Chapter – 2.3 ” ကောင်းကင် အိပ်မက် ရေခဲပိုးကောင် ”
°°°
” အားနည်းလိုက်တာ အရမ်းအားနည်းလိုက်တာ အဖြစ်တွေတော့ ဆိုးကုန်တော့မှာပဲ ငါဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ ဒီခန္ဓာကိုယ်လေးက ငါ့ကို အထောက်အပံ့ပေးနိုင်ဖို့ နောက်ထပ် ချိတ်ပိတ်စည်းတွေ ထည့်ဖို့လိုသေးတယ်…အသိဉာဏ်ရှိတဲ့ ဝိညာဉ်စက်ကွင်းဖြစ်ဖို့ ခက်ခဲလွန်လိုက်တာ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲကို တိုး၀င်လာခဲ့ရင်း ပုံမှန်မဟုတ်တဲ့ စိတ်ဝိညာဉ်စွမ်းအားအလွှာပေါင်းစည်းမှုတွေကို ပြုလုပ်နေခဲ့ပါတယ်။ ဒီကြောက်စရာ စိတ်ဝိညာဉ်စွမ်းအားတွေရဲ့ပေါင်းစည်းမှုက ပတ်ပတ်လည် မိုင်တစ်ရာရှိရှိသမျှ အရာအားလုံးကို လွှမ်းခြုံလို့သွားခဲ့တယ်။
ပေ့ပေ့နဲ့ ထန်ယာ့တို့လဲ ဟို့ယွိဟောင်ရဲ့ နောက်ကိုလိုက်လာနေတာကြောင့် ဒီအခြေအနေကို ချက်ချင်းသတိထားလိုက်မိပါတယ်။ ဒီစိတ်ဝိညာဉ်တိုက်ခိုက်မှုက အပျက်အစီးသိပ်မများပေမဲ့ အချိန်အခိုက်အတန့်တစ်ခုအထိ ရှိရှိသမျှ သက်ရှိတွေအားလုံးကို စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားစေနိုင်ပါတယ်။
လက်ရှိအချိန် သစ်တောထဲမှာတော့ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်လို့ နေခဲ့ပါပြီ။
အစောပိုင်းတုန်းက ကြည်လင်တောက်ပနေခဲ့တဲ့ ကောင်းကင်ကြီးက ရုတ်တရက်ဆိုသလို မှောင်မိုက်လို့လာရင်း မိုးခြိမ်းသံတွေလဲ ဆက်တိုက်ထွက်ပေါ်လို့နေခဲ့ပါတယ်။ ချက်ချင်းဆိုသလို တောက်ပတဲ့နေရောင်ဆီကို အမှောင်ထုက ဖုံးလွှမ်းလို့သွားခဲ့ပါပြီး ကြီးမားတဲ့ဖိအားက ဘယ်သူမှအသက်မရှုနိုင်အောင် ဖြစ်စေရင်း ကောင်းကင်ကနေ ဆင်းသက်လို့လာခဲ့တယ်။
မိုးခြိမ်းသံတွေဆက်တိုက် ထွက်ပေါ်နေခဲ့သလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ပြင်းပြင်းထန်ထန် တုန်ခါလို့သွားပါတော့တယ်။ သူ့ရဲ့သေးငယ်တဲ့ရွှေရောင်မျက်၀န်းတွေက အထက်ကောင်းကင်ကို ကြောက်စရာကောင်းတဲ့ပုံစံနဲ့ ကြည့်နေခဲ့တယ်။ အံ့ဩထိတ်လန့်နေရုံတင်မကပဲ သူအတော်လေး ကြောက်နေတာကို သတိထားမိခဲ့ပါတယ်။ ကောင်းကင်ရဲ့ဖိအားက လက်ရှိအချိန်မှာ သူ့ကို မသက်ရောက်သေးပေမဲ့ တွေးထားတာထက်ကို ပိုပြီး ကျော်လွန်လို့နေခဲ့တယ်။
ကောင်းကင်ကနေ မီးခိုရောင်လေစီးကြောင်းတစ်ခု ဆင်းသက်လို့လာခဲ့ပြီး ကြောက်စရာကောင်းလွန်လှတဲ့ စွမ်းငင်အားက အောက်ကိုရောက်ရှိလာပါတော့တယ်။ အချိန်ခဏတာသာ ဖြစ်ပေမဲ့ ဟို့ယွိဟောင်ရဲ့ ခေါင်းအနောက်ဖက်ထဲကို ခပ်မြန်မြန်ဆင်းသက်လာပြီး တိတ်တဆိတ်ပဲ၀င်ရောက်လို့သွားခဲ့တယ်။
