အပိုင်း ၇၆•၁
” အမျက်ဒေါသကျောင်းတော်က ငါလာတယ် ထန်မျိုးနွယ်ရဲ့လူ “‘
°°°
သူတို့ရဲ့နာမည်ကို ခေါ်သံကြားလိုက်ချိန်မှာတော့ အားလုံးရဲ့လက်တွေက တုန်သွားကြပါတော့တယ်။ ပေ့ပေ့က ခေါင်းမော့လိုက်ချိန်မှာတော့ ပုံမှန်အတိုင်း ပျင်းရိပျင်းတွဲအပြုံးက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ခိုင်မာတဲ့စိတ်ဆုံးဖြတ်ချက်က သူ့ရဲ့မျက်နှာပေါ်မှာ တောက်ပလာပါတော့တယ်။ ဟယ့်ချိုက်ထို့က ပေ့ပေ့အနားကို လိုက်သွားခဲ့ပြီတဲ့နောက် ရှုစန်းရှီ ကျန်းနန်နန်နဲ့ ၀မ်သုန့် ရှောင်းရှောင်းတို့က သူ့အနောက်မှာကပ်လိုက်သွားကြတော့တယ်။
အမှန်ပါပဲ အခုအချိန်မှာသူတို့ခုနှစ်ယောက်က အမျက်ဒေါသကျောင်းတော်ကို ကိုယ်စားပြုရတော့မှာပါ။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့လက်ရှိအမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်ပါပဲ။ သူတို့ဘိုးဘေးတွေရဲ့ တောက်ပတဲ့ရောင်စဥ်တွေက ခန္ဓာကိုယ်ပေါ်မှာ လွှမ်းခြုံလို့နေခဲ့ပါပြီ။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့ အစွမ်းအစတွေကလဲ သူတို့မှာအပြည့်ပါပဲ။
ထန်မျိုးနွယ်နဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ တောက်ပမှုတွေက သူတို့တစ်ကိုယ်လုံးမှာ လင်းလက်လို့နေပါတော့တယ်။ ဒီလိုထွက်လာချိန်မှာတော့ သူတို့ရဲ့စိတ်ခံစားချက်တွေက စိတ်လှုပ်ရှားမှုရဲ့ အဆုံးစွန်းအထိကို ရောက်ရှိလို့သွားပါပြီ။
ဒါ့အပြင် သူတို့ရဲ့အသက်ရှုသံတွေကလဲ ပိုပြီးတော့တောင် ပူပြင်းလောင်မြိုက်လို့လာပါတော့တယ်။ ရလဒ်အနေနဲ့ မျက်နှာတွေကတော့ နီရဲသွားပါပြီ။ ၀ိညာဥ်စွမ်းအားကလဲ ခန္ဓာကိုယ်ထဲမှာ ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ လှည့်ပတ်နေပါတော့တယ်။ ရလဒ်အနေနဲ့ အဆုံးမဲ့တဲ့စွမ်းအားပမာဏတွေပိုင်ဆိုင်ထားတဲ့အတိုင်းခန္ဓာကိုယ်က ခံစားနေခဲ့ရတော့တယ်။
နောက်ဆုံးမှာတော့ သူတို့တွေ ယှဥ်ပြိုင်ရမဲ့စင်မြင့်ပေါ်ကို ရောက်ရှိနေခဲ့ပါပြီ။
ဒီအချိန်မှာပေ့ပေ့ကတော့ အလောတကြီးနဲ့မသွားခဲ့ပါဘူး။ အဲ့ဒီအစားသူ့အပေါင်းအဖော်တွေကို လှည့်ရင်း ခပ်တိုးတိုးလေသံနဲ့ပြောလိုက်ပါတယ်။
” ငါတို့တွေ ဒီပြိုင်ပွဲကို နိုင်ရုံတင်မကဘူး အားလုံးထိတ်လန့်သွားစေနိုင်တဲ့အထိ ကြီးကြီးမားမားလုပ်ရမယ်..ငါတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ပိုင်ဆိုင်တဲ့တောက်ပမှုတွေကို ထုတ်ဖော်ပြသရမယ်…ယွိဟောင် ငါတို့အားလုံးမင်းကိုပဲ အားကိုးရတော့မယ် ”
