Switch Mode

Chapter – 75.2

ပြိုင်ပွဲ စတင်ခြင်း

အပိုင်း ၇၅•၂

” ပြိုင်ပွဲစတင်ခြင်း ”
°°°
သူက စားပွဲကိုလက်နဲ့ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ပြီတဲ့နောက် မတ်တပ်ထရပ်ရင်းပြောလိုက်ပါတော့တယ်။

” သူတို့တွေက ငါတို့ကိုအထင်သေးနေတာပဲ ဒီအကြိုအဖွဲ့လောက်နဲ့ ငါတို့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေကြတာ ဒါကငါတို့ရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့အတူတူပဲ မင်းတို့နားလည်ကြလား ဒါက ငါတို့ရဲ့မျက်နှာကို ဖြတ်ရိုက်နိုင်ဖို့အတွက် သူတို့သုံးနိုင်တဲ့ တိုက်ရိုက်အကျဆုံးနည်းလမ်းပဲ ပြိုင်ပွဲတွေရဲ့စည်းမျဥ်းအရဆိုရင် စာရင်းသွင်းမှုက ဒီနေ့ပြီးဆုံးလိမ့်မယ်…ဒါကြောင့် သူတို့က အဲ့ဒီအဖွဲ့ကိုမှီခိုပြီ ငါတို့ကို တိုက်ခိုက်ဖို့အစီအစဥ်ချနေတာပဲ မာယုလုံ “‘

” ရှိပါတယ် ”

ပုံမှန်အဖွဲ့ရဲ့ခေါင်းဆောင်နေရာမှာထိုင်နေတဲ့ အမျိုးသားကျောင်းတော်သားက ပြန်ဖြေလိုက်ပါတယ်။ သူ့ရဲ့ မျက်နှာက အဲ့ဒီဒေါသထွက်နေတဲ့အဘိုးကြီးနဲ့ အနည်းငယ်တူညီနေခဲ့တယ်။ သန်မာကြံ့ခိုင်တဲ့ခန္ဓာကိုယ်နဲ့ အနည်းငယ်ကောက်နေတဲ့ဆံပင်တိုတိုတွေလဲရှိနေပြီ မျက်လုံးကတော့ တောက်ပနေသလို ခန္ဓာကိုယ်တစ်ခုလုံးကလဲ အဆုံးမဲ့တဲ့စွမ်းအားတွေအပြည့်နဲ့ အားကောင်းလို့နေခဲ့ပါတယ်။

” အကယ်၍ ငါတို့သာ အဲ့ဒီလိုဖွဲ့စည်းပုံမျိုးကိုရှုံးသွားမယ်ဆိုရင် မင်းလဲပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကနေ ကန်ထုတ်ခံရမယ် ”

” ဟုတ်ကဲ့ပါ ”

မာယုလုံက တစ်ခွန်းထဲသာပြန်ဖြေလိုက်ပါတယ်။ သူ့ရဲ့အသံကလဲ လူသတ်ငွေ့တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။

” အကြီးအကဲမာ ဒေါသမထွက်ပါနဲ့ ကိစ္စတွေက ဒီလောက်ရိုးရှင်းမယ်လို့ ငါမထင်ဘူး ”

မာယုလုံရဲ့အရှေ့မှာထိုင်နေခဲ့တာကတော့ အကြိုအဖွဲ့ခေါင်းဆောင်ပါ။ သူကလဲ အသက်ဆယ့်ငါးနှစ်တောင် မပြည့်သေးပါဘူး။ ဒါ့အပြင် သူ့ရဲ့ရုပ်သွင်က အတော်ကိုနူးညံ့ပြီချောမွေ့ပါတယ်။ တေုက်ပတဲ့မျက်လုံးပြာပြာတွေကို ပိုင်ဆိုင်လို့ထားခဲ့ပြီ ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ နူးညံ့တဲ့ပုံစံပေါ်ပါတယ်။ လက်ရှိအချိန် သူ့ရဲ့လက်နှစ်ဖက်က စားပွဲပေါ်မှာတင်ထားခဲ့တာကြောင့် ကျောက်စိမ်းဖြူလိုမျိုး နူးညံ့ချောမွေ့တဲ့လက်တွေကို ထင်ထင်ရှားရှားမြင်နေခဲ့ရပါတယ်။ မိန်းကလေးတောင်မှ ဒီလောက်လှတဲ့လက်တွေရှိတဲ့ပုံမပေါ်ပါဘူး။ သူလဲ သူ့ရဲ့ဒီလက်တွေကိုအတော်လေး ကြိုက်နှစ်သက်ပြီတန်ဖိုးထားတဲ့ပုံစံပေါ်နေခဲ့ပါတယ်။ အကြီးအကဲမာနဲ့ စကားပြောနေတဲ့အချိန်မှာတောင် သူ့ရဲ့လက်တွေကို လောကအလှဆုံးအနုပညာတစ်ခုမြင်သလိုမျိုး ဆက်တိုက်စိုက်ကြည့်လို့နေခဲ့ပါသေးတယ်။