” ငါအစ်ကိုကြီးနဲ့ ဘယ်သူက လာပြီးတိုက်ခိုက်ဝံ့တာလဲ ဘယ်သူက ငါ့လူကို လာလုဝံ့လဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အရမ်းကို ဒေါသထွက်နေခဲ့ပါပြီး သူ့ရဲ့ကြီးမားတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့ရင်း ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲက မီးခိုရောင်လေထုကို ဖယ်ရှားပြစ်ဖို့ လုပ်ပါတော့တယ်။
ဟို့ယွိဟောင်အနောက်ဖက်မှာတော့ ဝေဝေဝါးဝါးပုံရိပ်တစ်ခုက ထွက်ပေါ်လို့လာခဲ့ပြီး သူ့ရဲ့ အိုမင်းနေတဲ့အသံက ဖော်ပြချင်သာ မစွမ်းဆောင်သာနိုင်အောင် ခြိမ်းခြောက်မှုအပြည့်နဲ့ ပဲ့တင်ထပ်လာခဲ့ပါတယ်။
” နေနဲ့လကို ဖန်တီးခဲ့တဲ့လက်တစ်စုံက ကြယ်တာရာတွေကိုလဲ စိုက်ပျိုးခူးစွတ်ခဲ့တယ်…ဒီလောကကြီးမှာ ဘယ်သူမှငါနဲ့ မတူညီဘူး…ငါအဘိုးကြီးရဲ့ ကျန်ရစ်တဲ့စိတ်ဝိညာဉ်က ဒီနေရာမှာ အပိုင်းအစတစ်ခုအဖြစ် တည်ရှိနေမယ်လို့ မတွေးမိခဲ့တာအမှန်ပဲ ”
ဝေဝါးတဲ့အဲ့ဒီပုံရိပ်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ တိုက်ခိုက်မှုကို လုံး၀ဂရုစိုက်တဲ့ပုံစံ မရှိပါဘူး။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ ခေါင်းအနောက်ဖက်မှာ ပျောက်ကွယ်သွားပါတော့တယ်။
ရေခဲပိုးကောင်ကလဲ နောက်တစ်ကြိမ် မတိုက်ခိုက်ဝံ့တော့ပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ဆက်တိုက်၀င်ရောက်ဖို့လုပ်ပါတော့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ဒွါယခုနှစ်ပေါက်ကနေ သွေးတွေကလဲ ဆက်တိုက်စိမ့်ထွက်လို့ နေခဲ့ပါပြီး ဒါကိုမြင်ချိန်မှာတော့ ချက်ချင်းဆိုသလို သူကိုယ်သူ ပဲ့စေ့အရွယ်ပုလဲလေးအဖြစ်ကို ပြောင်းလဲလိုက်ပါတယ်။ အဲ့ဒီနောက် တိတ်ဆိတ်လို့သွားခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအားတွေကလဲ ဗရမ်းဗတာမဖြစ်တော့ပါဘူး။
” ငါဒီလောက်ကံဆိုးတာတော့ မဖြစ်သင့်ဘူးလေ စိတ်ဝိညာဉ်လူသားရှာဖို့က အရမ်းခက်တာကို ဒီခွေးမသားက ငါ့ဆီကနေ လာလုချင်နေတယ်…ကောင်းကင်ဘုံက ငါ့လိုပါရမီရှင်မျိုးကို မနာလို၀န်တို ဖြစ်နေတာလား ဒီအစ်ကိုကြီးက သနားစရာကောင်းလွန်လိုက်တာ ”
