Switch Mode

Chapter – 74.1

ထျောင်ထျဲ့ သော့်လော့နဲ့ နဂါးနတ်ဘုရား သော့်လော့

အပိုင်း ၇၄•၁

” ထျောင်ထျဲ့သော့်လော့နဲ့ နဂါးနတ်ဘုရားသော့်လော့ ”
°°°
အခုအချိန်အထိ ၀မ်သုန့်က သူ့ပေါင်ကို ဟို့ယွိဟောင်ခေါင်းအုံးဖို့လုပ်ပေးထားခဲ့တာပါ။ ဒါ့အပြင် သူ့ကိုယ်တိုင်ကတော့ သစ်ပင်တစ်ပင်ကို မှီလျက်သားထိုင်နေခဲ့တယ်။ ဟို့ယွိဟောင်ကို စကားပြောဖို့အတွက် သူအခွင့်အရေးတောင်မပေးပဲ ဆက်တိုက်ဖက်ထားရင်းကနေ ​မေးနေခဲ့တယ်။

” ယွိဟောင် မင်းငါ့ကိုတကယ်သေမတတ်ကြောက်လန့်သွားစေခဲ့တာပဲ အဲ့ဒီအလောင်းကောင်တွေလိုဖြစ်သွားတော့မယ်လို့ ထင်နေခဲ့မိတာ ”

ဆက်တိုက်ဆိုသလို သူငိုကြွေးရင်းနဲ့ ပြောနေခဲ့ပါတယ်။

ပေ့ပေ့ရဲ့အနောက်အနားမှာရပ်နေခဲ့တဲ့ ရှုစန်းရှီကတော့ ရယ်မောရင်းပြောလိုက်တယ်။

” ကြည့်လိုက်ပါဦး သူတို့ညီနောင်ရဲ့ခံစားချက်တွေက တကယ်ကိုနက်ရှိုင်းနေတာပဲ “‘

ပေ့ပေ့ကတော့ နှုတ်ခမ်းတွေတွန့်သွားရင်းပြန်​ဖြေလိုက်ပါတယ်။

” ဒါပေါ့ သူတို့တွေက မင်းလိုမျိုးနှလုံးသားအေးစက်တဲ့သတ္တ၀ါထက်တော့ အများကြီးပိုပြီး နွေးထွေးကြတာပေါ့ ”

ရှုစန်းရှီက ချက်ချင်းဆိုသလို ဒေါသထွက်လာပါတော့တယ်။

” မဟုတ်တရမ်းတာတွေ ငါ့ကဘယ်လိုများ နှလုံးသားအေးစက်တဲ့သူဖြစ်ရမှာပဲ ငါက တခြားသူတွေကို အရမ်းကြီးသနားဂရုဏာမပြချင်ရုံသက်သက်ပါပဲ ”

ကျန်းနန်နန်က မျက်မှောင်ကြုတ်ရင်းနဲ့ ပြောလာခဲ့ပါတယ်။

” နင်တို့နှစ်ယောက် ဘယ်အသက်အရွယ်ရှိပြီမလို့ ကလေးတွေလိုအမြဲတမ်းတွေ့လိုက်တိုင်းရန်ဖြစ်နေကြတာပဲလား ”

ဒီစကားကိုကြားပြီချိန်မှာ ရှုစန်းရှီက ချက်ချင်းအချိုးပြောင်းသွားပါတော့တယ်။ အဲ့ဒီစကားက ဆေးပေါင်းရာချီသောက်ထားတာထက်တောင် ပိုပြီးအကျိုးရှိနေခဲ့သေးတယ်။ အမှန်တရားဘက်တော်သားကြီးလိုပုံစံနဲ့အတူ သူက ပေ့ပေ့ကို လုံး၀ဂရုမစိုက်တော့ပဲ တည်တည်ကြည်ကြည်ပြန်ဖြစ်သွားပါတော့တယ်။

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့ကျောကိုပုတ်ပေးရင်း ပြန်ပြောလိုက်တယ်။