” ဘာကအဲ့ဒီလောက်မရိုးရှင်းရမှာလဲ ”

အကြီးအကဲမာက မျက်မှောင်ကြုတ်ရင်းနဲ့ မေးလာခဲ့ပါတယ်။

” သူ့ရဲ့လက်တွေကို သူစိုက်ကြည့်နေဆဲဖြစ်တဲ့ လူငယ်ကတော့ အေးအေးဆေးဆေးသာပြောလာခဲ့တယ်။

” အမျက်ဒေါသကျောင်းတော်ဆိုတာက အရူးတွေနဲ့ လုပ်ထားတာမဟုတ်ဘူးလေ အဲ့ဒီသုံးယောက်က ကျွန်တော်တို့ကိုတားဆီးဖို့မဖြစ်နိုင်ဘူးဆိုတာ သူတို့မသိပဲဘယ်လိုလုပ်နေမှာလဲ ကျွန်တော်က အစ်ကိုကြီးယုလုံနဲ့ပတ်သက်ပြီ အရမ်းယုံကြည်ချက်ရှိတယ်..ဒါပေမယ့် ကျွန်တော်မြင်ရသလောက်အရဆိုရင် အမျက်ဒေါသကျောင်းတော်အနေနဲ့ ပြဿနာတစ်ခုခုကြုံတွေ့လာပုံပဲ သူတို့ကအမြဲတမ်း ကျွန်တော်တို့နဲ့ပတ်သက်ပြီ အတော်ကို ရှုပ်ရှုပ်ထွေးထွေးတွေးတတ်ကြတယ်မဟုတ်လား ဒီတစ်ကြိမ်မှာ အဲ့ဒီလောက်ကြီး သတိလက်လွှတ်ဖြစ်သွားမယ်ဆိုတာ ထူးဆန်းတဲ့ကိစ္စပဲ ”

ဒီစကားတွေကိုကြားပြီချိန်မှာတော့ အကြီးအကဲမာရဲ့မျက်နှာက အနည်းငယ်နီရဲလို့သွားပါတော့တယ်။ ဒီလိုကိစ္စမျိုးဖြစ်နိုင်တယ်ဆိုတာက သံသယရှိနေခဲ့ပေမဲ့ အခုလိုမျိုးစကားတွေပြောတာ သူကျောင်းသားတွေရဲ့ဒေါသကို ဆွပေးဖို့ပါပဲ။

” ဒီလိုဖြစ်ရင် ပိုကောင်းမှာပေါ့ ရှောင်ဟုန်ချန် မင်းအနေနဲ့ အသက်ဆယ့်ငါးနှစ်အောက် အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေကို ရင်ဆိုင်ဖို့အကောင်းဆုံးကြိုးစား နောက်ထပ်ပြိုင်ပွဲမှာ သူတို့က မင်းတို့ရဲ့ပြိုင်ဘက်ဖြစ်လာလိမ့်မယ် ”

ရှောင်ဟုန်ချန်လို့အမည်ရတဲ့ လူငယ်ကတော့ ခေါင်းမော့ရင်းပြုံးနေခဲ့ပါတယ်။ သူ့ရဲ့အပြုံးက မိန်းမချောတစ်ယောက်လိုလှပနေခဲ့တယ်။

” အကြီးအကဲမာ ကျွန်တော်ကသာ ကျွန်တော်ရဲ့ပြိုင်ဘက်ပါ ”

သူနဲ့မျက်နှာချင်ဆိုင်မှာ ထိုင်နေခဲ့တဲ့ မာယုလုံကတော့ သူ့ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်ရင်း ပြောလာခဲ့တယ်။

