အပိုင်း ၉၄•၂
” ရေခဲဧကရီနိုးထခြင်း ”
°°°
ဟို့ယွိဟောင်က အတိတ်အချိန်မှာ ဒီစွမ်းရည်ကိုတစ်ခါမှအသုံးမပြုခဲ့ပါဘူး။ ဒီစွမ်းရည်ကိုအသုံးပြုဖို့အတွက် အနည်းဆုံး၀ိညာဥ်ဘုရင်အဆင့်ကို ရောက်နေခဲ့ရမှာပါ။ ဒါ့အပြင် ရေခဲဧကရီကင်းမြီးကောက်သူ့ကိုပေးထားတဲ့ ၀ိညာဥ်စွမ်းရည်လေးခုထဲမှာ အမြင့်ဆုံးတိုက်ခိုက်မှုရှိတဲ့ စွမ်းရည်ပါပဲ။
ကျန်ရစ်တဲ့၀ိညာဥ်စွမ်းအားတွေအားလုံးကို အသုံးပြုရင်း ရေခဲဧကရီက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ပေးလိုက်ပါတယ်။
ရေခဲဧကရီရဲ့ အမျက်ဒေါသကို မူလရေခဲဧကရီသာ အသုံးပြုမယ်ဆိုရင် သေချာပေါက် နယ်မြေတစ်ခွင်လုံးအေးခဲလို့သွားမှာပါ။ ဒါ့အပြင် ရေခဲဧကရီတစ်ယောက်သာ ဒီချိတ်ပိတ်စည်းကို ဖယ်ရှားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူမရဲ့အမျက်ဒေါသက လက်ရှိအချိန်မှာကတော့ ယဲ့၀ူချင်းကို ရင်ဆိုင်နိုင်ရုံလောက်သာရှိပြီ တခြားသူတွေကို မတိုက်ခိုက်နိုင်သေးပါဘူး။
ရေခဲဧကရီရဲ့ အသိစိတ်က ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲကို ပြန်၀င်သွားပြီတဲ့နောက် ဟို့ယွိဟောင်လဲ ခပ်မြန်မြန်ပဲ သူ့ရဲ့စွမ်းအားတွေကို ပြန်ခံစားရပါတော့တယ်။ ကံမကောင်းစွာနဲ့ပဲ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်သတိလစ်သွားခဲ့ပါပြီ။ သူသာသတိရနေဦးမယ်ဆိုရင်ကတော့ သေချာပေါက် မကျေမနပ်ဖြစ်မိမှာပါ။ ဒါပေမယ့် သူကလဲ လက်ရှိအချိန်မှာ အသက်ဆယ်သုံးနှစ်အရွယ်သာရှိပါသေးတယ်။
ဟို့ယွိဟောင်ရဲ့ ကြိုးစားအားထုတ်မှုက ပေ့ပေ့ရဲ့စတေးမှုအလာဟသမဖြစ်စေတာကို သေချာသွားစေခဲ့ပါတယ်။ မိုးထိလွှာကျောင်းတော်ရဲ့ အသန်မာဆုံးသူဖြစ်တဲ့ ယဲ့၀ူချင်းက နောက်ဆုံးမှာတော့ ပြိုင်ပွဲအပြင်ကို ရိုက်ထုတ်ခံလိုက်ရပါပြီ။
အရည်အတွက်အရ အမျက်ဒေါသကျောင်းတော်မှာ လူသုံးယောက်ကျန်ရှိနေခဲ့ပြီ တစ်ဖက်အဖွဲ့မှာကတော့ စက်ကွမ်းကန်သာ ကျန်ရှိပါတော့တယ်။ ဒါပေမယ့် အမျက်ဒေါသကျောင်းတော်တကယ်နိုင်နိုင်မှာလား။
ဟို့ယွိဟောင်သတိလစ်သွားတာကို မြင်မြင်ချင်အချိန်မှာပဲ ၀မ်သုန့်က ပြေးလာပါတော့တယ်။ စက်ကွမ်းကန်ကလဲ သူ့ရဲ့၀ိညာဥ်စွမ်းအားကို အပြည့်အ၀ဖြည့်ပြီးပါပြီ။ ဒါကြောင့် ၀မ်သုန့်ကိုကြည့်ရင်း သူနိုင်မယ်လို့လုံး၀ယုံကြည်ချက်အပြည့်အ၀ရှိနေခဲ့ပါတယ်။