” အဆင်ပြေတယ်..ငါအခုအဆင်ပြေသွားပြီ ဒီလိုမျိုးကပ်ဆိုးကနေ ရှင်သန်နိုင်ပြီဆိုမှတော့ တစ်သက်လုံးကံကောင်းတော့မှာပေါ့ ဟုတ်တယ်ဟုတ် ”

၀မ်ယန်က ဟို့ယွိဟောင်ဘေးနားကို လျှောက်လာခဲ့ပါတယ်။

” မင်းအဆင်ပြေရင်း အားလုံးကောင်းသွားပါပြီ အခုတော့နားလိုက်ဦး ငါတို့တွေအနောက်မြောက်ဖက်ရဲ့ စစ်တပ်ဆီကို ပြန်ကြရမယ်..နားပြီတဲ့အချိန်အင်အားပြန်ပြည့်မှသာ ကြယ်တာရာလော့နိုင်ငံတော်ကို တန်းတန်းမတ်မတ်သွားကြရမယ်.”

ဟယ့်ချိုက်ထို့က မေးလိုက်ပါတယ်။

” ဆရာ၀မ် ကျွန်တော်တို့ကိုဒီတစ်ကြိမ်မှာ တကယ်ပဲ ပြိုင်ပွဲ၀င်ခိုင်းမှာလား ”

အဲ့ဒီစကားက အပြင်နယ်မြေရဲ့ကျောင်းသားခုနှစ်ယောက်စလုံး စိတ်ထဲမှာအတွေးမိဆုံးစကားပါပဲ။ ၀မ်သုန့်ကလဲ ဟို့ယွိဟောင်ကိုဖက်ထားရင်းကနေ လွှတ်လိုက်ပြီ ၀မ်ယန်ကိုကြည့်နေခဲ့ပါတယ်။

” ငါတို့မှာတကယ်ရွေးချယ်စရာမရှိတော့ဘူးလေ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်ပြိုင်ပွဲက တစ်လလုံးလုံးတိုက်ခိုက်မှာ အချိန်ကအတော်ကြာတယ်..မာရှောင်ထောင့် ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့က အပြည့်အ၀သက်သာဖို့အတွက် လ၀က်လောက်အထိ အချိန်ယူရဦးမှာပဲ ငါတို့လုပ်နိုင်တဲ့တစ်ခုတည်သောအရာကတော့ မင်းတို့တွေကိုယုံကြည်ပြီ ကျောင်းတော်ကိုကိုယ်စားပြုယှဥ်ပြိုင်ဖို့ပဲ ရှိတော့မယ် ”

” ဆရာ၀မ် ကျွန်တော်တို့ဒါဆိုဘယ်လိုလုပ်ရမှာလဲ “:

ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။ ကျောင်းတော်တစ်ခုလုံးကို ကိုယ်စားပြုပြီး ပြိုင်ဆိုင်ရမဲ့ပြိုင်ပွဲက သေချာပေါက် ပေါ့သေးသေးမှတ်ယူလို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူတို့တွေက ကျောင်းတော်ရဲ့ဂုဏ်သိက္ခာကို ကိုယ်စားပြုရမှာပါ။

ကျောင်းတော်က တိုက်ကြီးရဲ့နံပါတ်တစ်ကျောင်းတော်အဖြစ် ကျော်ကြားခဲ့တာက များပြားတဲ့ထူးချွန်လူငယ်တွေရဲ့ အရည်အချင်းနဲ့အစွမ်းအစကြောင့်ပါ။ ဒီလိုအင်အားမျိုးကို ဘယ်လိုများထုတ်ပြရမှာလဲ။ တိုက်ကြီးရဲ့အဆင့်တက်တဲ့ ပြိုင်ပွဲက ဒီလိုအစွမ်းအစပြဖို့အတွက် အကောင်းဆုံးစင်မြင့်လဲဖြစ်နေခဲ့တယ်။