” ရှောင်ဟုန်ချန် အကယ်၍ မင်းပြောချင်တာရှိရင် ပြောလိုက်ပါ ”

ရှောင်ဟုန်ချန်ကတော့ ပျော်နေတဲ့မျက်နှာနဲ့သာ ပြန်ပြောပါတယ်။

” အစ်ကိုကြီးမာ ကျွန်တော်ပြောပြီးပြီ အစ်ကိုကြီးအကောင်းဆုံးကြိုးစား အမျက်ဒေါသကျောင်းတော်ရဲ့ အဲ့ဒီပို့လွှတ်ထားတဲ့ အဖွဲ့သားတွေကို ရှုံးခဲ့မယ်ဆ်ိုရင် အကြီးအကဲမာပြောသလိုပဲ ခန်းမဆောင်ကနေ ကန်ထုတ်ခံရလိမ့်မယ်..ဒါဆ်ိုရင် နှမြောစရာကောင်းမှာပေါ့ ဟုတ်တယ်ဟုတ် ”

” မင်းဘာပြောတယ် ”

ဒေါသအရိပ်အငွေ့တွေအားလုံးက မာယုလုံရဲ့မျက်လုံးထဲမှာ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။ အကြီးအကဲမာက သူ့ကိုစိုက်ကြည့်ရင်း ပြောလာခဲ့ပါတယ်။

” ပြန်ထိုင်လိုက် ပထမပွဲမှာ ယှဥ်ပြိုင်ရမဲ့သူတွေကို ငါရွေးချယ်တော့မယ် ”

သူကအကြိုအဖွဲ့ရဲ့ ခေါင်းဆောင်သာဖြစ်ပေမဲ့ အဓိကမာယုလုံနဲ့ အဘိုးကြီးနှစ်ယောက်စလုံးက သူ့ကို မယှဥ်သာတဲ့ပုံပါပဲ။ ရှောင်ဟုန်ချန်ရဲ့အပြုံးနောက်ကွယ်မှာကတော့ သက်ရှိတွေအားလုံးရဲ့အပေါ်မှာရောက်နေသလိုမျိုး မောက်မာတဲ့အပြုံးတစ်ခုရှိနေခဲ့ပါတယ်။

နောက်တစ်နေ့မနက်စောစောအချိန်မှာ တောက်ပတဲ့နေရောင်ချည်က ကြယ်တာရာလော့နိုင်ငံတော်ကို ကျရောက်လို့လာခဲ့ပါပြီ။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ မြို့တော်ကလဲ အတော်ကိုအားကောင်းတဲ့ပတ်၀န်းကျင်အခြေအနေမှာ ရှိနေခဲ့ပါတယ်။

ကြယ်တာရာလော့ရင်ပြင်ကျယ်ကို လာရောက်တဲ့လမ်းသမျှ တောက်ပတဲ့သံချပ်ကာစစ်သည်တော်တွေ ပိတ်ဆို့ထားတာကို ခံလိုက်ရပါပြီ။ တော်၀င်တည်ခိုဆောင်ကြီးကလဲ ပိုပြီးတော့တောင် အစောင့်အကြပ်တွေများနေခဲ့ပါသေးတယ်။ စစ်သည်တော်တစ်ထောင်နီးပါးစောင့်ကြပ်နေခဲ့ကြပြီ လမ်းတွေအားလုံးကလဲ အရမ်းကိုတင်းတင်းကြပ်ကြပ်နဲ့ စောင့်ကြပ်ခံနေခဲ့ရတယ်။

ကျောင်းတော်တွေရဲ့အဖွဲ့တွေသာ ဒီလို၀န်းရံမှုထဲကို၀င်ရောက်နိုင်ခဲ့တာပါ။

ပြိုင်ပွဲကျင်းပမဲ့နေရာက ကြယ်တာရာလော့ရင်ပြင်ကျယ်ရဲ့ အလယ်မှာမဟုတ်ခဲ့ပါဘူး။ အတွင်းမြို့တံခါးရဲ့ရှေ့မှာ ကျင်းပမှာပါ။ ဒီလိုမှသာ ဧကရာဇ်အနေနဲ့လဲ ဒီပွဲတော်ကို သူ့ရဲ့ပြည်သူပြည်သားတွေ မင်းမှုထမ်းတွေနဲ့အတူ အတွင်းနယ်မြေရဲ့ နံရံပေါ်ကနေ ကြည့်နိုင်မှာပါ။ ဒီလိုမြင်ကွင်းက အတော်ကောင်းမွန်ရုံတင်မကပဲ အရမ်းလဲလုံခြုံပါတယ်။