ဟို့ယွိဟောင်က၀ိညာဥ်စွမ်းအားတွေအားလုံးကုန်ဆုံးလို့သွားပြီဖြစ်တဲ့အတွက် သူက အကူအညီကင်းမဲ့တဲ့ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ၀မ်သုန့်ရဲ့ပုံစံက စက်ကွမ်းကန်ကို ခြိမ်းခြောက်မှုမဖြစ်စေနိုင်တာအမှန်ပါ။
” အဆုံးသတ်မှာကတော့ ဒီပြိုင်ပွဲကို ပြီးဆုံးအောင်လုပ်ဖို့ ငါတာ၀န်ပဲဖြစ်လာပါလား ”
စက်ကွမ်းကန်က ၀မ်သုန့်ဆီကို ဖြည်းဖြည်းချင်းလျှောက်လာလို့နေခဲ့ပါတယ်။ တစ်ဖက်မှာကတော့ ဟို့ယွိဟောင်ဆီကို မြန်နိုင်သလောက်မြန်အောင် ပြေးနေခဲ့တဲ့ ၀မ်သုန့်က ရပ်တန့်လို့သွားခဲ့ပါပြီ။
၀မ်သုန့်ရဲ့အနောက်ဖက်မှာကတော့ အစောကြီးကထဲက သတိလစ်နေပြီဖြစ်တဲ့ပေ့ပေ့က ရင်ဘတ်တစ်ခုလုံး သွေးအလိမ့်လိမ့်နဲ့လှဲနေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အရှေ့မှာကတော့ ဟို့ယွိဟောင်က သတိလစ်နေခဲ့တယ်။ နှုတ်ခမ်းကလဲတင်းတင်းစေ့ထားဆဲပါ။ ဒါကိုမြင်ချိန်မှာကတော့ ၀မ်သုန့်ရဲ့အကြည့်တွေက ပိုပြီးပူပြင်းတောက်လောင်လာပါတော့တယ်။
” သူတို့နှစ်ယောက်ကိုခေါ်ပြီ မင်းဆင်းသွားလိုက်တာပိုကောင်းလိမ့်မယ်..ပြီရင် ကိုယ်တိုင်လဲဆင်းသွားလိုက်ပေါ့ ငါက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးဖြစ်နေပြီ မင်းအနေနဲ့ အခွင့်အရေးမရှိနိုင်တော့ဘူး ”
စက်ကွမ်းကန်က ၀မ်သုန့်ကိုပြောနေခဲ့ပါတယ်။
” မင်းက အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်သက်သက်ပဲ ဘယ်လိုကြောင့်များ ငါ့ကိုအနိုင်ရနိုင်မယ်လို့ မင်းကိုယ်မင်းထင်နေတာလဲ ”
၀မ်သုန့်က ပြန်ပြောလိုက်ပါတယ်။
” ငါက အထောက်အပံ့ပြုရေး၀ိညာဥ်ပညာရှင်တစ်ယောက် ဖြစ်နေခဲ့ပေမဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပဲလေ အခုအချိန်မှာ မင်းထက်ငါ့ကပိုပြီး ၀ိညာဥ်စွမ်းအားတွေအများကြီးရှိတယ်…မင်းလက်ထဲမှာရှိနေတဲ့ ၀ိညာဥ်စုပ်ယူခေါင်းလောင်းတစ်ခုထဲနဲ့တင် မင်းကိုအနိုင်ယူနိုင်ရစေဖို့ သေချာနေပြီ ကောင်လေးမြန်မြန်လုပ် ငါမင်းနဲ့အချိန်မဖြုန်းချင်ဘူး ”
ပြောရင်းနဲ့ စက်ကွမ်းကန်က အရမ်းစိတ်လှုပ်ရှားလာပါတော့တယ်။ သ့နှလုံးခုန်သံတွေတောင် မြန်နေခဲ့ပါပြီ။
