အပိုင်း ၇၄•၂
” ထျောင်ထျဲ့သော့်လော့နဲ့ နဂါးနတ်ဘုရားသော့်လော့ ”
°°°
” ဒါပေမယ့် ငါတို့တွေ လက်ရှိအချိန်မှာ ကျောင်းသားတစ်ယောက်သေဆုံးပြီ ခြောက်ယောက်ကလဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်…ငါသာသူတို့ဘေးမှာ ဆက်တိုက်နေနေခဲ့မယ်ဆိုရင် ဒီလိုကိစ္စမျိုးနောက်တစ်ကြိမ် ထပ်ပြီဖြစ်ဦးမှာလား ငါ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲ ငါအနေနဲ့ ဒီအမျက်ဒေါသအစောင့်အရှောက်တွေနဲ့ လက်ထောက်ခေါင်းဆောင်အဖြစ် မသင့်တော်ဘူးဆိုတာ သက်သေပြနေပြီလေ ဒါကြောင့် ဆုံးဖြတ်ချက်ချပြီးပြီ ယောင်ဟောက်ရွှမ်က မြေမြုပ်ဖို့အလောင်းတောင်ကောက်ခွင့်မရလိုက်ရှာဘူး..ငါတကယ်ပဲ စိတ်ထဲနာကျင်မိတယ်..ဒါ့အပြင် အခုလက်ရှိအချိန်မှာ သူတို့အနေနဲ့ တိုက်ကြီးရဲ့က်ိုယ်စားပြု၀ိညာဥ်လက်ရည်ယှဥ်ပွဲတို့ကို တက်ခွင့်မရှိတော့ဘူး..ဒီလိုမျိုး အမှားကြီးတစ်ခုက ဖြစ်ပျက်သွားခဲ့ပြီးပြီ ကျောင်းတော်ရဲ့နံပါတ်တစ်ဆိုတဲ့ ဂုဏ်သိက္ခာကလဲဖျက်ဆီးခံရတော့မှာပဲ ဒီလိုမျိုးတာ၀န်၀တ္တရားတွေအားလုံးကို ငါပဲအကုန်လက်ခံပါ့မယ်. ”
၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းအုပ်ရှန်လင်းအယ်က ပြောလာခဲ့ပါတယ်။
” အကြီးအကဲရွှမ် ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပါဦး အကြီးအကဲရွှမ်ရဲ့ နတ်ဘုရားထောင်ဖျက်သိုင်းပညာ၀ိညာဥ်က အချိန်အကြာကြီးဆက်တိုက်စားသောက်ဖို့လိုအပ်ပေမဲ့ ဒါကအကြီးအကဲရဲ့စွမ်းရည်တွေကိုမထိခိုက်စေဘူးလေ ကျောင်းတော်မှာဒီနှစ်တွေအကြီးအကဲဘယ်လောက်အထိအကျိုးပြုခဲ့လဲဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်းသိနေကြပြီးပြီ အတွင်းနယ်မြေတပည့်သားတစ်ယောက်အနေနဲ့ ဒီလိုသေဆုံးခဲ့ရတဲ့အတွက် ကျွန်မတို့အားလုံးလဲ ၀မ်းနည်းကြပေမဲ့ အစာစားတဲ့အချိန်မှာ နင်းမှာကိုကြောက်ပြီ မစားပဲနေလို့မရဘူးလေ အကယ်၍ ဒီလိုမျိုးထွက်ခွာသွားမယ်ဆိုရင် ကျောင်းတော်အနေနဲ့ ဆုံးရှုံးမှုကပိုပြီးကြီးမားသွားမှာပေါ့ အကြီးမားဆုံးအဆုံးအရှုံးလဲ ဖြစ်သွားဦးမယ် ”
အကြီးအကဲရွှမ်က ခေါင်းခါလိုက်ပါတယ်။