ပြိုင်ပွဲအတွက် အသုံးပြုမဲ့စင်မြင့်ကျယ်ကြီးက မီတာတစ်ရာကျော်အထိ ရှည်လျားပြီငါးမီတာမြင့်မားပါတယ်။ ဒါ့အပြင် စင်မြင့်ပေါ်မှာလဲ သံမဏိကြီးပေါင်း တစ်ရာရှစ်လုံးအထိတည်ရှိနေခဲ့တယ်။ ဒီတ်ုင်လုံးကြီးတွေက ခုခံရေးအမျိုးအစား၀ိညာဥ်လက်နက်တွေပါပဲ။ ပြိုင်ပွဲအစကထဲကနေ ဒီတိုင်လုံးကြီးတွေကို ၀ိညာဥ်ပညာရှင်ပေါင်းတစ်ရာရှစ်ယောက်က ထိန်းချုပ်လို့ထားရင်း ၀ိညာဥ်စွမ်းအားတွေ အပြင်ဘက်ကို မပြန့်လွှင့်စေဖို့အတွက် ကာကွယ်လို့ထားပါတယ်။ ဒါ့မှသာ အတွင်းနယ်မြေလဲ ပျက်စီးနိုင်မှုကနေ လွှတ်ကင်းမှာပါ။

ဒီလိုစင်မြင့်ကြီးတစ်ခုကို တည်ဆောက်ဖို့အတွက် ကုန်ကျစရိတ်က အတော်ကိုမြင့်မားခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက်လုံး ခုခံရေးအမျိုးအစား ၀ိညာဥ်လက်နက်ကို အသုံးပြုဖို့အတွက် ၀ိညာဥ်ပညာရှင်တစ်ရာနဲ့ရှစ်ယောက်ကိုလဲ ငှားရမ်းထားခဲ့ရတယ်။ ဒါ့အပြင် ပြိုင်ပွဲကြီးက တစ်လကျော်နီးပါးကြာမှာဖြစ်တာကြောင့် နိုင်ငံတော်တစ်ခုလုံးရဲ့ အင်အားနဲ့မဟုတ်ဘူးဆိုရင် တွေးလို့တောင်မရနိုင်တဲ့ကိစ္စပါပဲ။

ဒီတစ်ချိန်မှာတော့ စစ်သည်တော်တွေကလွဲပြီ ရင်ပြင်ထဲမှာ တခြားဘယ်သူကိုမှ မတွေ့ရပဲ ရှိနေခဲ့ပါတယ်။

အစောပိုင်းနှစ်နှစ်ဆယ့်ကာလမှာ ကြယ်တာရာလော့နိုင်ငံတော်အနေနဲ့ ပြိုင်ပွဲကျင်းပစဥ်ကာလတစ်လျှောက်လူတွေတစ်ယောက်နဲ့တစ်ယောက် တက်နင်းမိပြီသေဆုံးခဲ့တဲ့ကိစ္စဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် တော်၀င်မိသားစုတွေအနေနဲ့လဲ ဒီကိစ္စကို အများကြီးသတိထားလိုက်တာပါ။ စစ်တပ်တွေကို တင်းတင်းကြပ်ကြပ် ချထားရုံတင်မက ပြဿနာတွေအားလုံးကို ဖယ်ရှားဖို့ နည်းလမ်းတွေလဲ ပြင်ဆင်လို့ထားခဲ့ပါတယ်။