အမျက်ဒေါသကျောင်းတော်က နှစ်ပေါင်းများစွာကြာတဲ့အထိ ချန်ပီယံနေရာကို ဆက်တိုက်တစ်ယောက်ထဲရယူနိုင်ခဲ့ပါတယ်။တခြားကျောင်းတော်တွေအနေနဲ့ကတော့ ပထမနေရာနဲ့ ဒုတိယနေရာတွေကိုသာ ရရှိခဲ့တယ်။ နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်အင်ဂျင်နီယာကျောင်းတော် ပေါ်ထွက်မလာခင်အချိန်အထိ အမျက်ဒေါသကျောင်းတော်နဲ့ ယှဥ်ပြိုင်နိုင်သူတွေက မရှိခဲ့ပါဘူး။

ဒါပေမယ့် အဲ့ဒီကိစ္စက တကယ်တော့မူလခံရွေးချယ်တဲ့အဖွဲ့နဲ့ သက်ဆိုင်မှာပါ။ သူတို့က အကြီးအကဲရွှမ်ရဲ့ တိုက်ရိုက်သင်ကြားမှုအောက်မှာ ရှိနေတဲ့ ထိပ်တန်းအဖွဲ့၀င်တွေကြီးပါပဲ။ ဒါ့အပြင် သူတို့ရဲ့ ပြိုင်ဘက်တွေကလဲ ၀ိညာဥ်ဘုရင်အဆင့် အနည်းဆုံးရှိနေခဲ့မှာပါ။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ တာ၀န်ထမ်းဆောင်မှုမှာ ကြီးမားတဲ့အဆုံးအရှုံးကို ကြုံတွေ့ရမယ်လို့ ဘယ်သူကများတွေးမိမှာလဲ။ တစ်ယောက်သေဆုံးမှုတင်မကပဲ ကျန်တဲသုံးယောက်ကလဲ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီ ပြိုင်ပွဲမှာ ၀င်ရောက်မယှဥ်ပြိုင်နိုင်တဲ့ အခြေအနေကိုရောက်နေခဲ့ပါပြီ။ ကျန်ရှိတဲ့သုံးယောက်ကလဲ ဒဏ်ရာတွေအတော်ကို ပြင်းထန်နေခဲ့ပါတယ်။ ဒီလိုအချိန်တိုလေးအတွင်းမှာပဲ မူလခံအဖွဲ့ခုနှစ်ယောက်စလုံးက တိုက်ခိုက်နိုင်တဲ့အင်အားတွေကို ဆုံးရှုံးလို့သွားခဲ့ပါပြီ။

ခုနတုန်းက ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်ငါးယောက်ပါ၀င်ခဲ့တဲ့အဖွဲ့ရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ၀ိညာဥ်ဘိုးဘေးလေးယောက်နဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်နဲ့ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်သာရှိတဲ့ အဖွဲ့သာကျန်ရစ်ပါတော့တယ်။ အင်အားတစ်ခုထဲနဲ့တောင် ကြီးမားတဲ့ကွာခြားချက်က ရှိနေခဲ့ပါပြီ။

အကြိုအဖွဲ့ရဲ့ ကျောင်းသားခုနှစ်ယောက်ကိုရရှိလာခဲ့တဲ့ဖိအားက အရမ်းကိုများပြားလို့နေခဲ့ပါတယ်။ ဒါ့အပြင် အသက်အကြီးဆုံးကတောင် ဆယ့်ငါးနှစ်မပြည့်သေးပါဘူး။ အငယ်ဆုံးတွေကတော့ ဆယ့်နှစ်နှစ်အရွယ်သာရှိသေးတာပါ။ ဒါကြောင့် သူတို့အနေနဲ့ ဘာတွေကိုဖြတ်ကျော်ရမလဲဆိုတာ တွေးကြည့်ဖို့တောင်ခက်ခဲနေခဲ့တယ်။

၀မ်ယန်လဲ ဟို့ယွိဟောင်ရဲ့ အမေးစကားကိုဘယ်လိုပြန်ဖြေရမလဲမသိတော့ပါဘူး။ ဒါကြောင့် သူသက်ပြင်းသာချလိုက်ပါတော့တယ်။