ဟို့ယွိဟောင်က ခေါင်းညိတ်လိုက်ပါတယ်။
သူ့အစ်ကိုကြီးဘာပြောချင်နေလဲဆိုတာ သူနားလည်နေခဲ့တယ်။ အဲ့ဒီနောက်မှာပေ့ပေ့က ပြန်လှည့်ပြီ အရှေ့မှာရှိနေတဲ့စင်ပေါ်ကို တက်သွားပါတော့တယ်။
အဖွဲ့နှစ်ခုစလုံးရဲ့ လူခုနှစ်ယောက်က တစ်ယောက်ပြီတစ်ယောက်မျက်နှာချင်ဆိုင်လျက်သားရှိကြပါတော့တယ်။ ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားတွေက အမျက်ဒေါသကျောင်းတော်အနေနဲ့ ငယ်ရွယ်တဲ့ကျောင်းသားတွေအားလုံးကို စေလွှတ်ချိန်မှာမြင်လိုက်ချိန်မှာတော့ မျက်လုံးပြူးသွားကြပါတော့တယ်။ အမျက်ဒေါသကျောင်းတော်က အကြိုအဖွဲ့ကိုစေလွှတ်လိုက်တာလား ဒါကရှုံးထွက်ပွဲစဥ်ကြီးလေ သူတို့ရှုံးမှာမကြောက်ကြဘူးလား။
ကြည့်နေသူတွေအားလုံးရဲ့စိတ်ထဲမှာလဲ မေးခွန်းတွေက ၀င်ရောက်လာခဲ့ပါတော့တယ်။ ဒီလိုပါ၀င်ယှဥ်ပြိုင်နေကြတဲ့ ကျောင်းတော်တွေထဲမှာ နေလကျောင်းတော်ရဲ့ လူတွေတောင်အခုအချိန်အထိ တအံ့တဩဖြစ်နေဆဲပါပဲ။
ရှောင်ဟုန်ချန်တောင်မှ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ဆုံးဖြတ်ချက်ကို သံသယ၀င်နေခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်က အရမ်းကြီးအတင့်ရဲလွန်နေတာလား။ သူတို့တွေဘယ်လောက်ပဲ သန်မာပါစေ အသက်ဆယ့်ငါးနှစ်၀န်းကျင်ကလေးတွေက အသက်နှစ်ဆယ်၀န်းကျင်အဖွဲ့ကို ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ။ ဒါ့အပြင် တချို့အဖွဲ့သားတွေက အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်လောက်သာရှိသေးတာပါ။ သူတို့ရှုံးမယ်ဆိုရင်တောင် နောက်ထပ်အခွင့်အရေးမရှိနိုင်တော့ပါဘူး။
ကြယ်တာရာလော့ဧကရာဇ်ကလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။ သူမေးလိုက်မိပါတယ်။
” အမျက်ဒေါသကျောင်းတော်ဘာတွေလုပ်နေတာလဲ သူတို့ရဲ့အဓိကအဖွဲ့ကို ဘာလို့မပို့တာလဲ ထိုက်ဟောက်ရဲ့သားက စင်ပေါ်ကိုမရောက်ဘူးလား ”
ဒါပေမယ့် ပြိုင်ပွဲကပြိုင်ပွဲပါပဲ။ သူတို့တွေဘယ်လောက်ပဲ သံသယ၀င်နေကြပါစေ ပြိုင်ပွဲကတော့ ဒီအတိုင်းဆက်သွားဦးမှာဖြစ်ပါတယ်။ ကြယ်တာရာလော့ဧကရာဇ် ပို့လွှတ်ထားတဲ့ ဒိုင်းကတော့သူနေရာကို ယူပြီးပါပြီ။ သူ့ရဲ့လှုပ်ရှားမှုက နှစ်ဖက်စလုံးကို အရှေ့တိုးလာစေပါတယ်။