ရင်ပြင်ကျယ်ထဲမှာ သံမဏိသံချောင်းကြီးတွေအများကြီးရှိနေခဲ့တယ်။ ဒီသံချောင်းကြီးတွေက ၁•၅မီတာမြင့်မားတဲ့အတွက် ကြည့်နေသူတွေရဲ့ မြင်ကွင်းကိုတော့ မပိတ်ဆို့ပါဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဒီရင်ပြင်ကျယ်ကြီးကို အဆင့်ဆင့်ပိုင်ခြားထားဖို့ပါ။ ဒါ့အပြင် လာရောက်ကြည့်ရှု့သူတွေအနေနဲ့ ၀င်ပေါက်နဲ့ထွက်ပေါက်တွေကိုလဲ သေချာပေါက် ခွဲခြားထားတာကြောင့် စစ်သည်တော်တွေရဲ့အလုပ်အကိုင်ကလဲ ပိုပြီးတော့လွယ်ကူသွားပါလိမ့်မယ်။ နယ်မြေတစ်ခုချင်းဆီတိုင်းကလဲ ကြည့်ရှု့သူအရေအတွက်ကို အကန့်အသတ်နဲ့သာချမှတ်လို့ထားခဲ့တယ်။

အတွင်းနယ်​မြေက ကြယ်တာရာလော့နိုင်ငံတော်ရဲ့ မြောက်ဘက်မှာတည်ရှိတာပါ။ တောင်ဖက်ကိုမျက်နှာမူထားတဲ့နေရာမှာတော့ အရမ်းကိုခမ်းနားတဲ့အနားယူဆောင်တွေ ရှ်ိနေခဲ့ပါတယ်။ ဒါ့အပြင် ရင်ပြင်ကျယ်ကြီးရဲ့ အရှေ့ကိုကောင်းကောင်းမြင်နေခဲ့ရတယ်။ ဒါကတော့ ပြိုင်ပွဲမှာပါ၀င်ယှဥ်ပြိုင်မဲ့ နိုင်ငံတော်ရဲ့ အဖွဲ့၀င်တွေအတွက် ကြည့်ရှု့နိုင်ဖို့ အထူးတလည်ဆောက်လုပ်ပေးထားတာပါ။ ဒါပေမယ့် စုစုပေါင်းကျောင်းတော်ခုနှစ်ဆယ်အတွက်သာ အနားယူဖို့နေရာရှိပါတယ်။ ပထမအချိီမှာထုတ်ပယ်ခံလိုက်တဲ့ ကျောင်းတော်တွေအတွက် နေရာရမှာမဟုတ်ဘူးလို့ဆိုလိုတာပဲ ဒိီလိုမှသာ နေရာလွတ်မရှိသလို ကျောင်းသားတွေလဲ ပိုပြီး စိတ်အားတက်ကြွလာပါလိမ့်မယ်။

ဒီလိုမျိုးအဆင့်ဆင့်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားပြီတဲ့နောက် နောက်ဆုံးအခြေအနေကို ရောက်လာပါတော့တယ်။ ပြိုင်ပွဲတွေအားလုံးထဲမှာ အခက်ခဲဆုံးကတော့ ပထမဆုံးရှုံးနှိမ့်ပွဲစဥ်တွေပါပဲ။ လန့်စရာအကောင်းဆုံးဖြစ်သလို ကြမ်းတမ်းမှုကလဲ နောက်လာမဲ့အလှည့်ပွဲစဥ်တွေထက်ကို ပိုပြီးကြောက်စရာကောင်းနေခဲ့ပါတယ်။

အလှည့်ကျပွဲစဥ်တွေအတွက် နည်းဗျူဟာတွေသုံးကောင်းသုံးလို့ရနိုင်ခဲ့ပေမဲ့ ဒီလိုရှုံးထွက်ပွဲစဥ်မှာကတော့ အသေအကြေတိုက်ခိုက်ရမှာပါ။ ဒါ့အပြင် ပထမဆုံးပွဲစဥ်တွေက တိုက်ရိုက်ထုတ်ပယ်ခံရမှာဖြစ်သလို တစ်ခေါက်ရှုံးနှိမ့်တာနဲ့ ပြိုင်ပွဲကထွက်ရပြီလို့ ဆိုလိုတာပါပဲ။ တစ်ခုချင်းဆီတိုင်းကလဲ ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကျော်ဖြတ်ရပါလိမ့်မယ်။ အမျက်ဒေါသကျောင်းတော်လိုမျိုး ချန်ပီယံကိုဆက်ပြီးထိန်းသိမ်းထားဖို့ တိုက်ခိုက်ရမဲ့ကျောင်းတော်လဲ ဒီကိစ္စမှာချွင်းချက်မရှိခဲ့ပါဘူး။ မဲခွဲဆုံးဖြတ်ချိန်မှာ ဖြစ်လာနိုင်တဲ့ပြိုင်ပွဲတွေနဲ့ ပြိုင်ဘက်တွေကလုံး၀ကို ခန့်မှန်းလို့မရနိုင်ပဲရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဘယ်ကျောင်းတော်ကမှလဲ အခွင့်ထူးခံကိုမရရှိနိုင်ပါဘူး။