” ဒီတစ်ခေါက်ရလာမဲ့နောက်ဆက်တွဲကိစ္စတွေရဲ့ နောက်ဆုံးတာ၀န်ယူမှုကတော့ အားလုံးငါ့ရဲ့ခေါင်းပေါ်ကျလာမှာပေါ့ ငါကအဖွဲ့ကိုသင့်တော်အောင် ညွှန်ကြားဖို့အတွက် ပျက်ကွက်ခဲ့တယ်..ငါတ်ို့တွေ ကျောင်းတော်ကိုပြန်ရောက်တဲ့အချိန်သေချာပေါက် ကျောင်းတော်ရဲ့အဆင့်မြင့်ဆုံးဆရာတွေကို ခွင့်လွှတ်ဖို့အတွက် တောင်းဆိုကြည့်ရမှာပဲ ကျောင်းတော်ကိုကိုယ်စားပြုတဲ့တိုက်ကြီးရဲ့ ပြိုင်ပွဲတွေအနေနဲ့ကတော့ မင်းတို့တွေအင်အားကိုမချွင်းမချန်ပဲ တိုက်ခိုက်ရလိမ့်မယ်..မင်းတို့ရဲ့အရည်အချင်းနဲ့ဆိုရင် အစောပိုင်းအကြိုပြိုင်ပွဲတွေကတော့ အရမ်းကြီးခက်ခဲမှာမဟုတ်ပါဘူး..အကယ်၍ အကြီးအကဲရွှမ်သာ အမြန်ဆုံးနှုန်းနဲ့ပြန်လာနိုင်ခဲ့မယ်ဆိုရင် ကျောင်းတော်အနေနဲ့ အတွင်းတပည့်သားအုပ်စုတစ်ဖွဲ့ကို ပို့လွှတ်နိုင်ခဲ့မှာပါ အကြီးအကဲရွှမ်ရဲ့ပျံသန်းနိုင်တဲ့နှုန်းနဲ့ဆိုရင် သူ့အနေနဲ့ အချိန်မီရောက်လာဖို့ဖြစ်နိုင်ပါတယ် ”

အကြီးအကဲရွှမ်ရဲ့ မြန်ဆန်းတဲ့ပျံသန်းမှုကို ပြန်လည်မှတ်မိသွားပြီတဲ့နောက် အားလုံးလဲအနည်းငယ်စိတ်သက်သာရာရသွားခဲ့ပါတယ်။

ပေ့ပေ့က ထရပ်ရင်းနဲ့ ပြောလိုက်တယ်။

” ဆရာ၀မ်ပြောတာမှန်တယ်..နောက်ဆုံးတော့လဲ ငါတို့က အကြိုအဖွဲ့ရဲ့လူတွေပဲလေ ဒါ့အပြင် တိုက်ကြီးရဲ့အဆင့်တက်တဲ့ ပြိုင်ပွဲက အကြီးအကဲရွှမ် အရင်ကပြောခဲ့သလိုမျိုး ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကြုံတွေ့ရမှာပဲ ဒါ့အပြင် သူတို့က ရှုံးထွက်ပွဲစဥ်တွေလဲမဟုတ်ဘူး..ငါတ်ု့ရဲ့စွမ်းရည်တွေအားလုံးကို အရောင်တင်ပြီတိုးတက်စေဖို့အတွက်နဲ့ အဓိကအဖွဲ့သားတွေအတွက် ဒိုင်းကာဖြစ်ပေးဖို့ ငါတို့မှာတာ၀န်ရှိတယ်..ဒီအစီအစဥ်အတိုင်းပဲ ဆက်သွားကြမယ်..ရလဒ်ကဘယ်လိုပဲဖြစ်လာပါစေ ငါတို့တွေအကောင်းဆုံးကြိုးစားကြည့်ရင်း အဆင်ပြေသွားမှာပါ ဒါ့အပြင် ငါတို့တွေလဲ ပြိုင်ဘက်ကိုလှည့်စားလို့ရတယ်လေ ဒါ့အပြင် နောက်ထပ်ပြိုင်ပွဲတွေကို ဆက်ပြိုင်ဖို့အတွက် အကူအညီတွေလဲ တောင်းခံချင်တယ်..ငါတို့ရဲ့ကျောင်းတော်က ကြယ်တာရာလော့နိုင်ငံတော်နဲ့ အဲ့ဒီလောက်ကြီးလဲမဝေးပါဘူး ..ကျောင်းတော်အနေနဲ့ လူတွေကိုရွေးချယ်ပြီ သူတို့ကို ပြန်လွှတ်စေဖို့အတွက် သုံးရက်ကနေ ငါးရက်လောက်ပဲကြာမှာပါ ဒီတော့ငါတို့လဲ ရက်အနည်းငယ်လောက်တော့ ကြိုးစားကြည့်ကြတာပေါ့ ”

