အပိုင်း ၈၉•၁
” ရွှမ်၀ူနိုးထမှု ”
°°°
မိုးထိလွှာကျောင်းတော်က ဒီအဖွဲ့မှာရှိတဲ့လူနှစ်ယောက်က အမျက်ဒေါသကျောင်းတော်ရဲ့ အသန်မာဆုံးအတွဲမဟုတ်ဘူးဆိုတာ လုံး၀ကိုနားလည်သွားပါတော့တယ်။ ဒါပေမယ့် သူတို့က အမျက်ဒေါသကျောင်းတော်ရဲ့ကိုယ်စားပြုတွေဖြစ်နေဆဲပါပဲ။ သူတို့ကိုသာ အနိုင်ယူလိုက်မယ်ဆိုရင် အမျက်ဒေါသကျောင်းတော်ကို နှစ်ပေါင်းသုံးထောင်အတွင်းမှာ ပထမဆုံးအနိုင်ယူနိုင်တဲ့အဖွဲ့ဖြစ်လာမှာပါ။ ဒီလိုအောင်မြင်မှုမျိုးနဲ့ အရှိန်အ၀ါက မိုးထိလွှာကျောင်းတော်အတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် ကြီးမားလှပါတယ်။
ဒါကြောင့်သာ မိုးထိလွှာကျောင်းတော်က ဒီပြိုင်ပွဲအတွက်ကို အကြီးကြိုးကြိုးစားစားပြင်ဆင်ထားခဲ့တာပါ။ အခြေအနေတွေက သူတို့ကို ဆက်တိုက်စိတ်ဓာတ်တက်ကြွအောင်လုပ်ဆောင်ပေးနေခဲ့ပြီပြိုင်ပွဲတွေကို အနိုင်ရဖို့အထိ စိတ်ဆုံးဖြတ်ချက်ခိုင်မာစေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်အနေနဲ့ ၀ိညာဥ်ဘိုးဘေးနှစ်ယောက်ကိုသာ စေလွှတ်ခဲ့တဲ့အကြောင်း ယွိမုန့်တိမြင်ပြီတဲ့နောက် စိတ်အေးသွားပါတော့တယ်။ သူမရဲ့အမြင်အရ ပြိုင်ပွဲရဲ့အဆုံးအဖြတ်က သူတို့လက်ထဲမှာရှိနေခဲ့ပါပြီ။ ၀ိညာဥ်ဘုရင်နဲ့ ၀ိညာဥ်ဘိုးဘေးတွေရဲ့တိုက်ပွဲမှာ သေချာပေါက် သူမက အင်အားကြီးနေတာအမှန်ပါ။ သူမရဲ့သိုင်းပညာ၀ိညာဥ်ကလဲ အားကောင်းလွန်ပါသေးတယ်။ ကိုယ်ရဲ့စွမ်းရည်တွေကို ကိုယ့်ကိုကိုယ်ယုံကြည်ချက်အပြည့်ရှိနေခဲ့တယ်။
ယွိမုန့်တိက အတောင်ပံတွေကို တဖျတ်ဖျတ်ခတ်ရင်း အရှိန်ကိုမြင့်တင်လိုက်ပါပြီ။ သူမရဲ့ စိတ်လှုပ်ရှားမှုတွေက ရှုစန်းရှီဆီကို ပြေး၀င်လာချိန်မှာတော့ ရွှေရောင်ဥက္ကာပျံကြီးတစ်ခုလိုပုံစံဆောင်နေခဲ့ပါတော့တယ်။ တူညီစွာလှုပ်ရှားခဲ့တဲ့ ယန်ယိဖန်းကတော့ သူမနဲ့အတူ တွဲဖက်ညီညီလုပ်ဆောင်နေခဲ့တာပါ။ သူ့ရဲ့ခန္ဓာကိုယ်က ရှုစန်းရှီကို နောက်တစ်နေရာကနေ တိုက်ခိုက်လိုက်ပါတယ်။ ကျန်းနန်နန်ကိုတောင် မြင်တဲ့ပုံမရပါဘူး။ ရှုစန်းရှီကိုသာလုံး၀ပစ်မှတ်ထားနေခဲ့တာပါ။ ကြည့်လိုက်ရုံနဲ့ ဒီပြိုင်ပွဲကိုတစ်ချက်ထဲနဲ့အဆုံးသတ်ဖို့ ကျန်နေခဲ့တာကို သိနိုင်နေခဲ့ပါပြီ။