သက်ဆိုင်ရာကျောင်းတော်အသီးသီးနဲ့ ဦးဆောင်လာတဲ့ဆရာတွေအားလုံးကလဲ အတွင်းနယ်မြေထဲကို စောစောကထဲက ရောက်ရှိနေခဲ့ကြပါပြီ။ သူတို့စာရင်းသွင်းချိန်ကထဲက ရရှိထားတဲ့နံပါတ်ပြားတွေ သူတို့ဆီမှာရှိနေခဲ့ပါတယ်။ အဲ့ဒီနောက် မဲခွဲဆုံးဖြတ်ကြပါပြီ။ ဒီတစ်ကြိမ်မှာတော့ မဲတွေအားလုံးက ခပ်မြန်မြန်ပဲ ပြီးဆုံးလို့သွားပါတော့တယ်။ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အမတ်မင်းက မဲတွေရဲ့ရလဒ်ကိုတိုက်ရိုက်ကြော်ငြာဖို့အတွက် တာ၀န်ယူထားခဲ့တယ်။ ပြိုင်ပွဲရဲ့အစီအစဥ်တွေအားလုံးကို ဆုံးဖြတ်ပြီတာနဲ့ နောက်ဆုံးအစီအစဥ်တွေက ပြီးမြောက်လို့သွားခဲ့ပါပြီ။

အရှေ့အရပ်ကနေ တောက်ပတဲ့နေလုံးကြီးထွက်ပြူလာခဲ့ပြီတဲ့နောက် ကြယ်တာရာလော့နိုင်ငံတော်ကလဲ နွေးထွေးလို့သွားပါတော့တယ်။

အတွင်းနယ်မြေရဲ့ မျက်နှာပြင်ပေါ်မှာကတော့ လက်နှစ်ဖက်ကို နောက်မြောက်ရင်း တော်၀င်သရဖူကိုဆောင်ထားတဲ့လူကြီးတစ်ယောက်ရှိနေခဲ့တယ်။ တောက်ပတဲ့အ၀ါရောင်၀တ်ရုံရှည်ကို ၀တ်ဆင်လို့ထားခဲ့ပြီ အတွင်းနယ်မြေရဲ့အဓိက၀င်ပေါက်အပေါ်ဆုံးမှာမတ်တပ်ရပ်နေခဲ့တာပါ။ ဒီနေရာက ပြိုင်ပွဲကိုကြည့်ဖို့အကောင်းဆုံးနေရာပါပဲ။

သူ့ရဲ့ဘေးမှာကတော့ တော်၀င်ဧကရီ၀တ်ဆင်ထားတဲ့မိန်းမချောတစ်ယောက်ရှိနေခဲ့ပါတယ်။ သူမရဲ့အနောက်ဖက်မှာကတော့ ကြယ်တရာလော့နိုင်ငံတော်ရဲ့ အမတ်မင်းတွေနဲ့ စစ်တပ်ရေးရာအမတ်မင်းတွေရှိနေခဲ့တယ်။

” အရှင်မင်းမြတ် ”

အနီရောင်အမတ်မင်း၀တ်ရုံ၀တ်ဆင်ထားခဲ့တဲ့ အဘိုးကြီးက အရှေ့ကိုရောက်လာရင်း ဦးညွတ်လိုက်ပါတယ်။ သူ့ရဲ့ရှည်လျားတဲ့၀တ်ရုံက မြွေတစ်ကောင်ပုံစံကို ရွှေချည်ထိုးထားခဲ့ပြီ အဆင့်အတန်းကိုဖော်ပြနေခဲ့တယ်။ အဆင့်အမြင့်ဆုံးနေရာတစ်ခုဆိုတာ သံသယ၀င်နိုင်ဖွယ်မရှိပါဘူး။