” ဟုတ်တယ် ငါတို့တွေက တခြားသူတွေထက် အားမနည်းဘူးလေ ဒါ့အပြင် ငါကြားသိထားသလောက်အရဆိုရင် တခြားကျောင်းတော်ရဲ့ပြိုင်ပွဲ၀င်တွေကလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းလေးကွင်းပဲရှိတဲ့ပညာရှင်တွေတဲ့ ငါတို့က အမျက်ဒေါသကျောင်းတော်ရဲ့ ထိပ်တန်းကျောင်းသားတွေဖြစ်နေပြီးပြီ ဘာကိုများကြောက်ရမှာလဲ ဒါ့အပြင် အဓိကအင်အားစုကလှုပ်ရှားဖို့မလိုပဲနဲ့တောင် ငါတို့တွေ ဗိုလ်လုပွဲအထိ ရောက်သွားနိုင်တယ်မဟုတ်လား ”

ရှုစန်းရှီက တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ပြောလာခဲ့ပါတယ်။

ကျန်းနန်နန်ကတော့ သူ့ကိုမျက်စောင်းထိုးနေခဲ့တယ်။

” ဒီလောက်အသက်အရွယ်ရောက်လာတာတောင် အဲ့ဒီလောက် ရိုးရိုးရှင်းရှင်းတွေးတတ်နေသေးတယ်လား ”

ရှောင်းရှောင်းက ကျန်းနန်နန်ရဲ့ဘေးမှာထိုင်နေခဲ့တာပါ။ ရှုစန်းရှီရဲ့မအီမသာဖြစ်သွားတဲ့မျက်နှာကြီးကိုကြည့်ရင်း သူမရယ်မောမိပါတော့တယ်။

၀မ်ယန်ရဲ့မျက်နှာပေါ်မှာလဲ အပြုံးတစ်ခုကပေါ်လာခဲ့ပါပြီ။ သူခေါင်းညိတ်လိုက်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။

” ပေ့ပေ့ပြောတာမှန်တယ်..ငါတို့တွေအကောင်းဆုံးကြိုးစားရမယ် ”

သူပြောပြီချိန်မှာပဲ မာရှောင်ထောင့် ထိုက်ယွဲ့ဟန် လင်းလော့ချန်တို့ဆီကို အကြည့်ရောက်သွားပါတော့တယ်။

သူတို့သုံးယောက်ကတော့ စကားတစ်ခွန်းတောင်မဟနိုင်ကြပါဘူး။ ၀မ်ယန်လဲ စိတ်ထဲမှာသက်ပြင်းချရင်း သူဘာသာသူတွေးနေခဲ့မိပါတယ်။ အကောင်းဆုံးကြိုးစားမှရမယ် အရာအားလုံးက မိုးကောင်းကင်ရဲ့ဆန္ဒအတိုင်း ဖြစ်လာတာပဲ။