လက်ရှိအချိန်မှာ သူဆက်တိုက်ဆိုသလို စောဒကတက်နေခဲ့ပေမဲ့ လှုပ်ရှားမှုတွေကတော့ မရပ်တန့်ခဲ့ပါဘူး။ သိပ့်သည်းတဲ့အဖြူရောင် အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဆက်တိုက်ဆိုသလို ၀င်ရောက်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က ပိုမိုကြည်လင်ပြတ်သားလာခဲ့ရင်း နောက်ဆုံးမှာ ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့ပါပြီး သူ့အတွက်တော့ လုံး၀ နောက်ဆုတ်ဖို့လမ်းမရှိတော့ပါဘူး။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို စွမ်းအားအပြည့်အ၀ထည့်သွင်းဖို့သာ ကျန်ပါတော့မယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ ကျောက်စိမ်းဖြူလိုမျိုး ပြောင်းလဲလို့သွားခဲ့ပြီး ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရင်ပုံစံအဖြစ်ကို ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ပါတော့တယ်။ သူ့ပုခုံးပေါ်က ဒဏ်ရာတွေလဲ မျက်တောင်တစ်ခတ်အတွင်းမှာ ပျောက်ကွယ်လို့သွားခဲ့တယ်။
” မင်းဘာတွေပဲလုပ်လုပ် ဒီအစ်ကိုကြီးက နောက်ဆုံးတော့ လွှတ်မြောက်သွားပြီး ငါ့လက်ထဲက အစာကိုဘယ်ခွေးမသားကမှလာပြီး လုယူစေလို့မရစေရဘူး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ သူ့ဘာသာသူ ကျေကျေနပ်နပ်ကြီး ပြောဆိုနေခဲ့ရင်း သူ့အသံက ဖြည်းဖြည်းချင်း နူးညံ့ညင်းသာလို့သွားပါတော့တယ်။ အစောပိုင်းတုန်းက ပတ်ပတ်လည် မိုင်တစ်ရာအကွာကို လွှမ်းခြုံထားခဲ့တဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ကြောက်စရာကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက တစ်စုံတစ်ရာကို ခံစားမိတဲ့အတိုင်း လှုပ်ရှားနေခဲ့ပေမဲ့ သူတို့တွေ သွားမကြည့်ဖို့ ရွေးချယ်လိုက်ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံ အဆုံးစွန်းအထိ ပျောက်ကွယ်သွားပြီချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အောက်ဖက်မှာ ကျောက်စိမ်းဖြူရောင်အလင်းတန်းတစ်ခုက တိတ်တဆိတ်ပေါ်ထွက်လို့လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ဘေးပတ်လည်မှာ လှည့်ပတ်လို့နေခဲ့ရင်း သုံးကြိမ်သုံးခါတိတိ ပြစ်မြောက်ပြီချိန်မှာတော့ အလင်းတန်းက မှိန်ဖျော့ပျောက်ကွယ်သွားပါတော့တယ်။ မတည်ရှိခဲ့သလိုမျိုး သူ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်လို့သွားခဲ့တယ်။
ဟို့ယွိဟောင်ကတော့ သတိလစ်နေတာကြောင့် ဘာကိုမှမသိလိုက်ပါဘူး။ နောက်ဆုံးမှာတော့ ပထမဆုံးဝိညာဉ်စက်ကွင်းကို သူရရှိခဲ့ပါပြီး ဒါ့အပြင် အဲ့ဒီဝိညာဉ်စက်ကွင်းက သော်လော့တိုက်တစ်ခုလုံးမှာ ပြိုင်ဘက်အကင်းဆုံးအရာ ဖြစ်နေခဲ့တယ်။
ကျောက်စိမ်းဖြူရောင်အလင်းတန်းက ဟို့ယွိဟောင်ခန္ဓာကိုယ်ပေါ်မှာ မှိန်ဖျော့ပျောက်ကွယ်သွားပြီးပြီချင် အ ရေပြားတစ်ခုလုံးကို ရေခဲပြာရောင်အလွှာက လွှမ်းခြုံလို့သွားခဲ့ပါတယ်။ ဆယ့်စက္ကန့်လောက်သာ ကြာမြင့်ခဲ့ပြီ မူလအသားရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး အဲ့ဒီနောက် သူ့ခန္ဓာကိုယ်က တစ်ဖက်ကိုစောင်းသွားပြီ မူလမှီထားခဲ့တဲ့ သစ်ပင်ရဲ့ဘေးကို လှဲကျသွားခဲ့ပါတယ်။
လေထဲမှာတော့ အရမ်းကို ပါးလျလွန်းလှတဲ့ ရွှေဖြူရောင်အလွှာပါးတစ်ခုက တိတ်တဆိတ်ပေါ်ထွက်လို့ လာခဲ့ပြီး ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ဘောလုံးတစ်လုံးအသွင်ကို ပြောင်းလဲရင်း ခပ်မြန်မြန်ပျောက်ကွယ်လို့ သွားပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရှိန်အဝါဆိုတာ လုံး၀မရှိတော့ပါဘူး။
လမ်းမှာအစောပိုင်းတုန်းက ရှိခဲ့တဲ့ အပေါက်ကြီးက ပျောက်ကွယ်လို့သွားခဲ့ပါပြီး ဒီနေရာမှာ လှဲနေတဲ့ဟို့ယွိဟောင်ကလွဲပြီး ဘာမှမရှိတော့ပါဘူး။ ဒါ့အပြင် မြေပြင်မှာတော့ ဟို့ယွိဟောင် အစောပိုင်းတုန်းက သတ်ခဲ့တဲ့သားရဲကောင် ရှိနေခဲ့ပါသေးတယ်။ အရာအားလုံးကတော့ ပုံမှန်အနေအထားကို ပြန်ဖြစ်သွားခဲ့ပါပြီး သိပ်မကြာခင်အချိန်မှာပဲ လူနှစ်ယောက်က ခပ်မြန်မြန်ရောက်ရှိလာပါတော့တယ်။
အဲ့ဒီလူနှစ်ယောက်ထဲမှာ တစ်ယောက်က ရုတ်တရက်အော်လိုက်ရင်း အရှိန်မြင့်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို မြင်ချိန်မှာ သူ့ဘေးကိုရောက်ရှိလာရင်း ရပ်တန့်သွားလို့သွားပါတော့တယ်။
” ငါတို့ နောက်ကျသွားပြီး ကြည့်ရတာ ဒီကောင်လေး တိုက်ခိုက်ခံလိုက်ရပုံပဲ ဝိညာဉ်သားရဲကောင်တွေက ပိုပိုပြီး ရူးသွပ်လာတယ်…သစ်တောအပြင်ကိုတောင် ထွက်လာဖို့လုပ်နေပြီးပေါ့ ”
ထန်ယာ့က ဟို့ယွိဟောင်ကို မြေပြင်ကနေ ဆွဲထူးနေရင်း စိုးရိမ်တကြီးပြောနေခဲ့ပါတယ်။
ပေ့ပေ့ကတော့ သားရဲကောင်ရဲ့အလောင်းကို ကြည့်နေခဲ့တယ်။ အဲ့ဒီသားရဲကောင်ရဲ့ ရင်ဘတ်မှာဒဏ်ရာရှိနေတာကို သူမြင်လိုက်ရပါတယ်။ နှလုံးသားကို တိုက်ရိုက်ထိခိုက်သွားတာကြောင့် သေစေနိုင်တဲ့ဒဏ်ရာပါ။
” အဲ့ဒါလေပိုးကောင်ပဲ သူ့အရွယ်အစားနဲ့ ခန္ဓာကိုယ်ကြွက်သားတွေအရ သူ့အရွယ်အစားက ကြည့်မယ်ဆိုရင် ဆယ့်နှစ်အရွယ်ရှိတဲ့ သားရဲကောင်ပဲဖြစ်မယ်..သေတော့ သေသွားပြီ ”
ပေ့ပေ့က ထန်ယာ့ဘေးကို လျှောက်လာရင်း ဟို့ယွိဟောင်ရဲ့အခြေအနေကို စစ်ဆေးနေခဲ့ပါတယ်။ သူအံ့ဩစရာကောင်းလောက်အောင်ပဲ ဟို့ယွိဟောင်ရဲ့အ၀တ်အစားတွေက အတော်ကို ဆိုးဆိုးရွားရွား စုတ်ပြဲနေခဲ့ပေမဲ့ ဒဏ်ရာကတော့ မရှိခဲ့ပါဘူး။