ရှုစန်းရှီကတော့ အင်အားရှင်နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတစ်စက်လေးတောင် ထိတ်လန့်မနေခဲ့ပါဘူး။ အရှိန်လျှော့ရင်း သူပြောလိုက်ပါတယ်။
” နန်နန် မင်းဘာမှ၀င်ရောက်စွက်ဖက်ဖို့မလိုဘူး ငါအချက်ပြတာကိုသာ ကြည့်နေလိုက် ”
သူ့ရဲ့လက်ထဲမှာရှိနေခဲ့တဲ့ လိပ်နတ်ဒိုင်ကာကြီးကိုမြောက်ရင်းနဲ့ သူပြောလိိုက်ပါတယ်။
ယွိမုန့်တိနဲ့ ယန်ယိဖုန်းတို့က တစ်ယောက်နဲ့တစ်ယောက်အတော်ကို လိုက်ဖက်ညီညီပူးပေါင်းဆောင်ရွက်နိုင်တဲ့သူတွေပါ။ ယန်ယိဖန်းရဲ့ ဓားမြောင်က ရှုစန်းရှီကို ဘေးကနေနီးကပ်လို့လာခဲ့ပါတယ်။ ယွိမုန့်တိကတော့ သူ့အရှေ့တည့်တည့်ကို ရောက်ရှိနေခဲ့ပါပြီ။ နှစ်ယောက်စလုံးက တစ်ပြိုင်နက်ထဲ၀ိညာဥ်စွမ်းရည်တွေကို ထုတ်သုံးလို့နေပါတော့တယ်။
ယွိမုန့်တိရဲ့ ပထမဆုံး၀ိညာဥ်စက်ကွင်းက တောက်ပလို့နေခဲ့ပြီ ရွှေရောင်ဓားကိုအသုံးပြုနေခဲ့တာပါ။ ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ ရုတ်တရက်တောက်ပလို့လာပါတော့တယ်။ သူ့ရဲ့ရွှေရောင်အတောင်ပံတွေက ကောင်းကင်ပေါ်မှာပြီးပြည့်စုံတဲ့ ကြက်ခြေခတ်တစ်ခုကိုပြုလုပ်လိုက်ပါပြီ။ အတောင်ပံတွေကိုဖြန့်ရင်း ကြက်ခြေခတ်ဆီကို ရွှေရောင်အလင်းတန်းတွေ ပစ်လွှတ်လိုက်ပါတော့တယ်။
အဲ့ဒီကြက်ခြေခတ်ဆီကနေ လှပပြီချိုမြိန်တဲ့တေးသွားတွေက ထွက်ပေါ်နေခဲ့ပါပြီ။ တောက်ပတဲ့ရွှေရောင်အလင်းတန်းတွေက ရှုစန်းရှီဆီကို မြင့်မြတ်တဲ့အရှိန်အ၀ါနဲ့အတူ ပူးပေါင်းရောက်ရှိလို့လာပါတော့တယ်။
ယွိမုန့်တိကတော့ သူမရဲ့ နတ်မိမယ်သိုင်းပညာ၀ိညာဥ်ဘယ်လောက်ထူးခြားပြီအင်အားကောင်းအကြောင်းတိုက်ခိုက်မှုနဲ့တင် ဖော်ပြလို့နေပါတော့တယ်။ သူမရဲ့ပထမ၀ိညာဥ်စွမ်းရည်က ထူးခြားတဲ့လက်နက်တစ်မျိုးအစား စွမ်းရည်ဖြစ်ပြီနတ်ဘုရားနှစ်ဖက်သွားဓားသွားလို့ခေါ်ပါတယ်။ ဒီ၀ိညာဥ်စွမ်းရည်ကို အသုံးပြုပြီတဲ့နောက် သူမ ထပ်ပြီအသုံးပြုတဲ့ ၀ိညာဥ်စွမ်းရည်တွေက ပထမ၀ိညာဥ်စက်ကွင်းကိုဖြတ်သန်းရင်း ရောက်ရှိနိုင်ပါတယ်။