အဖွဲ့နှစ်ဖွဲ့ရဲ့ ကျောင်းသားနှစ်ဖက်စလုံးက နေရာရဲ့အလယ်ဗဟိုကို ရောက်ရှိပြီချိန်မှာတော့ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့မျက်နှာတွေကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရပါတော့တယ်။ သမိုင်းတစ်လျှောက်မရေမတွက်နိုင်တဲ့နှစ်တွေမှာ အမျက်ဒေါသကျောင်းတော်က သက်သေပြထားခဲ့ပြီသားပါ။ သူတို့က ပထမအချီမှာတင် အစွမ်းကုန်ထုတ်ပြီတိုက်ခိုက်လေ့ရှိပါတယ်။
တခြားတစ်ဖက်မှာတော့ ထျန်းလင်းကျောင်းတော်ရဲ့ ၀ိညာဥ်ပညာရှင်တွေက ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကိုပိုပြီး အံ့အားသင့်နေခဲ့ပါတယ်။ ပေ့ပေ့နဲ့ တခြားသူတွေကလဲ ကြည့်လိုက်ရုံနဲ့တင် အများကြီးထက်ပိုငယ်နေတာသိသာနေခဲ့ပါပြီ။ ဒါကအကြိုအဖွဲ့ပါပဲ။ ဒါ့အပြင် အကြိုအဖွဲ့ကသာ အသက်ဆယ့်ငါးနှစ်အောက်မှာ ရှိနိုင်တာပါ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့ရဲ့မိစ္ဆာလိုကျောင်းသားတွေကို အမြဲတမ်းမွေးထုတ်ပေးနေတာ အမှန်ဖြစ်ပေမဲ့ သူတို့တကယ်ပဲ ဘာတွေများလုပ်နေကြတာလဲ။
” ရှုံးထွက်ပွဲစဥ်ရဲ့ ပထမအချိီက အဖွဲ့လိုက်တိုက်ခိုက်မှုပါ ”
ဒိုင်ကပြောလိုက်ပါတယ်။
” နှစ်ဖက်စလုံးက ၀ိညာဥ်လက်နက်တွေကို အဓိကအသုံးပြုနိုင်ပါတယ်…ဒါပေမယ့် တိုက်ပွဲမှာသာ တစ်ဖက်ဖက်ကနေအရှုံးကို၀န်ခံလိုက်လို့ကတော့ တခြားတစ်ဖက်ရန်သူတော်အနေနဲ့ ဆက်ပြီတိုက်ခိုက်လို့မရနိုင်ပါဘူး…၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအနေနဲ့ သတ်ဖြတ်နိုင်စွမ်းမြင့်မားတဲ့ ရွေ့ပြောင်းရေး၀ိညာဥ်လက်နက်တွေကို အသုံးပြုခွင့်မရှိဘူး..အားလုံးနားလည်ကြရဲ့ လား ”
” နားလည်ပါပြီ ”
ပေ့ပေ့က အရင်ဆုံးတုန့်ပြန်လိုက်ပါတယ်။
ထျန်းလင်းကျောင်းတော်ရဲ့ခေါင်းဆောင်ကလဲ အသက်နှစ်ဆယ်၀န်းကျင်လူငယ်တစ်ယောက်ပါပဲ။ သူတို့ခုနှစ်ယောက်ထဲမှာ သူ့ရဲ့အမူအရာကသာပုံမှန်ဖြစ်နေခဲ့တာပါ။ သူလဲ ပေ့ပေ့အတိုင်းတူညီစွာပြန်ဖြေခဲ့ပါတယ်။
အမျက်ဒေါသကျောင်းတော်ရဲ့ အကြိုအဖွဲ့နဲ့ သူတို့တိုက်ခိုက်ရမယ်ဆိုရင်တောင် မာရှောင်ထောင့်ပြောခဲ့သလိုပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ဂုဏ်သတင်းတစ်ခုထဲကတင် မအင်အားကြီးလက်နက်ဖြစ်နေခဲ့ပါပြီ။ ဟို့ယွိဟောင်တို့ ခုနှစ်ယောက်ရဲ့ အကြည့်တွေကိုမြင်ရုံနဲ့တင် ထျန်းလင်းကျောင်းတော်ရဲ့ ကျောင်းသားတွေက ပိုပြီးအားနည်းနေသလိုထင်နေခဲ့ရပါတယ်။
ဒိုင်က ခေါင်းညိတ်လိုက်ပါတယ်။