ဒါပေမယ့် ဟို့ယွိယောင်ကတော့ စိတ်ထဲမှာသံသယရှိနေဆဲပါ။ အကြီးအကဲရွှမ် ထွက်မသွားခင်အချိန်က ပြောခဲ့တဲ့စကားတွေကိုရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့တယ်။ ကျောင်းတော်ရဲ့ဂုဏ်သတင်းက သူတို့ရဲ့ပုခုံးပေါ်မှာကျရောက်လာမှာပါ။ ဒီလိုကိစ္စမျိုးက မတွေးပဲနဲ့ပြောသွားခဲ့တဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ သူ့ရဲ့အစ်ကိုကြီးက ဒီစကားတွေကိုသေချာပေါက် သတိမထားမိတာမျိုးမရှိဘူးလို့ ရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။ ဒါပေမယ့် ဘာကြောင့်များဒီလိုမျိုးပြောနေရတာလဲ။ အားလုံးရဲ့နှလုံးသားကိုတက်ကြွအောင်လုပ်ပေးနေတာလား။

ဒီအတွေးတွေ တွေးပြီချိန်မှာပဲ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ဆရာတူအစ်ကိုကြီးကို ထောက်ပြပြောဆိုဖို့မလုပ်၀ံ့ပဲရှိနေပါတော့တယ်။ သူလုပ်နိုင်တဲ့ အကောင်းဆုံးအရာကတော့ ပေ့ပေ့နဲ့အတူ ရေလိုက်ငါးလိုက်ဆက်သွားဖို့ပါပဲ။ အားလုံးရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးဖို့ဆိုတာက သိပ်ပြီမလွယ်ကူခဲ့ပါဘူး။ ဘယ်လိုကြောင့်များ သူ့ကိုဒီလိုအခြေအနေကနေ စိတ်ဓာတ်ကျအောင်လုပ်နိုင်မှာလဲ။

၀မ်ယန်နဲ့ ကျန်ရစ်တဲ့အတွင်းတပည့်သားသုံးယောက်ကတော့ အတွင်းနယ်မြေထဲမှာ ကျောင်းသားများများစားစားမရှိမှန်းသိနေခဲ့တယ်။ ဒါ့အပြင် အသက်နှစ်ဆယ်မပြည့်သေးတဲ့ ကျောင်းသားတွေထဲမှာအစွမ်းအစရှိတဲ့ကျောင်းသားက ပိုလို့တောင်နည်းပါးပါသေးတယ်။ ဒါ့အပြင် အတွင်းနယ်မြေတပည့်သားအများစုက ဆက်တိုက်ဆိုသလို အစောင့်အကြပ်တွေအဖြစ်နဲ့ လုပ်ငန်းတာ၀န်တွေကိုထမ်းဆောင်နေရတာပါ။ ဒါကြောင့် ကျောင်းတော်အနေနဲ့ နောက်ထပ် အမျက်ဒေါသကျောင်းတော်ရဲ့မိစ္ဆာခုနှစ်ဖော်ကိုထပ်ပြီ စုစည်းဖို့ဆိုတာက လုံး၀ကိုမဖြစ်နိုင်တဲ့ကိစ္စပါပဲ။ သနားစရာကောင်းလောက်အောင်ပဲ အပြင်နယ်မြေရဲ့တပည့်သားတွေအတွက်လဲ ပိုပြီးတော့တောင် မျှော်လင့်ချက်ရှိဖို့က နည်းပါးနေခဲ့ပါသေးတယ်။ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က အပြင်နယ်မြေမှာအရမ်းကိုထူးချွန်တဲ့သူတွေပါပဲ။ နောက်ထပ်၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ကျောင်းသားတွေကို သူတို့စုစည်းနိုင်ဦးတော့ ဟို့ယွိဟောင် ၀မ်သုန့် ရှောင်းရှောင်းတို့ထက် ပိုပြီးသန်မာမယ်ဆိုတာ ဖြစ်နိုင်လို့လား။

ရလဒ်အနေနဲ့ သူတို့တွေပြိုင်ပွဲအတွင်းကောင်းမွန်လာရမဲ့နေ့ရက်တွေကို စဥ်းစားရင်းလေ့ကျင့်ပြီ အားဖြည့်နေဖို့သာ တွေးလိုက်ပါတော့တယ်။