၀ိညာဥ်စွမ်းရည်တွေကို ထပ်ဆင့်ပြီအသုံးပြုဖို့အတွက် သာမန်၀ိညာဥ်ပညာရှင်တွေအတွက်က အတော်ကိုခက်ခဲတဲ့အရာပါ။ များပြားတဲ့၀ိညာဥ်စွမ်းရည်တွေကို တစ်ခုပေါ်တစ်ခုထပ်ဖို့က ပိုခက်ခဲပါသေးတယ်။ အသုံးပြုသူအနေနဲ့ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေကို ကောင်းကောင်းထိန်းချုပ်ဖို့လိုအပ်ရုံတင်မကပဲ အားလုံးကလဲ လိုက်လျောညီထွေးရှိလိမ့်မယ်။ ဒါကအမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းတပည့်သားတွေအတွက်တောင် အဖိုးတန်တဲ့နည်းလမ်းတွေပါပဲ။ ယွိမုန့်တိရဲ့ သိုင်းပညာ၀ိညာဥ်ကတော့ သူ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်အပေါ်မှာ နောက်ထပ်၀ိညာဥ်စွမ်းရည်နှစ်ခုထပ်သုံးရင်း အားကောင်းတဲ့တိုက်ခိုက်မှုကို ထုတ်လွှတ်ဖို့အားသာချက်ရှိနေခဲ့ပါတယ်။
မြင့်မြတ်ရောင်စဥ်လက်၀ါးကပ်တိုင်း ဒါကတော့ သူမလက်ရှိအချိန်မှာအသုံးပြုနေတဲ့တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒီတ်ိုက်ခိုက်မှုက မြင့်မြတ်တဲ့အစွမ်းအစတွေကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ အားကောင်းရုံတင်မကပဲ မြင့်မြတ်မီးလျှံနဲ့ပါ လောင်ကျွမ်းစေနိုင်တာပါ။ သူမရဲ့ နတ်မိမယ်က မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို တားဆီးတဲ့နေရာမှာ အကောင်းဆုံးသိုင်းပညာ၀ိညာဥ်တစ်ခုပါပဲ။
ယန်ယိဖုန်းရဲ့တိုက်ခိုက်မှုကလဲ အားမနည်းခဲ့ပါဘူး။ အမြန်နှုန်းအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တဲ့သူရဲ့ အစွမ်းအစကအားကောင်းတဲ့တိုက်ခိုက်မှုတွေမှာ မြင်သာလို့နေခဲ့ပါတယ်။ သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြီတဲ့နောက် နှစ်မီတာကျော်ရှည်လျားတဲ့ ဓားပုံသဏ္ဍာန်အလင်းတန်းက သူ့ဓားမြောင်ကနေ ထွက်ပေါ်လို့လာခဲ့ရင်း ရှုစန်းရှီရဲ့ နံရိုးတွေကိုလျှပ်စီးလက်သလိုမျိုးထိုးပေါက်၀င်ရောက်လာပါတော့တယ်။
လူတိုင်းက အမျက်ဒေါသကျောင်းတော်ကို ပြိုင်ပွဲထဲမှာအာရုံစိုက်နေခဲ့တာပါ။ ရှုစန်းရှီရဲ့ အစောပိုင်းပွဲစဥ်တွေကိုသူတို့ကြည့်ခဲ့ပြီးပါပြီ။ သန်မာတဲ့ ခုခံနိုင်စွမ်းက အားလုံးကိုထင်ထင်ရှားရှားမှတ်မိနေစေခဲ့ပါတယ်။
ဒါကြောင့် မိုးထိလွှာကျောင်းတော်ရဲ့စုံတွဲတိုက်ခိုက်ချိန်မှာ သူတို့တွေက အချိန်တိုအတွင်းဒီခုခံစစ်ကိုထိုးဖောက်ဖို့အတွက် ကြိုးစားခဲ့ကြရပါတယ်။ ကျန်းနန်နန်က သူတို့အတွက်သိပ်ပြီအရေးမကြီးပါဘူး။ သူမက ပြိုင်ပွဲတစ်လျှောက်လုံးမှာ သိပ်ပြီအရေးမကြီးတဲ့သူအဖြစ်နဲ့သာ ဆက်သွားနေခဲ့တာပါ။