ပြိုင်ပွဲကိုအနိုင်ရမှုနဲ့ ထွက်ခွာလာတဲ့ချိန်မှာ စက်ကွမ်းကန်က သေချာပေါက် သမိုင်းသစ်တစ်ခုကို ရေးထွင်းနိုင်ပါလိမ့်မယ်။ သူ့ရဲ့နာမည်ကလဲ မိုးထိလွှာကျောင်းတော်ရဲ့ သမိုင်းထိပ်ဆုံးမှာရောက်နေတော့မှာပါ။ အဒေါသကျောင်းတော်ကို နှစ်ပေါင်းသုံးထောင်အတွင်းမှာ ပထမဆုံးအနိုင်ယူပြီ ကျန်ရှိနိုင်တဲ့ တစ်ယောက်တည်သော ကျောင်းတော်သားအဖြစ်သူကတည်ရှိပါလိမ့်မယ်။ ဒီကလေးတွေက ဘယ်လိုအဖွဲ့ပဲဖြစ်ပါစေ သူတို့ကသေချာပေါက် အမျက်ဒေါသကျောင်းတော်ရဲ့ ကိုယ်စားပြုကျောင်းသားတွေဖြစ်နေဆဲပါပဲ။
” ငါနိုင်ပြီ ငါနိုင်ပြီ တကယ်ကိုမမျှော်လင့်ထားအောင် အပြတ်အသတ်နိုင်တာပဲ စက်ကွမ်းကန်က သူဘယ်လောက်အထိပျော်နေလဲဆိုတာကို ဖုံးကွယ်ဖို့တောင်ခက်ခဲလို့နေခဲ့ပါတယ်။ ဒါကြောင့် စိတ်မထိန်းနိုင်လောက်အောင် ပြုံးနေခဲ့မိပါတယ်။
” အစ်ကိုကြီးပေ့ပေ့ တစ်ခေါက်ပြောဖူးတယ်…အနိုင်အရှုံးဆိုတာ အစောကြီးမယူဆသင့်ဘူး ”
၀မ်သုန့်က ပြောရင်းနဲ့ စက်ကွမ်းကန်ဆီကို လျှောက်လာပါတော့တယ်။
စက်ကွမ်းကန်ကတော့ သူ့ရဲ့စတုတ္ထ၀ိညာဥ်စွမ်းရည်ကို စတင်အသုံးပြုရင်း ၀မ်သုန့်ရဲ့စိတ်၀ိညာဥ်ကို ထိန်းချုပ်ဖို့လုပ်ပါတော့တယ်။ လုံး၀ကို အလောမကြီးခဲ့ပါဘူး။ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့၀င်တွေအားလုံးက ဒီလောက်အထိ သန်သန်မာမာနဲ့ ခေါင်းမာနေကြမှာတော့ သူ့အနေနဲ့ ဒီလိုကြိုးစားအားထုတ်မှုကို ချေမွပြစ်ဖို့ဆိုတာ ပိုပြီးတော့ကို စိတ်အားထက်သန်လာခဲ့ပါပြီ။
” အသုံးမ၀င်ဘူး ကောင်လေး မင်းနားမလည်သေးဘူးလား မင်းရဲ့၀ိညာဥ်စွမ်းအားက အခုအချိန်မှာ ကုန်ဆုံးလုနီးပါးဖြစ်နေပြီ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကလဲ နောက်ထပ်ဘယ်လိုစွမ်းအားမှ မထုတ်လွှတ်နိုင်တော့ဘူး ငါ့ကိုဘယ်လိုတိုက်ခိုက်မှာလဲ အမြန်လက်လျှော့လိုက် ဒါဆိုရင် ငါမင်းကိိုထိခိုက်အောင်မလုပ်ဘူး ”
စက်ကွမ်းကန်က ပြုံးပြရင်းပြောနေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ လူတစ်ယောက်က သူ့ရှေ့မှာဦးညွှတ်ပြီတောင်းပန်နေတာကို သူမြင်ရဖို့မစောင့်နိုင်တော့ပါဘူး။
၀မ်သုန့်က ပိုမြန်မြန်လျှောက်လာရင်း ပြောခဲ့ပါတယ်။