“‘ငါတို့တွေ ဒီတစ်ခေါက်ကံကောင်းတာကြောင့်သာ မဟုတ်ရင် ဟို့ယွိဟောင်လဲသေနေလောက်ပြီ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက တိုက်တိုက်ဆိုင်ဆိုင်ပဲ မိစ္ဆာ၀ိညာဥ်ပညာရှင်ကို တန်ပြန်ရိုက်ခတ်မှုဆိုးကျိုးဖြစ်သွားစေခဲ့တယ်…ကျောင်းတော်ရဲ့မျှော်လင့်ချက်ကြီးက ငါ့ရဲ့လက်ထဲမှာ ပျက်စီးသွားတော့မလို့ ဒီလိုမျိုးအမှားအယွင်းကြီးနဲ့ ငါဘယ်လိုများပင်လယ်နတ်ဘုရားခန်းမဆောင်မှာဆက်နေဖို့ မျက်နှာရှိနေဦးမှာလဲ ငါ့ကိုဒီလိုဆက်ပြီ နှစ်သိမ့်ဖို့ကြိုးစားမနေနဲ့ ဆုံးဖြတ်လိုက်ပြီးပြီ ယောင်ဟောက်ရွှမ်ရဲ့မိသားစုက အခုအချိန်မှာအတော်လေးလွှမ်းမိုးမှုရှိတဲ့ မိသားစုဖြစ်နေပြီ ဒီတော့သူ့မျိုးနွယ်ကိုသွားပြီ သူတို့မျိုးနွယ်ရဲ့၀မ်းနည်းမှုတွေကိုဖယ်ရှားပေးဖို့ ငါအကောင်းဆုံးကြိုးစားပေးမယ်..အားလုံးပဲနှုတ်ဆက်ပါတယ် ”
အဲ့ဒီနောက် သူပြောပြီလှည့်ထွက်သွားပါတော့တယ်။
” ပြန်လာခဲ့ ”
အေးဆေးတည်ငြိမ်ပြီ ကြောက်စရာကောင်းတဲ့အသံက မမြင်ရတဲ့ဖိအားတစ်ခုနဲ့အတူထွက်ပေါ်လာပါတော့တယ်။ ဒီစကားတစ်ခွန်းက အရမ်းကိုအေးဆေးတည်ငြိမ်နေခဲ့ပေမဲ့ အကြီးအကဲရွှမ်ကတော့ လှုပ်ရှားမှုတွေရပ်တန့်သွားပါပြီ။
” အကြီးအကဲမု ငါတကယ်ပဲ မျက်နှာမပြ၀ံ့တော့ပါဘူး ”
အကြီးအကဲရွှမ်က အားလုံးကိုကျောခိုင်းလျက်သားရှိနေခဲ့ပေမဲ့ ခန္ဓာကိုယ်ကတော့ တုန်ရီနေခဲ့ပါတယ်။ သူ့နှလုံးသားထဲမှာ ဘယ်လောက်အထိ နာကျင်နေမလဲဆိုတာ သူပဲသိနိုင်မှာပါ။
” ငါမင်းကိုပြန်လာဖို့ ခွင့်ပြုပေးနေတယ် မင်းငါ့စကားကိုကြားရဲ့လား ”
အကြီးအကဲမုရဲ့အသံက အရမ်းကိုအလေးအနက်ဖြစ်နေခဲ့ပါတယ်။
အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်က တုန်ရီလို့သွားခဲ့ပါပြီ။ အကြီးအကဲမုအနေနဲ့ စကားပြောတဲ့အချိန်မှာ ဒီလိုမျိုးစိတ်ထိခိုက်လှုပ်ရှားလုပ်နေတာကို သူမကြားရတာ ဘယ်လောက်တောင်ကြာသွားပြီလဲ နှစ်ရှစ်ဆယ်လား နှစ်တစ်ရာလား။
သူအတော်ကို စိတ်ကမလုပ်ချင်ပေမဲ့ နောက်ဆုံးမှာတော့ လှည့်ပြီပြန်ထိုင်လိုက်ပါတယ်။ အကြီးအကဲမုရဲ့ဒေါသသံကို ခံစားမိပြီချိန်မှာတော့ ကျန်တဲ့သူတွေအားလုံးလဲ ချက်ချင်းဆိုသလို ထိုင်နေတဲ့ကိုယ်ဟန်တွေကို ပြောင်းလိုက်မိတော့တယ်။ တကယ်တော့ သူတို့တွေ စကားတစ်ခွန်းမှမပြော၀ံ့တဲ့အထိ တိတ်တဆိတ်ကြောက်လန့်နေခဲ့ကြပါပြီ။
ခန်းမထဲမှာထိုင်နေတဲ့ အကြီးအကဲတွေထက် ၀ါအရင့်ဆုံးက အကြီးအကဲရွှမ်နဲ့ အကြီးအကဲလင်းတို့ပါ။ ဒါပေမယ့် သူတို့က အကြီးအကဲမုရဲ့ယှဥ်လိုက်မယ်ဆိုရင်တော့ အနည်းငယ်၀ါဆင်နှိမ့်ပါတယ်။ အကြီအကဲမုက အကြီးအကဲရွှမ်ဆရာရဲ့ နောက်ဆုံးတပည့်သားဖြစ်ခဲ့တယ်။ ဒါ့အပြင် အငယ်ဆုံးတပည့်သားပါပဲ။ နောက်တစ်နည်းပြောရမယ်ဆိုရင် အကြီးအကဲမုက အကြီးအကဲရွှမ်ရဲ့ ဆရာတူဦးလေးပါပဲ။ အသက်အရွယ်အရ အကြီးအကဲမုက အကြီးအကဲရွှမ်ထက် ဆယ့်နှစ်သာကြီးပါတယ်။ ဒါပေမယ့် ကျောင်းတော်အတွက် သူစွမ်းဆောင်ခဲ့တဲ့စွမ်းဆောင်မှုတွေက အားလုံးရဲ့နံပါတ်တစ်ဖြစ်စေခဲ့တာပါ။
အကြီးအကဲမုက ထိုင်ခုံကနေမထနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်း ခြေထောက်ကိုလှုပ်ရှားရင်းကိုယ့်ကိုမတ်လိုက်ချိန်မှာတော့ သူ့ရဲ့ရုပ်သွင်က ရှင်းရှင်းလင်းလင်းမြင်လိုက်ပါတော့တယ်။
သူကအရမ်းကိုပုံမှန်ဖြစ်တဲ့ရုပ်သွင်မျိုးရှိသလို အရပ်လဲအရမ်းမရှည်ပါဘူး။ သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေပြီပုံစံမျိုးပေါက်နေခဲ့ပါတယ်။ အကယ်၍ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ဒီနေရာမှာရှိနေခဲ့မယ်ဆိုရင် သူတို့တွေ တအံ့တဩဖြစ်သွားခဲ့မှာပါ။ အကြီးအကဲရွှမ်ကို အနည်းငယ်ဒေါသသံစွက်လိုက်ရုံနဲ့ ပြန်လှည့်လာစေနိုင်တဲ့သူက သူတို့ကျောင်းဆောင်တွေရဲ့ အပြင်ဘက်မှာအမြဲတမ်းလှဲအိပ်လေ့ရှိတဲ့ အဘိုးကြီးဖြစ်နေလို့ပါပဲ။
ဟုတ်ပါတယ် တိုက်ကြီးတစ်ခုလုံးကို လှုပ်ခတ်စေနိုင်တဲ့အကြီးအကဲမုက အခုအချိန်မှာ အသက်နှစ်ရာနဲ့ငါးဆယ်ကျော်နေခဲ့ပါပြီ။ သူကတော့ နဂါးနတ်ဘုရားသော့်လော့ မုအန်လို့နာမည်ခေါ်တွင်းပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာမှာ သူ့ရဲ့နာမည်က တိုက်ကြီးတစ်ခုလုံးကို ဖြတ်ကျော်ပြီကျော်ကြားခဲ့တယ်။ လူအားလုံးကတော့ သူ့ကိုမေ့သွားကောင်းမေ့သွားလောက်ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ ပထမဆုံးပညာရှင်က ထျောင်ထျဲ့သော့်လော့ ရွှမ်ကျင့်ဖြစ်မယ်လို့ထင်ထားခဲ့ကြမှာပါ။ အမှန်တကယ်မှာတော့ မဟုတ်ပါဘူး။ အသန်မာဆုံးသူက နဂါးနတ်ဘုရားသော့်လော့ဖြစ်တဲ့ အကြီးအကဲမုပါပဲ။
ကျောင်းသားဆောင်တွေရဲ့အပြင်မှာ အစောင့်အကြပ်တစ်ယောက်အဖြစ် လှဲနေတတ်တဲ့သာမန်အဘိုးကြီးက ကျောင်းတော်ရဲ့နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်နေမယ်လို့ ဘယ်သူကတွေးမိမှာလဲ။ အကြီးအကဲမုက အဲ့ဒီမှာနေ့တိုင်းလှဲလျောင်းနေရင်း အပြင်နယ်မြေရဲ့ကျောင်းတော်သားတွေကို စောင့်ကြည့်ပြီပျော်ရွှင်နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ နေ့စဥ်နေ့တိုင်းဓူ၀ကိစ္စတွေကို လုပ်ဆောင်ပြီ တက်ကြွလှုပ်ရှားနေတာကို ကြည့်ရင်း ကျေနပ်နေတတ်တယ်။ ဒီလိုမှသာ သူ့ရဲ့နှလုံးသားထဲက အထီးကျန်မှုကို ဖြေဖျောက်နိုင်မှာပါ။
အရမ်းကိုမြင်ရခဲလွန်လှတဲ့အေးစက်လွန်လှတဲ့ အကြည့်တွေက အကြီးအကဲမုရဲ့မျက်လုံးထဲမှာ ရှိနေခဲ့တယ်။
” မင်းလိုအသက်နှစ်ရာအဘိုးကြီးက ဘာကြောင့်များ ဒီလောက်စိတ်မရှည်လက်မရှည်ဖြစ်နေခဲ့ရတာလဲ အကယ်၍ လူတွေသာအမှားတစ်ခုလုပ်ပြီတိုင်း ကျောင်းတော်ကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် ငါတို့ကျောင်းတော်ကအစောကြီးကထဲက ပိတ်နေရလောက်ပြီ မင်းက အခုအမျက်ဒေါသအစောင့်အရှောက်တွေရဲ့ လက်ထောက်ခေါင်းဆောင်အဖြစ် မသင့်တော်တော့ဘူး..ဒီတော့ကျောင်းတော်ထဲမှာနေပြီ ကျောင်းသားတွေကိုသင်ကြားဖို့ ငါ့ကိုကူညီပေး ‘”
အကြီးအကဲရွှမ်လဲ ချက်ချင်းဆိုသလို စိုးရိမ်ပူပန်းသွားပါတော့တယ်။
” အကြီးအကဲမု ကျွန်တော်ကိုသွားခွင့်ပြုပါ ကျွန်တော်တကယ်ပဲ စိတ်ထဲမှာနာကျင်လွန်လို့ အဲ့ဒီကလေးတွေကို ဘယ်လိုရင်ဆိုင်ရမလဲတောင် မသိတော့ဘူး ”
” သွားချင်တယ်ဆိုရင် သွားလေ ကောင်းပြီ ”
အကြီးအကဲမုက ထူးမခြားနားလေသံနဲ့ ပြောလိုက်ပါတယ်။
” အကယ်၍ မင်းမှာအစွမ်းအစရှိမယ်ဆိုရင် အမျိုးသမီးတစ်ယောက်ရှာပြီ သူ့ကိုလက်ထပ်လိုက် ပြီးရင်းနတ်ဘုရားထျောင်ထျဲ့ကျန်ရစ်ထားတဲ့သွေးသားကို မင်းမွေးထုတ်ပေးရမယ်..အကယ်၍ မင်းဒါကိုလုပ်နိုင်မယ်ဆိုရင် သွားလိုက်ပေါ့ မလုပ်နိုင်ဘူးဆိုရင် ဘာမှပြောမနေနဲ့ အကယ်၍ မင်းအဲ့ဒီလိုမဟုတ်တရမ်းတာတွေကို ပြောနေဦးမယ်ဆိုရင် ငါ့ရဲ့လွန်လေပြီဖြစ်တဲ့ ဆရာတူအစ်ကိုကြီးကိုယ်စားမင်းကိုကောင်းကောင်းသွန်သင်ဆုံးမပေးရလိမ့်မယ် ‘”
” ကျွန်တော် ”
ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ ရှိနေခဲ့တဲ့ တခြားအကြီးအကဲတွေကလဲ အကြီးအကဲမုရဲ့စကားကိုကြားချိန်မှာ ထူးထူးဆန်းဆန်းကြီးပြုံးနေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မျက်နှာချင်ဆိုင်မှာထိုင်နေခဲ့တဲ့ အကြီးအကဲလင်းကတော့ ရယ်သာရယ်နေခဲ့တယ်။
အရှက်ကွဲသွားခဲ့တဲ့ အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။
” လင်းဝေ့ချန် မင်းဘာတွေရယ်နေတာလဲ ”
အကြီးအကဲလင်းကတော့ သူ့ကိုနည်းနည်းလေးမှတောင် မကြောက်လန့်ခဲ့ပါဘူး။ ဒါကြောင့် သူပြုံးပြရင်းနဲ့သာ ပြန်ဖြေလိုက်ပါတယ်။
” ရယ်ချင်လို့ရယ်တာလေ နင်အနေနဲ့ နင်ရဲ့မျိုးဆက်သွေးသားကို ချန်ထားနိုင်ဖို့အခွင့်အရေးရှိဦးမလားဆိုတာ သိချင်နေတာ ”
ချက်ချင်းဆိုသလို တခြားအကြီးအကဲတွေလဲ ရယ်မောကြပါတော့တယ်။ ကျောင်းအုပ်လေးယောက်တောင်မှ စိတ်မထိန်းနိုင်ပဲ ရယ်နေခဲ့ကြပါပြီ။ ရှန်လင်းအယ်တောင် သူ့မျက်နှာကိုလက်နဲ့ကာပြီ ရယ်နေခဲ့တယ်။
အကြီးအကဲရွှမ်ရဲ့ မျက်နှာကတော့ ချက်ချင်းနီရဲလို့သွားပါတော့တယ်။ သူ့ရဲ့အရှက်ကွဲမှုက ဒေါသအဖြစ်ကိုပြောင်းလဲလို့သွားတာကြောင့် စားပွဲကိုလက်နဲ့ရိုက်ချရင်း အော်လိုက်တော့တယ်။
” မရယ်ကြနဲ့ မရယ်ကြနဲ့ ”
သူ့ရဲ့အသံကအရမ်းကို အလေးအနက်ဖြစ်နေခဲ့ပေမဲ့ တခြားအကြီးအကဲတွေက ပိုပြီးကျယ်ကျယ်လောင်လောင် ရယ်နေခဲ့ပါတယ်။ အကြီးအကဲမုတောင် ပြုံးနေခဲ့ပါပြီ။
” ကောင်းပြီ ”
အကြီးအကဲမုက စားပွဲကိုလက်နဲ့ခပ်ဖွဖွလေးခေါက်လိုက်ရင်း တခြားအကြီးအကဲတွေအားလုံးကို တိတ်ဆိတ်လို့သွားစေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ထူးဆန်းတဲ့ အကြည့်ကတော့ နည်းနည်းလေးမှတောင် မပြောင်းလဲခဲ့ပါဘူး။
” အစောင့်အရှောက်တွေကို အဖွဲ့အစည်းအဖြစ် စေလွှတ်ပြီးပြီဆိုမှတော့ သေချာပေါက် ပါ၀င်တဲ့ကျောင်းသားတိုင်းက စတေးခံဖို့အတွက် ပြင်ဆင်ပြီသားဖြစ်နေခဲ့ရတာပဲလေ ”
အကြီးအကဲမုက ဆက်ပြောလာခဲ့ပါတယ်။
” အခြေအနေက ထူးခြားတယ်..သူတို့တွေက မိစ္ဆာ၀ိညာဥ်ပညာရှင်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရရုံတင်မကပဲ အလောင်းတွေကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ ရှားပါး၀ိညာဥ်ပညာရှင်ကို တွေ့ခဲ့ရတာ အဲ့ဒီဓားပြတွေနဲ့အတူ သူလုပ်ဆောင်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေက သူ့အနေနဲ့ သူ့ရဲ့မကောင်းဆိုးရွားမျိုးနွယ်ကို ကျင့်ကြံဖို့အတွက် ပြုလုပ်ပြီအလောင်းတွေကို စုဆောင်းခဲ့တာပဲ ဒါ့အပြင် သူ့ကိုအမြစ်ပြတ်ဖြေရှင်းပေးနိုင်တာက ကောင်းမွန်တဲ့ကိစ္စဖြစ်နေပြီ ယောင်ဟောက်ရွှမ်ရဲ့ ဒီလိုစတေးခဲ့ရမှုအတွက် ငါလဲတကယ်ထပ်တူနာကျင်မိပါတယ်..ဒါပေမယ့် သေသွားတဲ့သူက သေသွားပြီးပြီလေ ငါတို့ရဲ့ ကျောင်းတော်ကအစောင့်အရှောက်တွေ ဆက်ပြီတော့ ရှိနေမှာဖြစ်သလို ဆက်ပြီလဲတိုက်ခိုက်နေရဦးမှာပဲ မင်းရဲ့သိုင်းပညာ၀ိညာဥ်က မင်းကိုအမြဲတမ်းဆာလောင်နေစေတယ်..ဒါ့အပြင် ရှောင်ထောင့်နဲ့ တခြားသူတွေကိုယုံကြည်ခဲ့တယ်ဆိုတာ မင်းအနေနဲ့မမှားခဲ့ဘူးလေ ဒီလိုကိစ္စဆိုးကြီးက အနာဂတ်မှာပိုသတိထားဖို့အတွက် သတိပေးချက်ဖြစ်လာတာပဲ ဒီတစ်ကြိမ် မင်းက သူ့တို့နောက်လိုက်သွားခဲ့တယ်..အကယ်၍ မင်းသာမရှိခဲ့ဘူးဆိုရင် သူတို့တွေ ဘယ်လိုဖြစ်သွားလောက်မလဲ ပိုပြီးတော့ အဆုံးအရှုံးကြီးနိုင်တယ်မဟုတ်လား ဒါ့အပြင် ဒီလိုမျိုးအစောင့်အရှောက်တွေရဲ့ လုပ်ငန်းတာ၀န်တစ်ခုချင်းဆီတိုင်မှာ အကြီးအကဲတစ်ယောက်က အမြဲတမ်းလိုက်နေရဦးမှာလား မင်းအနေနဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်နေမဲ့အစား အနာဂတ်မှာပိုကောင်းမွန်တဲ့ အစောင့်အရှောက်တွေထွက်ပေါ်လာစေဖို့ လေ့ကျင့်သင့်တယ်..လင်းအယ် ”
” ရှိပါတယ် ”
ရှန်လင်းအယ်က ခပ်မြန်မြန်ပဲ ထရပ်ပြီပြန်ဖြေလိုက်ပါတယ်။
” အစည်းအဝေးပွဲကို အဆုံးသတ်တော့မယ်.”
အကြီးအကဲမုက ပြောလာခဲ့ပါတယ်။
” ဒီအစည်းအဝေးပွဲပြီးသွားတဲ့အချိန် အတွင်းနယ်မြေရဲ့တပည့်သားအားလုံးက မင်းဆီကိုလာလိမ့်မယ်..ဒါ့အပြင် ပျံသန်းရေးလက်နက်နဲ့ ခုခံရေးလက်နက်တွေကို တစ်စုံဆီရယူလိမ့်မယ်..ငါ့ရဲ့အမိန့်ကိုဆန့်ကျင်၀ံ့တဲ့ဘယ်သူမဆို ဒီကျောင်းတော်ကနေ ထွက်ခွာရမယ် ”
ရှန်လင်းအယ်ကတော့ ချက်ချင်းဆိုသလို ပြုံးပျော်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူပြန်ဖြေလိုက်တယ်။
” အမိန့်အတိုင်းပါ ”
ဒါပေမယ့် ကျောင်းအုပ်ရန်ရှောင်ကျဲ့ကတော့ မျက်မှောင်ကြုတ်နေခဲ့ပါပြီ။
အစောပိုင်းကထဲက သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းကျောင်းတော်နဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်တို့က တစ်ဖက်နဲ့တစ်ဖက် အမြဲတမ်းတိုက်ခိုက်ကြတာပါ။ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်က အမြဲတမ်းအသာစီးရနေခဲ့ပါတယ်။ ဒါ့အပြင် အတွင်းနယ်မြေရဲ့တပည့်သားတွေအားလုံးကလဲ မောက်မာတဲ့သူတွေကြီးပါပဲ။ ဒါကြောင့်သာ အားလုံးက၀ိညာဥ်လက်နက်တွေကို အသုံးမပြုဖို့အတွက် ရွေးချယ်လိုက်ကြတယ်။ သူတို့အနေနဲ့ ကျောင်းတော်ထဲမှာဒီလိုအခွင့်အရေးရှိမယ်လို့လဲ ထင်နေခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲမုရဲ့ ဒီနေ့ဆုံးဖြတ်ချက်ကတော့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်အနေနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့အကူအညီကိုသေချာပေါက် လိုအပ်တယ်ဆိုတာ အပြည့်အ၀ပြောလိုက်သလိုပါပဲ။
” ဆရာဒီကိစ္စကို နောက်ထပ်စဥ်းစားဖို့မလိုတော့ဘူးလား ”
ရန်ရှောင်ကျဲ့က သွေးတိုးစမ်းထပ်ပြောကြည့်ပါတယ်။
အကြီးအကဲမုက သူ့ကိုတစ်ချက်စိုက်ကြည့်ရင်းနဲ့ ပြန်ဖြေလိုက်ပါတယ်။
” မင်းစိတ်ကိုပြောင်းလဲစေဖို့ နောက်ထပ်ကျောင်းသားတွေ ထပ်ပြီသေပေးရဦးမှာလား ဒီကိစ္စမဖြစ်ခဲ့ဘူးဆိုရင်တောင် ငါအနေနဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်အစည်းအဝေးပွဲကို စီစဥ်ပြီဒီအရေးကြီးတဲ့ကိစ္စကို ဆွေးနွေးဖို့ဆုံးဖြတ်ထားခဲ့ပြီးပြီ ငါတို့မျိုးဆက်တွေက ဆက်တိုက်တိုးတက်လာနေတုန်းပဲ ၀ိညာဥ်လက်နက်တွေဆိုတာကလဲ တိုးတက်လာတဲ့လူအဖွဲ့အစည်းရဲ့ ပြရုပ်တွေပဲလေ ဒါ့အပြင် လူတစ်ယောက်က သန်မာကောင်းသန်မာနိုင်ပေမဲ့ ၀ိညာဥ်လက်နက်သာရှိလို့ကတော့ အင်အားကပိုပြီးတိုးတက်လာလိမ့်မယ်..အကယ်၍ မင်းသာအရင်လိုမျိုး အတွေးဟောင်းတွေနဲ့ ဆက်ပြီးတွေတောနေမယ်ဆိုရင် ကျောင်းအုပ်လုပ်ဖို့မလိုတော့ဘူး..ငါဆုံးဖြတ်ချက်ချပြီးပြီ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်နဲ့ အတွင်းတပည့်သားတွေအားလုံးလဲ ကိုယ်ပိုင်၀င်ငွေကိုအသုံးပြုပြီး ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက လက်နက်တွေကို၀ယ်ယူရမယ်..လုံး၀ကို အကြွေးမထားရဘူး “:
အကြီးအကဲမု ဒေါသထွက်လာတဲ့ပုံစံကိုမြင်ချိန်မှာတော့ ရန်ရှောင်ကျဲ့လဲ ဘယ်လောက်ပဲမကျေနပ်ပါစေ ပြန်မပြော၀ံ့ပါဘူး။ ဒါကြောင့် သူလဲလိမ်လိမ်မာမာလေး ခေါင်းညိတ်လိုက်ပါတော့တယ်။ တခြားတစ်ဖက်မှာ ရှန်လင်းအယ်ကတော့ အောင်နိုင်သူကြီးတစ်ယောက်လိုမျိုး ပြုံးနေခဲ့တယ်။
လက်ထောက်ကျောင်းအုပ် ချိုက်မိန်အယ်ကတော့ လက်ရှိအချိန်မှာ ရန်ရှောင်ကျဲ့ရဲ့ အခြေအနေကို ကာဆီးပေးဖို့စကားစလိုက်ပါတော့တယ်။
” အကြီးအကဲမု ဒါဆိုရင် ကျွန်မတို့တိုက်ကြီးအဆင့်ထက် ကျောင်းတော်လက်ရည်ယှဥ်ပြိုင်ဖို့အတွက် ဘယ်လိုလုပ်ကြမလဲ အတွင်းနယ်မြေရဲ့တပည့်သားတွေက အခုအချိန်မှာ ဆယ့်ယောက်ကျော်ကျော်ပဲရှိတော့တယ်..ဒါ့အပြင် နှစ်ယောက်ကပဲ ဒီပြိုင်ပွဲအတွက်သွားဖို့သင့်တော်တယ်..ဒါပေမယ့် သူတို့က အားနည်းနေတုန်းပဲ အရင်တုန်းက ဖယ်ရှားခံလိုက်ရတဲ့ကျောင်းသားတွေကိုပဲ အဲ့ဒီကျောင်းသားတွေနဲ့အတူတူ ပူးပေါင်းပြီ ဆက်စေလွှတ်နိုင်ဦးမလား ”
အကြီးအကဲရွှမ်က ခေါင်းညိတ်လိုက်ပါတယ်။
” အကယ်၍ ငါသာသူတို့ကို ပျံသန်းပြီခေါ်သွားမယ်ဆိုရင် အချိန်မီရောက်လာမှာပါ ”
အကြီးအကဲမုက ခေါင်းခါလိုက်ပါတယ်။
” မလိုဘူး ငါတို့တွေအထောက်အကူပြုပေးဖို့မလိုဘူး ကလေးတွေ သူတို့အစွမ်းသူတို့ပြပါစေ ”
အကြီးအကဲတွေအားလုံးအထိတ်တလန့် ဖြစ်ကုန်ကြပါတော့တယ်။ အကြီးအကဲတစ်ယောက်ကသာ ဆက်ပြီပြော၀ံ့တယ်။
” အကြီးအကဲမု ဒီကိစ္စက ကျောင်းတော်ရဲ့ဂုဏ်သိက္ခာနဲ့ဆက်စပ်နေတာနော် ”
အကြီးအကဲမုကတော့ အေးအေးဆေးဆေးသာ ရယ်နေခဲ့ပါတယ်။
” ဟုတ်တာပေါ့ ဂုဏ်သိက္ခာပဲ မင်းတို့အနေနဲ့ ဒီဂုဏ်သိက္ခာဆိုတဲ့စကားလုံးကြီးနဲ့ အရမ်းကြီးချည်နှောင်ခံထားရတယ်လို့ မထင်မိဘူးလား ..အရှုံးဆိုတာ ကြောက်စရာမကောင်းဘူး တကယ်ကြောက်စရာကောင်းတဲ့အရာကတော့ ကိုယ့်ဘာသာကိုယ် အလွန်အမင်ကျေနပ်နေတဲ့ကိစ္စပဲ ဒါ့အပြင် လူတချို့က သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ဆိုတာ မိုးအောက်မြေပြင် ပြိုင်ဘက်ကင်းနေတယ်လို့ ကိုယ့်ကိုကိုယ် ယူဆနေကြတယ်..အခုအချိန်က နိုးထဖို့အတွက်အချိန်ကောင်းပဲ လွန်ခဲ့တဲ့နှစ်သုံးဆယ်မှာ ငါတို့အနေနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေက တိုးတက်မှုအသစ်တွေကို နေ့တိုင်မြင်နေရတယ်..ဒါပေမယ့် ၀ိညာဥ်လက်နက်တည်ဆောက်ကျောင်းတော်ရဲ့ တိုးတက်မှုကရောဘယ်မှာလဲ နေလနိုင်ငံတော်နဲ့ယှဥ်လိုက်မယ်ဆိုရင် ငါတို့တွေဘာမှလျော့နည်းနေတာမရှိဘူး..လူအဖွဲ့အစည်းကြီးကဆက်ပြီတိုးတက်နေတယ်.. ဒါကြောင့်မလို့ တွေးတောနေတဲ့နည်းတွေကိုလဲ တိုးတက်အောင်လုပ်မှရမယ်..အကယ်၍ ငါတို့သာ အပိုအကူအညီတွေကို လွှတ်လိုက်မယ်ဆိုရင် ဒီကလေးတွေထက် ပိုပြီးကောင်းမွန်နိုင်ဦးမှာလား ”
ရန်ရှောင်ကျဲ့အနေနဲ့ သူ့ဆရာသူ့ကို ပြောချင်နေမှန်း သိနားလည်သွားခဲ့ပါပြီ။ ဒါကြောင့် သူခေါင်းငုံ့နေခဲ့ရပါတယ်။ မျက်နှာကတော့ နီရဲလို့နေခဲ့တယ်။ အကယ်၍ ၀ိညာဥ်လက်နက်တွေ ဘယ်လောက်အရေးကြီးတဲ့အကြောင်း တစ်ယောက်ယောက်ကသာ ပြောခဲ့မယ်ဆိုရင် သူသေချာပေါက် ငြင်းပယ်မှာပါ။ ဒါပေမယ့် အခုအချိန်မှာပြောနေသူက သူ့အလေးစားရဆုံးသူရဲ့ ဆရာသခင်ဖြစ်နေခဲ့တဲ့အတွက် အာရုံမစိုက်ပဲမနေ၀ံ့တော့ပါဘူး။
” ငါတို့ရဲ့ အဓိကအဖွဲ့က လက်ရှိအချိန်မှာ မယှဥ်ပြိုင်နိုင်ပေမဲ့ အကြိုအဖွဲ့ကလဲ ကျောင်းတော်တည်ထောင်ခဲ့သမျှ အချိန်တွေအားလုံးထဲမှာ အသန်မာဆုံးဖြစ်တယ်ဆိုတာ မေ့ထားလို့မရဘူးလေ မိုးကောင်းကင်က သူတို့ကိုစောစောစီးစီးလေ့ကျင့်စေဖို့အတွက် ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သူတို့တွေအောင်မြင်အောင် ဘာကြောင့်မကူညီပေးန်ိုင်ရမှာလဲ ”
အပိုင်း ၇၄•၂ ပြီး၏။