ရှုစန်းရှီကတော့ ဒီလိုတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတဲ့အချိန်မှာတော့ အံ့ဩပုံမပေါ်ပါဘူး။ သူက သွားနေတဲ့လမ်းကိုရုတ်တရက်ရပ်လိုက်ပြီ တိုက်ခိုက်မှုတွေအားလုံးကို တစ်ချက်ထဲနဲ့မြန်မြန်ဆန်ဆန်ဖယ်ရှားလိုက်ပါတယ်။ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းတောက်ပလို့လာခဲ့ပြီတဲ့နောက် သူ့ရဲ့နေရာကူပြောင်းမှုက စတင်ဖြစ်ပေါ်လာတော့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရှုစန်းရှီနဲ့ ယန်ယိဖုန်း နေရာပြောင်းသွားခဲ့ပါပြီ။ ယန်ယိဖုန်းက ရှုစန်းရှီကို ဓားနဲ့ထိုးဖို့ပြင်နေခဲ့ပေမဲ့ အခုအချိန်မှာတော့ သူကယွိမုန့်တိကို ဓားနဲ့ထိုးနေသလိုဖြစ်နေခဲ့ပါတယ်။ တခြားတစ်ဖက်မှာကတော့ ယွိမုန့်တိရဲ့ မြင့်မြတ်ရောင်စဥ်လက်၀ါးကပ်တိုင်က ယန်ယိဖုန်းဆီကို တန်းတန်းမတ်မတ်ကျရောက်လို့လာပါတော့တယ်။
လက်ရှိအချိန်မှာကတော့ နေရာကူပြောင်းမှုက စတင်ပြီ အစွမ်းပြလာခဲ့ပါပြီ။ တိုက်ပွဲထဲမှာနေရာကို ပြောင်းရွေ့နိုင်မှုက အရေးကြီးဆုံးပါပဲ။
ဒါပေမယ့် ရှုစန်းရှီက ပထမအကြိမ်အနေနဲ့ ဒါကိုအသုံးပြုတာမဟုတ်တာကြောင့် ပြိုင်ဘက်တွေအနေနဲ့လဲ နောက်တစ်ကြိမ်ရှိနေခဲ့ပါတယ်။
ယွိမုန့်တိကတော့ ရှုစန်းရှီဒီလိုအသုံးပြုလာတာကို မြင်ချိန်မှာစိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့တယ်။ သူမရဲ့ဓားကိုမြောက်လိုက်ပြီ ယန်ယိဖုန်းရဲ့ ခေါင်းအပေါ်ကနေကျော်ကာတိုက်ခိုက်ပါတော့တယ်။ ယန်ယိဖုန်းကတော့ သူ့ဓားမြောင်ကိုပြန်မသိမ်းသွားပဲနဲ့ ဒီအခွင့်အရေးကိုအသုံးချပြီ ယွိမုန့်တိရဲ့တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပါတယ်။ ဓားရဲ့ရောင်ပြန်ဟပ်မှုက ကျန်းနန်နန်ကိုခုတ်ချလိုက်ချိန်မှာ ပေါ်ထွက်လာခဲ့ပါပြီ။ ဒီပူးပေါင်းမှုက အရာရာပါပဲ အခြေအနေနဲ့ လိုက်လျောညီထွေးဖြစ်အောင်ကူးပြောင်းမှုကလဲ အတော်ကိုအာရုံစိုက်နေခဲ့တယ်။
ဒီစွမ်းအင်ပေါင်းစည်းမှုက ရှုစန်းရှီကို ဒီနေရာကနေ ကျန်းနန်နန်ဆီကိုရောက်ရှိလို့သွားခဲ့ပါပြီ။