” ကောင်းပြီ နှစ်ဖက်စလုံးကိုယ်နေရာကိုယ်ပြန်သွားကြပါ အမိန့်ပေးလိုက်တာနဲ့ တိုက်ပွဲစပါ့မယ်..ဒီပြိုင်ပွဲရဲ့မစတင်မှုကို မကြော်ငြာခင် သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ခွင့်မပြုပါဘူး မဟုတ်ရင် အပြစ်ပေးခံရလိမ့်မယ် ”
နှစ်ဖက်စလုံးကတော့ သူတို့ရဲ့အကွာအဝေးကို ခွာလိုက်ပါတော့တယ်။ ထွက်ခွာလာတဲ့အချိန်မှာပဲ ဟို့ယွိဟောင်က လှည့်ကြည့်ရင်းပြောလိုက်တယ်။
” အားလုံးပဲ ကျွန်တော်ရဲ့အစီအစဥ်အတိုင်းရပ်ကြမယ်..အဲ့ဒီနောက် ကျွန်တော်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို လိုက်ပြီတိုက်ခိုက်ကြ ”
ဟို့ယွိဟောင်အနေနဲ့ အဓိကအဖွဲ့ရဲ့ အဖွဲ့၀င်တွေကို အမိန့်ပေးဖို့ယုံကြည်ချက်အပြည့်အ၀ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် သူကအကြိုအဖွဲ့နဲ့ အများကြီးနီးနီးကပ်ကပ်တော့ ဆက်နွယ်နေခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်ပေ့ပေ့ကတော့ သူ့ရဲ့ဆရာတူအစ်ကိုကြီးပါ။ ဒုတိယအစ်ကိုကြီး ဟယ့်ချိုက်ထို့ကလဲ သူ့ရဲ့ဆရာတူအစ်ကိုကြီးပါပဲ။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ စကားထဲထည့်ပြောဖို့တောင် မလိုပါဘူး။ လွန်ခဲ့တဲ့ရက်တွေမှာ ရှုစန်းရှီ ကျန်းနန်နန်တို့နဲ့လဲ ပိုပြီးနီးကပ်လာပါတယ်။ အရေးကြီးဆုံးကတော့ သူတို့အားလုံး စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ကျင့်သားရနေကြတာပါပဲ။ တစ်ဖက်မှာရှိနေခဲ့တဲ့ ထျန်းလင်းကျောင်းတော်ကတော့ ခုခံဖို့အသင့်ပြင်ထားခဲ့ပါတယ်။ နှစ်ဖက်စလုံးက နယ်မြေရဲ့အဆုံးစွန်အထိကို ရောက်ရှိနေခဲ့ပါပြီ။
အလယ်မှာရပ်နေခဲ့တဲ့ ဒိုင်ကညာဘက်လက်ကို မြောက်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာပဲ လူပေါင်းသိန်းချီက ချက်ချင်းငြိမ်သက်လို့သွားခဲ့ပါပြီ။ ကြည့်နေသူတွေအားလုံးက မျက်လုံးကျယ်ကျယ်ဖွင့်ထားရင်းနဲ့ တိုက်ခိုက်ရေးစည်းမျဥ်းတွေကိုသာစိုက်ကြည့်လို့နေကြပါတော့တယ်။
ဒါကတိုက်ပွဲရဲ့ပထမအချိီပါ ဒါ့အပြင် ပထမဆုံးရှုံးထွက်ပွဲစဥ်ဖြစ်ပါတယ်။ တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်က ဦးဆောင်တဲ့ပြိုင်ပွဲပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ ပါ၀င်ယှဥ်ပြိုင်သူတွေက အရမ်းကိုငယ်ရွယ်နေပါသေးတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့အရှိန်အ၀ါကိုသူတို့တွေက အခုအချိန်အထိ ကောင်းကောင်းမွန်မွန် ပိုင်ဆိုင်ထားဆဲပါပဲ။ အားလုံးအနေနဲ့လဲ သူတို့ဘာလုပ်နိုင်မလဲဆိုတာကို သိချင်နေခဲ့တယ်။