ကျောင်းတော်ထဲမှာတော့ အကြီးအကဲရွှမ်က လှေကားထစ်မှာထိုင်နေခဲ့ပါတယ်။ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့အတူ ဆက်တိုက်ဆိုသလို အရက်တွေကိုသောက်နေခဲ့တယ်။ သူ့ရဲ့နောက်ဖက်မှာတော့ ခြေသံတွေက ထွက်ပေါ်လာခဲ့ပါပြီ။ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ လူကြီးတစ်ယောက်က သူ့အနားကိုလျှောက်လာခဲ့ပါတယ်။

” အခြေအနေကဘယ်လိုလဲ ”

အကြီးအကဲရွှမ်ရဲ့နောက်မှာရှိတဲ့ အဖြူရောင်၀တ်ရုံ၀တ်လူက ပြောလိုက်ပါတယ်။

” အခြေအနေတွေက တည်ငြိမ်လို့သွားပါပြီ ဒါကအလောင်းအဆိပ်ပါ ကံကောင်းစွာနဲ့ပဲ ရိုးရှင်းတဲ့အဆိပ်ဖြစ်နေပြီ အချိန်မီပြန်ခေါ်လာနိုင်လို့ သူတို့ရဲ့အသက်တွေက အန္တရာယ်မရှိတော့ပါဘူး..၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကလဲ ချန်ကျစ်ဖုန်းအတွက် ခြေထောက်တုတစ်ခုကို လုပ်ပေးဖို့ပြင်ဆင်နေပါပြီ ဒါ​ကြောင့် သူ့အနေနဲ့ ခြေတုတစ်ခုရဖို့ ပြဿနာမရှိတော့ပါဘူး .လှုပ်ရှားမှုတွေမှာ အနည်းငယ်သက်ရောက်မှုရှိသွားနိုင်ပေမဲ့အင်အားကိုတော့ မထိခိုက်ပဲဖြစ်ပါလိမ့်မယ် ”

အကြီးအကဲရွှမ်လဲ နောက်ထပ်တစ်ကြိမ် အရက်တွေကိုသောက်ရင်း ပြောလိုက်ပါတယ်။

‘” ကောင်းသားပဲ ”

ဒိီတစ်ကြိမ်မှာပဲ အပြင်နယ်မြေကနေ တစ်ယောက်ယောက်ကထွက်လာရင်းလျှောက်လာခဲ့ပါတယ်။ ဒါကတော့ ကျောင်းအုပ်ရန်ရှောင်ကျဲ့ပါ။

” အကြီးအကဲရွှမ် ပင်လယ်နတ်ဘုရားခန်းမဆောင် အစည်းအဝေးပွဲက အကြီးအကဲပြင်ဆင်ခိုင်းထားတဲ့အတိုင်းပြင်ဆင်ပြီးပါပြီ ”

” သွားကြစို့ ”

အကြီးအကဲရွှမ်က ထရပ်ရင်းလျှောက်သွားခဲ့ပါတယ်။ သူ့ရဲ့ပုံစံကအရမ်းကို အထိီးကျန်နေခဲ့တယ်။ ရန်ရှောင်ကျဲ့ကလဲ အကြီးအကဲရွှမ်ရဲ့ အနောက်မှာလိုက်ရင်းကနေ သက်ပြင်းချနေခဲ့မိပါပြီ။ ဒီလိုမျိုးအစည်းအဝေးအကြိမ်ကြိမ် ကျင်းပရတယ်ဆိုတာက အတော်ကိုရှားပါးတဲ့ကိစ္စပါ။

” အကြီးအကဲရွှမ် ဒီကိစ္စက အကြီးအကဲရဲ့အပြစ်မဟုတ်ပါဘူး..ကိုယ့်ကိုကိုယ်အရမ်းကြီးအပြစ်မတင်ပါနဲ့ ”