ကျန်းနန်နန်အနေနဲ့ သူတို့ရဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ရချိန်မှာတော့ တစ်ချက်လေးမှမလှုပ်ရှားတာကို မြင်နေခဲ့ရတာက အံ့ဩစရာကောင်းနေခဲ့ပါတယ်။ သေချာပေါက် ဒီလိုမျိုးရပ်တန့်နေခဲ့တာက သူ့မရဲ့အရိုးထဲအထိ ကြောင်လန့်နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှုစန်းရှီရဲ့ မျက်နှာကိုသူလှည့်ကြည့်လိုက်ချိန်မှာကတော့ ကြောက်စရာကောင်းလောက်အောင်လှပတဲ့မျက်နှာပေါ်မှာ လှောင်ရယ်တဲ့အမူအရာပေါ်လာခဲ့ပါတယ်။ သူမရဲ့ပုံစံက ရှုစန်းရှီကို နင်ငါ့ကိုဘယ်လိုများကာကွယ်ပေးနိုင်မှာလဲ။ သူ့ကိုမေးနေသယောင်ယောင်ပါပဲ။
ရှုစန်းရှီအနေနဲ့လဲ သူ့ရဲ့ပြိုင်ဘက်တွေက ဒီလောက်တောင်လိုက်ဖက်ညီညီအမြန်ဆုံးတိုက်ခိုက်နိုင်မယ်လို့ ထင်မှတ်မထားခဲ့မိတာအမှန်ပါ။ တစ်ဖက်လူတွေအနေနဲ့ သူ့ကိုစတင်တိုက်ခိုက်ပြီတဲ့နောက် ဒီလိုအကူအပြောင်းလုပ်ချိန်မှာ အနည်းငယ်ရပ်တန့်သွားမယ်လို့ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပြိုင်ဘက်နှစ်ယောက်ကတော့ လက်ရှိအချိန်မှာ သူဖန်တီးထားတဲ့စားပွဲကိုမှောက်ပြစ်လိုက်ပါပြီ။
ကျန်းနန်နန်ရဲ့ လှောင်ရယ်တဲ့အကြည့်တွေက ရှုစန်းရှီရဲ့ စိတ်နှလုံးထဲမှာ မီးတွေတောက်လောင်စေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေက ချက်ချင်းနီရဲလို့သွားခဲ့ပါပြီ။
” ထွက်လာခဲ့စမ်း ”
ရူးသွပ်တဲ့အော်သံက ရှုစန်းရှီကနေထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် သူ့ရဲ့ဒိုင်းကာကြီးကို မြေပြင်ပေါ်စောင့်ချပြစ်လိုက်ပါတော့တယ်။ အားကောင်းတဲ့အနက်ရောင်အလင်းတန်းတွေက ဒိုင်းကာကနေထွက်ပေါ်လို့လာခဲ့ပြီ ဆယ်မီတာကျော်ကျယ်ပြန့်တဲ့အကာအကွယ်အုပ်ဆောင်ကြီးတစ်ခုက ချက်ချင်းပေါ်လာပါတော့တယ်။ ဒီပေါ်ထွက်လာမှုနဲ့အတူ တ၀ှီး၀ှီးမြည်သံကိုလဲ ကြားလိုက်ရပါပြီ။
အားကောင်းတဲ့တုန်ခါမှုက ကျန်းနန်နန်ရဲ့ခန္ဓာကိုယ်ကိုလွှင့်ထွက်လို့သွားစေခဲ့ရင်း သူမရဲ့ရန်သူတော်တွေကိုတော့ အုပ်ဆောင်ကြီးထဲမှာ ပိတ်မိလို့သွားစေခဲ့ပါတယ်။ ယန်ယိဖန်းရဲ့ ဓားမြောင်ကလဲ ပစ်မှတ်ကိုမထိနိုင်ခဲ့ပါဘူး။ ယွိမုန့်တိရဲ့ အလင်းတန်းကတော့ ရွှေရောင်တောက်နေဆဲပါပဲ။ ပိတ်ဆို့ထားမှုကို ထွင်းဖောက်တော့မဲ့အတိုင်းရှိနေခဲ့တယ်။
ဒီတစ်ကြိမ်မှာပဲ ရှုစန်းရှီရဲ့လက်ထဲမှာရှိနေခဲ့တဲ့ လိပ်နတ်ဒိုင်းကာကြီးက စတင်ပြီတောက်ပလင်းလက်လာပါတော့တယ်။ ဒီထူးဆန်းတဲ့အလင်းတန်းက ဒိုင်းကာရဲ့မျက်နှာပြင်ပေါ်မှာ စတင်ရစ်ပတ်လို့နေခဲ့ပါပြီ။ ဒီလိုဖြစ်ပေါ်လာတဲ့ခံစားချက်က လူသားတွေရဲ့ကြွက်သားလှုပ်ရှားမှုလိုပါပဲ။ အဲ့ဒီနောက် ဒိုင်းကာကြီးရဲ့မျက်နှာပြင်တစ်ခုလုံးက ပေါ်ထွက်လာပါတော့တယ်။ ထူးထပ်ပြီရှုပ်ထွေးလွန်တဲ့လောကပေါ်မှာ အနီရောင်မျက်လုံးတွေနဲ့ အစိမ်းရောင်မြွေတစ်ကောင်က ပေါ်ထွက်လို့လာခဲ့ပါတယ်။ ဒီသတ္တ၀ါရဲ့ပေါ်ထွက်လာခဲ့မှုနဲ့အတူ မူလအချိန်က အနက်ရောင်ဖြစ်နေခဲ့တဲ့ ထူးဆန်းမြေအောက်လောကဒိုင်းကာကြီးက ရုတ်တရက်အစိမ်းရင့်ရောင်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ ပြင်းထန်တဲ့မီးလျှံတွေကလဲ ပေါက်ကွဲမှုကြီးကြီးမားမားနဲ့အတူ စတင်ဖြစ်ပေါ်လို့လာပါတော့တယ်။ အစောပိုင်းတုန်းက အလင်းတန်းအုပ်ဆောင်ကြီးကို ဖော်ထုတ်မလို့ပြင်နေခဲ့တဲ့ မြင့်မြတ်ရောင်စဥ်လက်၀ါးကပ်တိုင်ကလဲ မျက်တောင်တစ်ခတ်အတွင်း ၀ါးမြိုခံလိုက်ရပါတော့တယ်။ ဒါက အဆုံးသတ်မဟုတ်သေးပါဘူး။ တိုက်ခိုက်မှုကြောင့် တန်ပြန်ရိုက်ခတ်ခံလိုက်ရတဲ့ ယန်ယိဖန်းကတော့ တစ်ကိုယ်လုံးပြင်းပြင်းထန်ထန် လှုပ်ရှားရင်းမြေပြင်ပေါ်ကို လှဲကျသွားရပါတော့တယ်။
ယွိမုန့်တိကတော့ ယန်ယိဖန်းထက် အများကြီးသန်မာတဲ့၀ိညာဥ်ဘုရင်တစ်ယောက်ပါ။ ဒါတောင်မှ သူမ ဟန်ချက်ပျက်သွားခဲ့ပြီ မြေပြင်ပေါ်ကပြုတ်ကျလာပါတယ်။ သူမရဲ့ရင်ဘတ်အရှေ့မှာ နတ်ဘုရားဓားကိုထောက်လိုက်ရင်း တတိယ၀ိညာဥ်စွမ်းရည်ကိုစတင်ထုတ်လွှတ်တော့တယ်။ အနောက်ဖက်မှာရှိနေတဲ့ နတ်မိမယ်အတောင်ပံတွေက ခန္ဓာကိုယ်ကိုကွေးညွတ်ရင်းဘဲဥပုံသဏ္ဍာန်အလင်းလုံးအဖြစ် ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက်မှသာ သူမအနေနဲ့လဲ အစိမ်းရင့်ရောင်အလင်းတန်းတွေကို တားဆီးနိုင်လိုက်တာပါ။
စင်အောက်မှာရှိနေခဲ့တဲ့ ၀မ်ယန်ကတော့ ပါးစပ်အဟောင်းသားနဲ့တစ်လုံးချင်းဆီပြောထွက်လာခဲ့ပါတော့တယ်။
” ဒါ ဒါကြီးက ”
ပေ့ပေ့က ပြုံးနေခဲ့တယ်။
” သူမှာအဆုံးစွန်းရောက်နေတဲ့ ၀ိညာဥ်က သူ့ရဲ့သိုင်းပညာ၀ိညာဥ်က သာမန်အဆင့်တက်တဲ့၀ိညာဥ်တွေနဲ့ အများကြီးကွာတယ်လေ အကယ်၍ ကျွန်တော်တို့ခုနှစ်ယောက်ထဲမှာ ညီငယ်လေးရဲ့ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်နဲ့ ယှဥ်လို့ရနိုင်မဲ့တစ်ယောက်တစ်ယောက်ကသာ ရှိခဲ့မယ်ဆိုရင် အဲ့ဒါက ရှုစန်းရှီပဲဖြစ်လိမ့်မယ်…ဒါပေမယ့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ချိတ်ပိတ်ခံထားရတာကြောင့် သန်မာတဲ့လုပ်ဆော်မှုမရှိရင်း ချိတ်ပိတ်စည်းကို သူ့ဘာသာသူမဖြိုခွဲနိုင်ဘူး ကံကောင်းစွာနဲ့ပဲ ဒီတစ်ခေါက်မှာတော့ အချိန်မီသွားတယ်..သေချာပေါက် နောက်တစ်ပွဲမှာတော့ သူဘယ်ပြိုင်နိုင်ဦးမှာလဲ နောက်ဆုံးတော့လဲ သူ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းမရမချင်သိုင်း၀ိညာဥ်ရဲ့တကယ်စစ်မှတ်တဲ့အဓိပ္ပာယ်ကို သူနားမလည်နိုင်ဘူးလေ ”
အံ့ဩသွားတဲ့ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။
” ဆရာတူအစ်ကိုကြီး အစ်ကိုကြီးရှုရဲ့သိုင်းပညာ၀ိညာဥ်က ဘာကြီးလဲ “‘
ပေ့ပေ့ကတော့ တောက်ပနေတဲ့မျက်၀န်းတွေနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” နတ်ဘုရားသားရဲကောင်ဖြစ်တဲ့ လိပ်နတ်ဘုရားရွှမ်၀ူရဲ့ သွေးကိုပိုင်ဆိုင်ထားတဲ့သားရဲကောင်လေ သူ့ရဲ့ နတ်ဘုရားသားရဲကောင်သွေးက အစ်မကြီးရှောင်ထောင့်ရဲ့ မိစ္ဆာနတ်မီးငှက်ထက်တောင် ပိုပြီးသန့်စင်သေးတယ်…ပုံမှန်အချိန်မှာ သူ့ရဲသိုင်းပညာ၀ိညာဥ်က ချိတ်ပိတ်ခံထားရတာကြောင့် အရမ်းအန္တရာယ်များတဲ့အခြေအနေမျိုးမှာပဲ ထွက်လာနိုင်တယ်…ဒါကြောင့် သူအသန်မာဆုံးအချိန်ရောက်သွားပြီဆိုရင် သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံးက နတ်ဘုရားသားရဲကောင်ရဲ့အမှတ်အသားကို ဖော်ဆောင်ပြီတောက်ပလိမ့်မယ် ”
အမျက်ဒေါသကျောင်းတော်ရဲ့ပျော်ရွှင်မှုဆန့်ကျင်ဖက်ဖြစ်လာအောင်ပဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကတော့ မဲမှောင်တဲ့အကြည့်တွေနဲ့သာ ကြည့်နေခဲ့ကြပါတယ်။ အခုအချိန်အထိ မောက်မာနေခဲ့တဲ့ ရှောင်ဟုန်ချန်တောင် မျက်လုံးအပြူးသားနဲ့ဖြစ်နေတော့တယ်။
” ဒါမဖြစ်နိုင်ဘူး ဘယ်လိုလုပ်ငါနဲ့ယှဥ်လို့ရတဲ့နတ်ဘုရားသားရဲကောင်သွေးကို ပိုင်ဆိုင်ထားရတာလဲ…ဒီလိုနတ်ဘုရားသားရဲကောင်သွေးတွေက အများကြီးညစ်ညမ်းသွားပြီမလို့ ရှားပါပြီပျောက်ကွယ်လုနီးပါးတောင် ဖြစ်နေပြီမဟုတ်လား ငါတောင်မှ ငါ့ရဲသိုင်းပညာ၀ိညာဥ်ဆင့်ကဲပြောင်းလဲမှုကြောင့်သာ မဟုတ်ရင် နတ်ဘုရားသားရဲကောင်ရဲ့ အရှိန်အ၀ါကိုမရနိုင်ဘူး…ဒါ့အပြင် ဒီပုံစံကလိပ်နတ်ဘုရားရွှမ်၀ူလား ”