” ၀န်ကြီးချုပ် အစီအစဥ်တွေဘယ်လိုသွားနေလဲ ”
ဧကရာဇ်က မေးလိုက်ပါတယ်။

” အရာအားလုံးအဆင့်သင့်ပါပဲ အရှင်မင်းမြတ် မဲတွေလဲခွဲပြီးပါပြီ ဒီနေ့တွေရဲ့အစီအစဥ်ကလဲ ဆုံးဖြတ်လို့ပြီးသွားပါပြီ ဘာပြဿနာမှလဲမရှိခဲ့ပါဘူး..ကျွန်တော်တို့ နယ်မြေထဲကိုပြည်သူတွေ၀င်ရောက်လာဖို့ခွင့်ပြုစရာတစ်ခုပဲလိုပါတော့တယ် ”

၀န်ကြီးချုပ်က တလေးတစားနဲ့ ပြန်ဖြေလိုက်ပါတယ်။

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ ဧကရာဇ်ကခေါင်းညိတ်ရင်း ပြုံးပြလိုက်ပါတယ်။

” ကောင်းပြီ အမိန့်တော်ချလိုက် အရေးကြီးဖြတ်သန်းသွားလာမဲ့လမ်းကြောင်းတွေကိုရှင်းလင်းထား လူတွေအားလုံးကို နယ်မြေထဲ၀င်ခွင့်ပြု အစီအစဥ်တကျဖြည်းဖြည်းချင်း ၀င်လာပါစေ ပြဿနာရှိခဲ့မယ်ဆိုရင် နယ်မြေထဲကို ထိုးဖောက်၀င်ရောက်လာတဲ့ဘယ်သူမဆို ပြစ်ဒဏ်ပြင်းပြင်းထန်ထန် ချမှတ်ခံရလိမ့်မယ် ”

” အမိန့်တော်အတိုင်းပါ ”

၀န်ကြီးချုပ်က နောက်ဖက်ကိုခြေလှမ်းဆုတ်သွားပြီတဲ့နောက် ထွက်သွားပါတော့တယ်။

ဧကရာဇ်က ဘေးမှာရှိတဲ့မိန်းမချောကို လှမ်းပြောလိုက်တယ်။။

” ဧကရီ ဒီခမ်းနားတဲ့ပွဲတော်ကြီးရောက်ရှိလာဖို့ ကိုယ်တော်တို့တွေ စောင့်ဆိုင်းနေခဲ့တာ အနှစ်နှစ်ဆယ်ရှိသွားခဲ့ပြီ ငယ်ရွယ်စဥ်အချိန်တွေကို ငါတကယ်ပဲ ပြန်သတိရမိတယ်..အကယ်၍ တော်၀င်မိသားစုကသာ ဒီလောက်အထိ အတားအဆီးတွေများမနေခဲ့ရင်း ကိုယ်တော်လဲ ကိုယ်တိုင်ပါ၀င်ယှဥ်ပြိုင်ပါသေးတယ် ”

” အရှင်ဧကရာဇ်က အမြဲတမ်းစစ်သည်တော်တစ်ယောက်ရဲ့နှလုံးသားရှိနေတာပါပဲ ”

ဧကရီက ပြုံးပြရင်းပြောလိုက်ပါတယ်။

” ကြည့်လိုက်ပါဦး ”

ဧကရာဇ်က ပြုံးပြရင်းပြောလိုက်ပါတယ်။

” ကျောင်းတော်တွေရဲ့ကျောင်းသားတွေနယ်​မြေထဲကို ၀င်လာနေပြီ ဒါပေမယ့် အားလုံးကတော့ အနားယူတဲ့နေရာတွေကို အသုံးပြုမှာမဟုတ်ဘူး..ရှုံးထွက်ပွဲစဥ်မှာ အနိုင်ရတဲ့သူတွေကပဲ ဒီအခွင့်ထူးကိုရရှိလိမ့်မယ် .အမျက်ဒေါသကျောင်းတော်က ဒီတစ်ခေါက်လူဆယ်ယောက်ကိုသာ စေလွှတ်လိုက်တဲ့ပုံပဲ ကလေးတွေက အတော်ငယ်သေးတယ်..ဦးဆောင်လာသူက ထိုက်ဟောက်ရဲ့အကြီးဆုံးသားပဲ သူ့ကိုပြန်ခေါ်ပြီ ပြိုင်ပွဲကိုကြည့်ဖို့အတွက် ငါတွေးမိလိုက်သေးတယ်..နောက်ဆုံးတော့လဲ ဒီလိုပွဲတော်မျိုးက ငါတို့နိုင်ငံတော်အနေနဲ့ နှစ်နှစ်ဆယ်မှာတစ်ခါကျင်းပရတဲ့ပွဲတော်လေ ဒါပေမယ့် အဆုံးသတ်မှာတော့ ငါအဲ့ဒီလိုမဆင့်ခေါ်ဖြစ်တော့ဘူး..နေလနိုင်ငံတော်က ပိုပိုပြီးတော့ အလောတကြီးဖြစ်လာတယ်..အကယ်၍ သူသာ အနောက်နယ်မြေကို စောင့်ကြပ်နေမယ်ဆိုရင်တော့ငါကိုယ်တော်လဲပိုပြီး စိတ်ချရတာပေါ့ ”