” ငါ့ရဲ့သိုင်းပညာ၀ိညာဥ်က ဘယ်လိုစွမ်းအားကိုမှ မထုတ်လွှတ်နိုင်တော့ဘူးဆိုတာ မင်းသေချာရဲ့လား ”
နှစ်ဖက်စလုံးက လက်ရှိအချိန်မှာ မီတာလေးဆယ်သာကွာဝေးပါတော့တယ်။
လက်ရှိအချိန်မှ စက်ကွမ်းကန်က တခဏတာဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ပြီတဲ့နောက် ပြန်ပြောတော့တယ်။
” မင်းရဲ့သိုင်းပညာ၀ိညာဥ်က စွမ်းအားထုတ်လွှတ်နိုင်ရင်တောင် ဘာအသုံး၀င်နိုင်ဦးမှာလဲ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကို အကောင်းဆုံးကြိုးစားပြီ ထုတ်လွှတ်မှာတော့သေချာတယ်..ဒါပေမယ့် မင်းရဲ့သိုင်းပညာ၀ိညာဥ်ဘယ်လောက်အားနည်းနေလဲဆိုတာကို ငါခံစားနိုင်တယ်..သတ္တိရှိချင်ယောင်ဆောင်နေတာ ရပ်လိုက်တော့ မင်းရဲ့သိုင်းပညာ၀ိညာဥ်ပုံစံအရ စွမ်းအားကိုအဆုံးစွန်းအထိသုံးပြီ တိုက်ခိုက်တဲ့ပုံစံမှာအားကောင်းတဲ့ပုံမပေါ်ဘူး..ဒါ့အပြင် ငါတို့လို၀ိညာဥ်ပညာရှင်တွေအတွက် စွမ်းအားအများကြီးစုပြီး တိုက်ခိုက်တဲ့အချိန် ပိုသုံးတဲ့ပုံစံနဲ့တူနေတယ်..လက်ရှိအချိန် မင်းမှာတခြား၀ိညာဥ်စွမ်းရည်မရှိတော့ဘူးမဟုတ်လား ဟန်ဆောင်မနေနဲ့ ရပ်လိုက်တော့ ”
၀မ်သုန့်က အသက်ပြင်းပြင်းရှုသွင်းနေခဲ့သလို သူ့ရဲ့အကြည့်ကလဲ ပိုမိုအေးစက်လာခဲ့ပါတယ်။
” ၀ိညာဥ်စွမ်းရည်မရှိပဲနဲ့ အနိုင်မယူနိုင်ဘူးလို့ ဘယ်သူပြောလဲ ”
အဲ့ဒီနောက် သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အလင်းတန်းတွေက စတင်ထွက်ပေါ်လို့လာခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းကတော့ တစ်ကွင်းတောင်ပေါ်မလာခဲ့ပါဘူး။ သူ့ရဲ့လက်ထဲမှာ ရိုးရှင်းပြီမထူးခြားတဲ့ အမဲရောင်တူတစ်လက်ကသာ ပေါ်လာခဲ့ပါတယ်။ ဒီတူက အနက်ရောင်အလင်းတန်းတွေနဲ့သာ ပြည့်နှက်လို့နေခဲ့ပြီ အတော်ကိုခိုင်မာထူထပ်တဲ့ အငွေ့အသက်သာရှိနေခဲ့တယ်။
စက်ကွမ်းကန်ကတော့ ပါးစပ်အဟောင်းသားနဲ့သာ ပြောလိုက်ပါတယ်။
” မင်းတို့အမျက်ဒေါသကျောင်းတော်ရဲ့လူတွေကတော့ တကယ်မကောင်းတဲ့အကောင်ကြီးတွေပဲ ဒါပေမယ့် မင်းတို့မှာအခွင့်အရေးမရှိတော့ဘူး ”
သူပြောရင်းနဲ့ ချက်ချင်းဆိုသလို သူ့ခေါင်းလောင်းကို ခါလိုက်ပါတော့တယ်။ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ စိတ်၀ိညာဥ်ထိန်းချုပ်မှုကို ၀မ်သုန့်ဆီမှာ အသုံးချဖို့လုပ်ပါပြီ။
၀မ်သုန့်ကတော့ လှောင်ရယ်တဲ့အပြုံးနဲ့ အရှေ့ကိုဆက်တိုးလာပါတော့တယ်။ ဒီအလင်းတန်းတွေကို တစ်ချက်လေးတောင် ဂရုမစိုက်ခဲ့ပါဘူး။
၀မ်သုန့်ရဲ့ မျက်ခုံးအလယ်ကြားမှာ အလင်းတန်းတစ်ခုက ပေါ်လာခဲ့ပါပြီ။ ဒီရွှေရောင်အလင်းတန်းက အချိန်နဲ့အမျှကြီးထွားလို့လာနေခဲ့ရင်း မျက်စိကန်းမတတ်ကို ကြီးမားလို့လာပါတော့တယ်။ ဆယ်မီတာကျော်ရှိတဲ့ ဒီအလင်းတန်းကိုမြင်ချိန်မှာတော့ စက်ကွမ်းကန်က အော်လိုက်ပါပြီ။ အဲ့ဒီနောက် ပါးစပ်အပြည့်သွေးတွေကို အန်ထုတ်မိပါတော့တယ်။ သူရဲ့ဦးနှောက်တစ်ခုလုံးပွင့်ထွက်တော့မလိုခံစားလို့နေခဲ့ရပြီ လက်ထဲမှာရှိနေတဲ့ ၀ိညာဥ်စုပ်ယူခေါင်းလောင်းကလဲ အစိတ်စိတ်အမွှာမွှာဖြစ်သွားပါတော့တယ်။
၀မ်သုန့်ရဲ့လက်ထဲမှာရှိတဲ့ တူကြီးကတော့ သူ့လက်ထဲကနေ ပျံထွက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် လေထဲမှာဆက်တိုက်ဆိုသလို လှည့်ပတ်လိုသွားခဲ့ရင်း စက်ကွမ်းကန်ရဲ့ရင်ဘတ်ပေါ်ကို တန်းတန်းမတ်မတ် ကျရောက်လို့လာပါတော့တယ်။
ရုတ်တရက်လူတစ်ယောက်က စက်ကွမ်းကန်ရဲ့ ခန္ဓာကိုယ်အရှေ့မှာ ပေါ်ထွက်လို့လာခဲ့ရင်း အဲ့ဒီတူကြီးကို ခုခံလိုက်ပါတယ်။ ကာကွယ်လိုက်သူရဲ့ခန္ဓာကိုယ်ပေါ်ကို တူကြီးကျရောက်ချိန်မှာကတော့ ကာကွယ်လိုက်သူလဲ နောက်ကိုခြေလှမ်းနှစ်လှမ်းဆုတ်သွားရရင်း အသက်တောင်မရှုနိုင်ပဲ ထပြီပြောတော့တယ်။
” ကောင်းလိုက်တဲ့အင်အားပါလား ”
အနက်ရောင်အလင်းတန်းတွေ ပျောက်ကွယ်လို့သွားချိန်မှာကတော့ ဒီတူကြီးလဲပျောက်ကွယ်သွားတာကို လူတိုင်မြင်လိုက်ရပါတယ်။
၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ခါလို့သွားပေမဲ့ သူက ရပ်တန့်နေဆဲပါ။
စက်ကွမ်းကန်အစား ၀ိညာဥ်သူတော်စင်တစ်ယောက်က ဒီတိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်တာလား။ ဒိုင်လူကြီးမင်းရဲ့ ပေါ်ထွက်လာခဲ့မှုကြောင့် ဒီပြိုင်ပွဲက အဆုံးသတ်သွားပြီလို့ ဆိုလိုပါတယ်။
” သူတို့တကယ်ကြီးကို နိုင်သွားပြီ ”
၀မ်ယန်က ပါးစပ်အဟောင်းသားနဲ့ ပြောလိုက်မိပါတယ်။ ဟို့ယွိဟောက်ဘက်ကို လှမ်းကြည့်နေခဲ့တဲ့ ၀မ်သုန့်ရဲ့နှုတ်ခမ်းတွေကတော့ တုန်ရီလို့နေခဲ့တယ်။ ၀မ်ယန်လဲ တကယ်ဘာပြောရမှန်းမသိတော့ပါဘူး။ ၀ိညာဥ်ဘိုးဘေးလေးယောက် ၀ိညာဥ်အကြီးအကဲတစ်ယောက်နဲ့ ၀ိညာဥ်မဟာပညာရှင်နှစ်ယောက်သာရှိနေခဲ့တဲ့ဒီအဖွဲ့က ၀ိညာဥ်ဘုရင်သုံးယောက်နဲ့ ၀ိညာဥ်ဘိုးဘေးလေးယောက်ပါတဲ့အဖွဲ့ကို အနိုင်ယူလိုက်တာပါ။
အမျက်ဒေါသကျောင်းတော်က သူကိုယ်တိုင်တောင် မယုံနိုင်သေးပါဘူး။
ဟယ့်ချိုက်ထို့လဲ တအံ့တဩဖြစ်နေခဲ့ပါတယ်။ သူဒုတိယပွဲကို ရှုံးနှိမ့်တဲ့အချိန်တုန်းက ရှိသမျှကိစ္စတွေအဆုံးသတ်သွားပြီလို့ ထင်နေခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ပြိုင်ဘက်အဖွဲ့မှာက အဆင့်ငါးဆယ်ရှစ်၀ိညာဥ်ဘုရင်တစ်ယောက်ရှိနေသေးတာပါ။ ဒါပေမယ့်လဲ နောက်တစ်ကြိမ်အံ့ဖွယ်ရာက ဖြစ်ပေါ်လို့လာခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်က သူတို့ရဲ့နိုင်ပွဲကို သွေးတွေနဲ့ခင်းခဲ့ရတယ်လို့ ပြောလို့ရနိုင်ပေမဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ တကယ်ဂုဏ်ကျက်သရေကိုတော့ လုံး၀မပျောက်ဆုံးခဲ့ပါဘူး။ နောက်တစ်ကြိမ်မှာတော့ ရှုံးပွဲမရှိတဲ့ကျောင်းတော်က သူတို့ရဲ့စံချိန်ထိန်းထားပြီ အနိုင်ရခဲ့ပါတယ်။
ပြိုင်ပွဲတစ်ခုလုံးက အရမ်းကို အလှည့်အပြောင်းများပြီ ရင်နာဖွယ်ရာကောင်းတယ်လို့သာ ပြောလို့ရနိုင်တော့တယ်။ ပထမအချီမှာ ရှုစန်းရှီက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ တကယ်တော့ ဒဏ်ရာတွေကို ချဲ့ကားပြီပြောဆိုတာဖြစ်ပေမဲ့ ပေ့ပေ့ကသာ ဒဏ်ရာအရင်းအမြစ်ကိုသိသူပါ။
ဒုတိယအချိီမှာကတော့ ဟယ့်ချိုက်ထို့က ရှိသမျှစွမ်းအားကို မကုန်လုံးထုတ်သုံးသလို ရှောင်းရှောင်းကလဲ ဒဏ်ရာကြီးကြီးမားမားရသွားခဲ့ပါတယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်တောင်မှ ဖျက်ဆီးခံရလုနီးပါးဖြစ်သွားခဲ့ပါပြီ။ သိုင်းပညာနှစ်ခုနဲ့ မွေးဖွားလာတာကြောင့်သာ မဟုတ်ရင် သေချာပေါက် ပြိုင်ပွဲနှစ်ခုလုံးက ထွက်ခွာဖို့နဲ့ဆက်ပြီမကျင့်ကြံနိုင်ဖို့အတွက် အတားအဆီးကြီးဖြစ်သွားတော့မှာပါ။
တတိယအချီကလဲ အဆုံးသတ်မကောင်းခဲ့ပါဘူး။ ပေ့ပေ့ကလဲ ပြင်းထန်တဲ့ဒဏ်ရာရပြီ သတိလစ်သွားခဲ့သလို ဟို့ယွိဟောင်ကလဲ သတိလစ်လို့နေခဲ့ပါပြီ။ နောက်ဆုံးနိုင်ပွဲကိုတော့ စွမ်းအားကုန်ဆုံးနေပြီထင်ရတဲ့ ၀မ်သုန့်ကြောင့် အောင်နိုင်လို့သွားခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ သုံးချီစလုံးက အမျက်ဒေါသကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော်ဘယ်လောက်အထိ အကောင်းဆုံးကြိုးစားခဲ့လဲဆိုတာကို သိသာနေစေခဲ့ပါတယ်။ ဒါ့အပြင် ရှိရှိသမျှလှည့်ကွက်တွေအားလုံးကို သူတို့ထုတ်သုံးခဲ့တာပါ။ သိီးသိီးလေးအားအောင်နိုင်လို့ သွားပေမဲ့ အများကြီးအားနည်းတဲ့အဖွဲ့တစ်ခုက အနိုင်ရသွားခဲ့မှုပါပဲ။
ခက်ခက်ခဲခဲအနိုင်ရသွားခဲ့ပေမဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ အဖွဲ့ကတော့ သေချာပေါက် တောက်ပနေဆဲပါ။ ယှဥ်ပြိုင်လို့မရနိုင်တဲ့ တောက်ပမှုကို သူတို့ပိုင်ဆိုင်ထားဆဲပါပဲ။
၀မ်ယန်ရဲ့မျက်နှာပေါ်မှာကတော့ မျက်ရည်တွေကတော့ စီးကျလို့လာခဲ့ပါပြီ။ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ရဲ့ တောင့်ခံမှုတွေကို သူလက်ရှိအချိန်မှာ နားလည်နိုင်ဖို့ကြိုးစားနေဆဲပါပဲ။
ဒါပေမယ့် လက်ရှိအချိန်မှာ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်တို့ လုပ်ဆောင်ခဲ့တဲ့ အံ့ဖွယ်ရာတွေအစား သူတို့ရလာခဲ့တဲ့အောင်နိုင်မှုကသာ သူ့စိတ်ထဲမှာရစ်၀ဲလို့နေခဲ့ပါတယ်။ တကယ်ကို ကျောင်းတော်အတွက် အနိုင်ယူပေးနိုင်ခဲ့ပါပြီ။
လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအတွင်းမှာ အမျက်ဒေါသကျောင်းတော်အတွက် အနိုင်ရမှုဆိုတာက မခက်ခဲခဲ့ပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲကတော့ တကယ်ကိုခက်ခဲခဲ့ပါတယ်။ ၀မ်ယန်ရဲ့နှလုံးသားထဲမှာကတော့ အမျက်ဒေါသကျောင်းတော်ရဲ့ အလွယ်တကူအနိုင်ရမှုတွေအားလုံးကို ဒီအောင်ပွဲကပိုပြီး သာလွန်လို့နေခဲ့တယ်။ သူ့အနေနဲ့ ကြယ်ပွင့်ခုနှစ်ပွင့်က ဖြည်းဖြည်းချင်းတောက်ပလာတာကို မြင်နေခဲ့ရပါတယ်။ မဝေးတော့တဲ့အနာဂတ်မှာ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်က သေချာပေါက် ကျောင်းတော်အတွက် အကြီးမားဆုံးထောက်တိုင်ကြီးတွေ ဖြစ်လာတော့မှာပါ။ ဒါ့အပြင် အပေါ်မှာကတော့ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်တောင် သူ့ရဲ့ပလ္လင်ပေါ်ကနေထရင်း ကြည့်နေခဲ့ပါပြီ။
အပိုင်း ၉၄•၂ ပြီး၏။