ပေ့ပေ့က ဟို့ယွိဟောင်ရဲ့ လက်ကောက်၀တ်ကို ထိလိုက်တဲ့အတွက် ကျားဖြူဓားကတော့ အောက်ဖက်ကို ပြုတ်ကျလို့သွားခဲ့ပါတယ်။ အပြာဖျော့ရောင်အလင်းတန်းက ဓားသွားပေါ်မှာ ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့တယ်။ ပေ့ပေ့က တခဏတာ ကြာအောင်စိုက်ကြည့်နေပြီတဲ့နောက် အလင်းတန်းတွေကို ထွက်ပေါ်လာစေခဲ့ပါတယ်။
” ဒါက ဝိညာဉ်လက်နက်ပဲ ယွိဟောင်က ဒါကိုသုံးပြီး သတ်လိုက်တာပဲဖြစ်ရမယ်…ဆယ့်နှစ်အရွယ်သားရဲကောင်ဖြစ်ပေမဲ့ ဒီသားရဲကောင်ရဲ့အရှိန်နဲ့စွမ်းအားက အတော်ကြီးတယ်…ဒါ့အပြင် ပြိုင်ဘက်တွေကို ဝိညာဉ်တိုက်ခိုက်မှုလဲ လုပ်နိုင်နေသေးတယ်..သူက ဒီအသက်အရွယ်နဲ့ သားရဲကောင်ကို သတ်နိုင်နေပြီဆိုမှတော့ အတော်လေး တော်တယ်မယ်လို့ဆိုရမှာပဲ ငါတို့အစောပိုင်းတုန်းက သူ့ကိုအကဲဖြတ်တာ သေချာပေါက် မတိကျသေးဘူး…သူက လက်ရှိအချိန်မှာ ဝိညာဉ်စက်ကွင်းတစ်ခုရှိတဲ့ ဝိညာဉ်ပညာရှင်ဖြစ်နေသင့်ပြီ ”
ထန်ယာ့ကတော့ စိုးရိမ်မှုအပြည့်နဲ့ ဟို့ယွိဟောင်ကို စစ်ဆေးနေရင်း ပြောလာခဲ့ပါတယ်။
” ဒီလိုအသုံးမကျတဲ့ ကိစ္စတွေ ပြောနေဦးမှာလား ငါတို့တွေ အစောပိုင်းတုန်းက ခြေဆေးလက်ဆေး ဘာဆေးညာဆေးတွေလုပ်နေတဲ့ကိစ္စတွေနဲ့ အခုအချိန်တွေဖြုန်းမိလို့ နောက်ကျကုန်ပြီး အကယ်၍ ဒီမောင်လေးသာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ငါ့ကိုယ်ငါ ဘယ်တော့မှခွင့်လွှတ်မှာ မဟုတ်ဘူး..သူ့မှာဘယ်လို ပါရမီအဆင့်အတန်းရှိပါစေ ငါတို့ထန်မျိုးနွယ်ဆီ သေချာပေါက် ခေါ်သွားမယ်…ငါဆုံးဖြတ်ပြီးသွားပြီ ”
ထန်ယာ့ရဲ့ စိုးရိမ်ပူပန်နေတဲ့ပုံစံကို ကြည့်ရင်း ပေ့ပေ့ရဲ့အကြည့်တွေကတော့ ပြန်လည်စိတ်ညစ်လို့သွားပါတော့တယ်။ ထန်ယာ့ရဲ့ ဒီလိုမျိုးစိတ်ကောင်းစေတနာရှိတဲ့အရာက သူသဘောအကျဆုံးပါပဲ။
” မစိုးရိမ်နဲ့ သူအဆင်ပြေသွားမှာပါ အသက်ကောင်းကောင်းရှုနေတာကို တွေ့တယ်မဟုတ်လား ဒဏ်ရာတွေလဲ မရှိတော့ဘူးဆိုတော့ သူသတိလစ်သွားတာပဲဖြစ်ရမယ်….အဲ့ဒါသေချာပေါက် သစ်ပင်နဲ့တိုက်မိပြီး အရှိန်ပြင်းလို့သတိလစ်တာပဲ ဖြစ်မယ် ”
ထန်ယာ့က တခဏတာစဉ်းစားနေရင်း ပေ့ပေ့ကို စိုက်ကြည့်လာခဲ့ပါတယ်။
” ဘာဖြစ်လို့ စောစောကမပြောလဲ ငါ့ကို စိတ်ပူအောင်လုပ်ပြန်ပြီ ”
” ဒီလောက်ရိုးရိုးရှင်းရှင်း ကိစ္စတွေကိုတောင် မင်းမသိဘူးလို့ ငါတွေးမိမလား ”
ထန်ယာ့က ဟို့ယွိဟောင်ကို ဆွဲပြီးချီရင်း သူ့ခန္ဓာကိုယ်ပေါ်မှီဖို့ တင်ထားလိုက်ပါတော့တယ်။ တကယ်ပြဿနာမရှိဘူးဆိုတာ အတည်ပြုပြီးချိန်မှသာ သူမ အေးအေးဆေးဆေး ဖြစ်သွားခဲ့ရတယ်။
အပိုင်း ၂•၃ ပြီး၏။