ဧကရီကတော့ တိတ်တဆိတ်သာနားထောင်နေခဲ့ပြီ ဘာမှပြန်မပြောခဲ့ပါဘူး။ နိုင်ငံတော်ရဲ့မိခင်ဖြစ်တဲ့သူမက နိုင်ငံရေးကိစ္စတွေကို ၀င်ရောက်စွက်ဖက်ခွင့်မရှိတဲ့သူပါ။ အထူးသဖြင့် များပြားတဲ့ မင်းမှူးထမ်းတွေက အနောက်မှာရှိနေခဲ့ပါတယ်။ အားလုံးကလဲ အင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တွေကြီးပါပဲ။ သူတို့ရဲ့အကြားအာရုံက အရမ်းကိုစူးရှထက်မြက်နေခဲ့တယ်။

လူတွေစတင်၀င်ရောက်လာပြီချိန်မှာပဲ ရှည်လျားတဲ့လူတန်းကြီးက ဖြစ်ပေါ်လာခဲ့ပါပြီ။ ဒီပြိုင်ပွဲကိုတော့အလကားကြည့်လို့မရပါဘူး။ ဒါပေမယ့် ၀င်ကြေးကလဲအများကြီးမမြင့်မားပဲရှိနေခဲ့ပါတယ်။ ၀ိညာဥ်ရွှေပြားနှစ်ပြားသာ ကျသင့်မှာပါ။ အကယ်၍ အရေအတွက်အကန့်အသတ်နဲ့သာလူတွေကို နယ်မြေထဲ၀င်ခွင့်ပြုမယ်ဆိုရင်စုစုပေါင်း ကြည့်ရှု့သူနှစ်သောင်းနီးပါးကို ကောင်းကောင်းကျယ်ကျယ်နေလို့ရတဲ့အထိ ကျယ်ပြန့်ပါတယ်။ ဒါ့အပြင်၀ိညာဥ်ရွှေပြားနှစ်ပြားက အခြေခံစျေးနှုန်းပါပဲ စင်မြင့်နဲ့ပိုနီးတဲ့နေရာမှာကြည့်ချင်တယ်ဆိုရင်တော့ စျေးကပိုများမှာပါ ဒါ့အပြင် အနီးဆုံးနေရာကိုရနိုင်ဖို့ဆ်ိုရင် ၀ိညာဥ်ရွှေပြားတစ်ရာအထိကို ပေးဖို့လိုပါတယ်။ ပြည်သူတွေအတွက်တော့ ဒါကအတော်ကို များပြားတဲ့ပမာဏပါပဲ။ ဒါပေမယ့် အရင်းရှင်လူကုန်ထံတွေနဲ့ ကုန်သည်တွေအတွက်ကတော့ သိပ်မများပါဘူး။ ကြယ်တာရာလော့နိုင်ငံတော်က ကြည့်ရှု့သူတွေကို မျှမျှတတဆက်ဆံပါတယ်။ မင်းပိုပြီးတော့ များများပေးလေလေ ပြိုင်ပွဲကို နီးနီးကြည့်ရလေပါပဲ။ ဒါကလွဲပြီရင်း အားလုံးကတော့ အခြေအနေအတူတူသာဖြစ်ပါတယ်။ ထိုင်ရမဲ့ထိုင်ခုံမရှိပါဘူး။ မတ်တပ်ရပ်ပြီတော့သာ ကြည့်ရမှာပါ။ ဒီလိုနည်းနဲ့မှသာ လူတွေအများကြီးကို နယ်မြေထဲမှာ ထည့်သွင်းနိုင်မှာလဲဖြစ်ပါတယ်။

အပိုင်း ၇၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset