင်။ ဒါက စည်းမျဥ်းကို မဆန့်ကျင်ဘူးမလား”
” ဒါက”
ချီရှန်းလုံက မျက်ခုံးပင့်မိသွားပြီးနောက် ခေါင်းညိတ်လိုက်တော့သည်။ သူပြောနိုင်တာ ဘာမှမရှိပေ။ ထိုဓားရာက အလွန်သန်မာပြီး စီရင်စု ကိုးခု၏ အပိုင်ဖြစ်သော်ငြား တခြားသူများ မြင်တွေ့ခြင်းမှ ဟန့်တားထားနိုင်သော ဥပဒေ မရှိပေ။ ဆိုရလျှင် ယင်းက စီရင်စု ကိုးခု၏ လျို့၀ှက်ချက် မဟုတ်ပေ။
ရိုးရိုးသားသားဆိုရလျှင် ဖျောင်ကျန့်ရှန် မဆိုထားနှင့် သူတောင် ထိုဓားရာကို လေ့လာရန် ရွှေရောင် နွားသိုးရုပ်တုဘေးတွင် နေ့ရောညပါ နေချင်မိသည်။
ထိုဓားသိုင်းပညာရှင်က အစွမ်းထက်လွန်း၏။ သန်မာလွန်းသည့်အတွက်လည်း ဖျောင်ကျန့်ရှန်ကဲ့သို့သောသူပင် သူ့ကို အညံ့ခံလာစေသည်အထိ ပြုလုပ်နိုင်ခဲ့ပေသည်။
အဖွဲ့ခွဲမှူးကျင်းက မျက်လုံးလှန်ကြည့်လိုက်၏။ ဖျောင်ကျန့်ရှန်က ယခု သူ့ကို လျစ်လျူရှုလိုက်ပြီ ဖြစ်သည်။ အဘယ်ကြောင့် သူ့ကို ဖျောင်ကျန့်ရှန်က ယခုကဲ့သို့ ပြုမူနေရခြင်းအကြောင်းအား မသိရှိပေ။
ယခု ရွှေရောင် နွားသိုးရုပ်တုပေါ်ရှိ ဓားရာတွင် ဓားဆန္ဒ ပါ၀င်နေကြောင်း နားလည်သွားပုံ ပေါ်၏။ ယင်းက အင်မတန် အဘိုးထိုက်တန်သည့် အရာ ဖြစ်ရမည်။
” အဟွတ်။ အဟွတ်”
သူက ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် ချက်ချင်းပြောလိုက်တော့သည်။
” ဒါရိုက်တာ ချင်။ ဒီလိုဆိုရင်ရော။ ဒီရွှေရောင် နွားသိုး ရုပ်တုကို ရောင်းနိုင်မလား။ ကျုပ်တို့ ပိုက်ဆံ ဘယ်လောက်ပဲ ဖြစ်ဖြစ် ပေးဖို့ ဆန္ဒရှိပါတယ်”
အပိုင်း ၂၇ ပြီး၏။