သိုင်းပညာ၀ိညာဥ်ချိတ်ပိတ်စည်းကို ဖောက်ထွက်ပြီတဲ့နောက် ရှုစန်းရှီက စင်ပေါ်မှာပျံသန်းလာရင်း ကျန်းနန်နန်ရဲ့ အရှေ့ကိုရောက်ရှိကာရပ်တန့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် သူ့ရဲ့ရွှမ်၀ူကို ထုတ်လွှတ်ရင်းရပ်နေခဲ့ပါပြီ။
သိုင်းပညာ၀ိညာဥ်ချိတ်ပိတ်စည်းကို ဖောက်ထွက်ပြီတဲ့နောက် ရှုစန်းရှီရဲ့ခန္ဓာကိုယ်က အပြောင်းအလဲတချို့ဖြစ်သွားခဲ့ပါတယ်။ အရင်ကထက်အရပ်ပိုရှည်လာခဲ့သလို ခန္ဓာကိုယ်ကလဲ ပိုကြံ့ခိုင်လာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရွယ်ရောက်ပြီသားယောက်ကျာ်းတစ်ယောက်လိုပါပဲ။ ဒါ့အပြင် ဆံပင်တိုတိုတွေအပေါ်မှာလဲ ကျောက်စိမ်းရောင်အလင်းတန်းကဖြစ်ပေါ်လို့လာခဲ့ပါသေးတယ်။ ကြွက်သားတွေကလဲ အရင်ထက်ပိုတောင့်တင်းလာခဲ့ပြီ ရပ်နေချိန်မှာဖယ်ရှားလို့မရနိုင်တဲ့ တောင်ကြီးတစ်တောင်လိုမျိုး အရှိန်အ၀ါတွေကို ထုတ်လွှတ်လို့နေခဲ့တော့တယ်။
” မင်းကိုကာကွယ်မယ်လို့ ကိုယ်ပြောသားပဲမဟုတ်လား ”
ရှုစန်းရှီရဲ့ နက်ရှိုင်းပြီယောကျ်ားပီသတဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါတယ်။ ပုံမှန်နှောက်တိနှောက်တန့်ပြောနေကြလေသံနဲ့ယှဥ်လိုက်မယ်ဆိုရင် လက်ရှိလေသံကတော့ သံလိုက်လိုမျိုးဆွဲငင်မှုအပြည့်တွေပါ၀င်လို့နေခဲ့တယ်။
သူ့ကိုယ်သူကာကွယ်ဖို့အတွက် ကျန်းနန်နန်ရဲ့တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့နေခဲ့ပါပြီ။ သူမရဲ့ရုတ်တရက်အပြောင်းအလဲကြောင့် လန့်နေပေမဲ့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အသင့်ဖြစ်နေဆဲပါပဲ။ ဒီအရှက်မရှိတဲ့ကောင်စုတ်က အင်အားကိုဒီလောက်ဖုံးကွယ်ထားမယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။ ၀ိညာဥ်ဘိုးဘေးဖြစ်နေပေမဲ့ လက်ရှိရှုစန်းရှီရဲ့ အရှိန်အ၀ါက သူ့အဆင့်ထက်ကိုအများကြီးကျော်လွန်လို့နေခဲ့ပါပြီ။
အစောပိုင်းတုန်းက ထုတ်သုံးလိုက်တဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ပျောက်ကွယ်သွားပြီတဲ့နောက် မြေပြင်ပေါ်မှာလှဲနေခဲ့ရင်း ယန်ယိဖန်းကတော့ လုံး၀ကိုကြောက်လန့်လို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူဘယ်လောက်ပဲ ကြိုးစားပါစေ မတ်တပ်ကိုထရပ်ဖို့မဖြစ်နိုင်ပါဘူး။
အပိုင်း ၈၉•၁ ပြီး၏။