ဒိုင်ကလက်မြောက်လိုက်ချိန်မှာတော့ နှစ်ဖက်စလုံးက အသင့်ပြင်လိုက်ကြပါတယ်။ အဲ့ဒီအချိန်မှာပဲ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ငှားရမ်းထားတဲ့၀ိညာပညာရှင်တစ်ရာနဲ့ရှစ်ယောက်ကတော့ သံမဏိတ်ိုင်လုံးကြီးပေါ်ကို သူတို့လက်တွေတင်လ်ိုက်ပါပြီ။
တိုက်တွေအားလုံးက တောက်ပလို့လာခဲ့ရင်း အလင်းတန်းတွေက ကောင်းကင်ပေါ်ကို ထိုးတက်လာပါတော့တယ်။ တောက်ပတဲ့စက်၀ိုင်းပုံစံတွေက ကောင်းကင်အထက်မီတာနှစ်ဆယ်အထိကို မြင့်တက်ရင်း ဖြစ်ပေါ်လာပါတော့တယ်။
အလင်းတန်းတစ်ရာနဲ့ရှစ်ခုပေါင်းစည်းလို့သွားချိန်မှာတော့ အဖြူရောင်လှိုင်းကာကြီးက နယ်မြေတစ်ခုလုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ ဒီအကာအကွယ်အတားအဆီးကြီးပြီးမြောက်လို့သွားချိန်မှာတော့ တကယ်ပြိုင်ပွဲအစစ်က စတင်ပါ့မယ်။
ထျန်းလင်းကျောင်းတော်ဘက်မှာကတော့ လူခုနှစ်ယောက်ကသူတို့ရဲ့အဆင်သင့်ပြင်ထားခဲ့တဲ့ တိုက်ပွဲဗျူဟာအတိုင်းပြင်ဆင်လိုက်ကြပါပြီ။ ၀ိညာဥ်ပညာရှင်သုံးယောက်က အရှေ့ဆုံးမှာရပ်နေခဲ့ပါတယ်။ သူတို့တွေအားလုံးက ခုခံရေးနဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ အနောက်ဖက်မှာရပ်နေတဲ့ နှစ်ယောက်ကတော့ အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေပါ။ နောက်ဆုံးမှာကတော့ တစ်ယောက်ချင်းဆီက ရှေ့ဆင့်နောက်ဆင့်ရပ်နေကြပါတယ်။ သူတို့ကတော့ ထိန်းချုပ်ရင်းနဲ့ အထောက်အပံ့ပြုရေးတွေဆိုတာ သိသာနေခဲ့တယ်။
ဒီလိုအကောင်းဆုံးခုနှစ်ယောက်ဗျူဟာက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေမှာ အသုံးပြုတဲ့နည်းစနစ်ပါ။ သူတို့တွေက တိုက်ခိုက်တဲ့အချိိန်တဲ့နေရာမှာ အရှေ့ကလူသုံးယောက်ကို အဓိက အသုံးချပါတယ်။ ဒါ့အပြင် ခုခံဖို့နဲ့ အခြေခိုင်မှုအတွက်ကတော့ နောက်ကလူတွေကို အဓိကအားကိုးရတယ်။ ဒါကိုတော့သုံးနှစ်တိတိဗျူဟာလို့ခေါ်ပါတယ်။ ဒီအချိန်မှာ ထျန်းလင်းကျောင်းတော်က လူတော်တော်များများမကြည့်ကြပါဘူး။ အမျက်ဒေါသကျောင်းတော်ဘက်ကိုသာ ကြည့်နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရှေ့မှာရှိနေခဲ့တဲ့ မြင်ကွင်းကြောင့် အားလုံးက တအံ့တဩအော်လိုက်ကြပါပြီ။ အကျယ်လောင်ဆုံးအော်ဟစ်မိတဲ့သူကတော့ ပြိုင်ပွဲမှာပါ၀င်ယှဥ်ပြိုင်ဖို့အတွက် ပြင်ဆင်ပြီသားဖြစ်တဲ့ တစ်ရာကျော်သောကျောင်းတော်တွေပါပဲ။ အမျက်ဒေါသကျောင်းတော်အနေနဲ့ သူတို့တွေ ရိုးရိုးရှင်းရှင်းနားမလည်နိုင်တဲ့ဗျူဟာတစ်ခုကို ဖန်တီးထားလိုက်လို့ပါ။ ဟို့ယွိဟောင်က အရှေ့ဆုံးမှာရပ်နေခဲ့ပါတယ်။ သူ့ရဲ့ ကလေးဆန်တဲ့မျက်နှာက မောက်မာတဲ့အကြည့်နဲ့ အထင်သားဖြစ်နေခဲ့တယ်။ တခြားတစ်ဖက်မှာတော့ သူ့နောက်မှာရှိနေခဲ့တဲ့ လူခြောက်ယောက်က ယပ်တောင်ပုံသဏ္ဍာန်ရှိနေခဲ့ပါပြီ။ သူတို့အနေနဲ့ လမင်းကို၀န်းရံနေတဲ့ ကြယ်တာရာအတိုင်းရှိနေခဲ့တယ်။ ရလဒ်အနေနဲ့ကတော့ သူကအဓိကအရေးပါအရာရောက်တဲ့သူဆိုတာဖော်ပြနေတာပါပဲ။
” ဒီဗျူဟာကိုဘယ်လိုများ ခေါ်ပါလိမ့် ”
ပြိုင်ပွဲ၀င်တဲ့ကျောင်းတော်တွေအားလုံးက တိုက်ကြီးတစ်ခုလုံးမှာ သင့်တော်တဲ့ဂုဏ်သတင်းတွေကို ပိုင်ဆိုင်ထားတဲ့သူတွေကြီးပါပဲ။ ဒါ့အပြင် သူတို့မှာလဲ ၀ိညာဥ်ပညာရှင်တွေနဲ့ သက်ဆိုင်နေတဲ့စစ်ပွဲဗျူဟာတွေက အများကြီးရှိနေပြီသားပါ။ ဒါပေမယ့် အခုမျက်စိရှေ့မှာရှိနေတဲ့ ယပ်တောင်လိုပုံစံမျိုးဗျူဟာကို ဘယ်ကျောင်းတော်ကမှ မဖန်တီးဖူးပါဘူး။
ဒီလိုပုံစံမျိုးက ကျန်တဲ့အဖွဲ့၀င်ခြောက်ယောက်အနေနဲ့ ဟို့ယွိဟောင်ကို အားပေးထောက်ခံပြုလုပ်ထားတဲ့ပုံပါပဲ။ သူ့ကိုတစ်ယောက်ထဲလွှတ်ပြီ စေလွှတ်တိုက်ခိုက်ခိုင်းတဲ့အတိုင်း လုပ်နေတဲ့ပုံစံပါ။ ဒါကအရမ်းကို နားလည်ဖို့ခက်ခဲလွန်တဲ့မြင်ကွင်းတစ်ခုပါပဲ။ ဒါ့အပြင် အကြိုအဖွဲ့ကို ပို့လွှတ်လိုက်မိတာတောင် အမျက်ဒေါသကျောင်းတော်အနေနဲ့ လူတွေကိုနောက်တစ်ကြိမ် ထပ်ပြီ အံ့အားသင့်စေခဲ့တာပါ။
ဒိုင်တောင်မှ တအံ့တဩဖြစ်သွားခဲ့ပါတယ်။ ဒီလိုပြိုင်ပွဲရဲ့ဒိုင်ဖြစ်လာဖို့အတွက် သူကကြယ်တာရာလော့နိုင်ငံတော်က အထူးရွေးချယ်ထားတဲ့အဆင့်မြင့် ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်ပြီသားပါ။
ဒါ့အပြင် ပြိုင်ပွဲကိုကျင်းပတဲ့ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံရဲ့အင်အားကို ပြသဖို့အတွက် အထူးချွန်ဆုံးပညာရှင်တွေကြီးကို စေလွှတ်ခဲ့ပါတယ်။ ဒါကြောင့်သာ အကောင်းဆုံးကြိုးစားဖို့အတွက် အခွင့်အရေးရှိမှာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒိုင်ကိုယ်တိုင်တောင် မျက်စိရှေ့မှာရှိနေခဲ့တဲ့ ဗျူဟာကိုနားမလည်နိုင်ခဲ့ပါဘူး။ သူအစောပိုင်းတုန်းက မြောက်ထားတဲ့လက်ကို ပြန်ချဖို့တောင် မေ့သွားခဲ့ပါတယ်။
” ဒိုင်လူကြီးမင်း ကျွန်တော်တို့စလို့ရပြီလား ”
ဟို့ယွိဟောင်က အရမ်းကိုစိတ်မရှည်တဲ့ပုံစံနဲ့ မေးလိုက်ပါတယ်။
သူကအရွယ်မရောက်သေးပေမဲ့ အသံကတော့ ကလေးအသံနဲ့လူကြီးအသံတစ်၀က်ရောနေခဲ့ပါတယ်။ ဒီလိုမျိုးအက်ကွဲတဲ့အသံက အနည်းငယ်ကြမ်းတမ်းခြောက်ကပ်အက်ရှနေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာကတော့ အရှေ့ဆုံးမှာရပ်နေသူဖြစ်တာကြောင့် လူတိုင်းက သူ့ကိုအာရုံစိုက်နေခဲ့ပါပြီ။
ဒီတစ်ကြိမ်မှသာ ဒိုင်အနေနဲ့ သူ့ဘာသာသူ သတိပြန်၀င်လာပါတော့တယ်။
” ပြိုင်ပွဲစတင် ”
ညာဘက်လက်ကိုအောက်ပြန်ချလိုက်ရင်း သူအော်လိုက်ပါတော့တယ်။
သူတ်ို့တွေ ဘယ်လိုဗျူဟာပဲအသုံးပြုပါစေ ပြိုင်ပွဲကချောချောမွေ့မွေ့ဖြစ်ဖို့သာ အရေးကြီးမှာပါ။
ဒိုင်ရဲ့အော်သံကိုကြားချိန်မှာတော့ နှစ်ဖက်စလုံးက သိုင်းပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။
ထျန်းလင်းကျောင်းတော်ရဲ့ ၀ိညာဥ်ပညာရှင်တွေက အားနည်းတဲ့သူတွေမဟုတ်ကြပါဘူး။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေကလဲ အ၀ါရောင်နဲ့ ခရမ်းရောင်တွေကို အဓိကအသုံးပြုဖွဲ့စည်းလို့ထားခဲ့ပါတယ်။ ဒါ့အပြင် ခုနှစ်ယောက်ထဲမှာ ငါးယောက်က ၀ိညာဥ်စက်ကွင်းလေးကွင်းရှိနေပါပြီ။ တခြားနှစ်ယောက်ကတော့ ၀ိညာဥ်စက်ကွင်းသုံးကွင်းဆီရှိပါတယ်။ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ခေါင်းဆောင်ကတော့ အရှေ့ဆုံးမှာဦးဆောင်နေတဲ့သူပါပဲ။ သူအနေနဲ့ ၀်ိညာဥ်ဘိုးဘေးအဆင့်ရဲ့ အနှောင်ပိုင်းကိုရောက်ရှိလို့နေခဲ့ပါပြီ။ ဒီလိုမျိုးအဆင့်ကို အသက်နှစ်ဆယ်၀န်းကျင်နဲ့ ရောက်ရှိနေတာက အတော်လေးကို ထူးချွန်တဲ့သူပါ။
ဒါပေမယ့် ဘယ်သူကမှ ထျန်းလင်းကျောင်းတော်ဘက်ကို အာရုံစိုက်မနေကြပါဘူး။ အားလုံးက အမျက်ဒေါသကျောင်းတော်ကိုသာ အာရုံစိုက်နေပါတယ်။ အတိအကျပြောရမယ်ဆိုရင် အရှေ့ဆုံးမှာရှိနေတဲ့ဟို့ယွိဟောင်ကိုသာ အာရုံစိုက်နေခဲ့တာပါ။
ဒီလိုအချိန်မှာပဲ မဖော်ပြနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ဖိအားက စင်မြင့်ပေါ်မှာထွက်ပေါ်လာပါတော့တယ်။ ချက်ချင်းဆိုသလို သွေးနီရောင်တောက်ပနေတဲ့ အလင်းတန်းက စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။ အေးစက်ပြီရက်စက်ကြမ်းတမ်းတဲ့အပြင် ရူးသွပ်နေသလိုခြိမ်းခြောက်မှုအပြည့်နဲ့ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုစိတ်တွေက ရှင်းရှင်းလင်းလင်းရှိရှိသမျှအရှိန်အ၀ါတွေအားလုံးကို လွှမ်းခြုံပြီပေါက်ကွဲထွက်လာပါတော့တယ်။
အပိုင်း ၇၆•၁ ပြီး၏။