ရန်ရှောင်ကျဲ့က ခပ်တိုးတိုးပြောလိုက်ပါတယ်။ အကြီးအကဲရွှမ်ကတော့ စကားတစ်ခွန်းတောင်မပြောပဲ ခေါင်းသာခါနေခဲ့တယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်။

ကိစ္စတွေက အရင်အချိန်နဲ့သိပ်ပြီမကွာခြားပါဘူး။ ဒါပေမယ့် ပတ်၀န်းကျင်အခြေအနေနဲ့ အရှိန်အ၀ါကတော့ အတော်လေးကို လေးလံနေခဲ့ပါတယ်။ ထိုင်ခုံတွေရဲ့ထိပ်ဆုံးမှာရှိနေတဲ့ အကြီးအကဲမုကတော့ အရင်လိုလှဲလှောင်းနေဆဲပါ အရိပ်တွေကလဲ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့ပါပြီ။

သူ့ရဲ့ဘေးမှာထိုင်နေတဲ့သူကတော့ အကြီးအကဲလင်းနဲ့ အကြီးအကဲရွှမ်ပါပဲ။ ကျောင်းအုပ်နှစ်ယောက် လက်ထောက်ကျောင်းအုပ်တွေအားလုံးကလဲ စားပွဲရဲ့အဆုံးဖက်ဆီမှာထိုင်နေခဲ့ပါတယ်။

အကြီးအကဲမုရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပါပြီ။

” ရှောင်ရွှမ် ပြောပါဦး မင်းဘာတွေကြောင့် ဒီအစည်းအဝေးပွဲကို ခေါ်လိုက်ရတာလဲ ”

အကြီးအကဲရွှမ်ကတော့ ခေါင်းညိတ်ရင်းနဲ့သာ ခပ်တိုးတိုးလေသံနဲ့ ပြောလာခဲ့ပါတယ်။

” ဒီတစ်ခေါက်ဘာတွေဖြစ်ခဲ့လဲဆိုတာ အားလုံးသိပြီမှာပါ ငါ့ရဲ့ဦးဆောင်မှုအောက်မှာ ဒီလိုပြဿနာမျိုးဖြစ်တာ ပထမဆုံးအကြိမ်မဟုတ်တော့ဘူး..အဖွဲ့တွေကို ဦးဆောင်ရသူအနေနဲ့ ဒီတာ၀န်၀တ္တရားကို သေချာပေါက် လက်ခံဖို့ငါ့မှာတာ၀န်ရှိပါတယ်..ဒါကြောင့် ငါအနေနဲ့ အမျက်ဒေါသအစောင့်အရှောက်တွေရဲ့လက်ထောက်ခေါင်းဆောင်အဖြစ် နှုတ်ထွက်ဖို့ဆုံးဖြတ်လိုက်ပါပြီ ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်ကလဲ ထွက်ခွာလို့သွားခဲ့ပြီ ကျောင်းတော်ရဲ့တခြားနေရာမှာပြောင်းနေပါတော့မယ် ”

အကြီးအကဲရွှမ် ပြောလိုက်တဲ့အချိန်မှာပဲ အခန်းထဲမှာရှိသမျှလူအားလုံးက တုန်လှုပ်သွားကြပါတော့တယ်။ သူ့အနေနဲ့ ကျောင်းတော်မှာဒုတိယအမြင့်ဆုံးနေရာကို ပိုင်ဆိုင်ထားတယ်ဆိုတာ လူတိုင်းသိကြတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့အကြီးအကဲဖြစ်ပြီ အရမ်းကိုသန်မာတဲ့ကျင့်ကြံမှုရှိတဲ့သူပါ။ အကြီးအကဲမုကလွဲပြီ သူ့ထက်မြင့်တဲ့သူမရှိတော့ပါဘူး။ ကျောင်းတော်ရဲ့ထိပ်ဆုံးရောက်နေတဲ့ အကြီးအကဲမုကတော့ အမျက်ဒေါသအစောင့်အရှောက်တွေရဲ့ ခေါင်းဆောင်ကြီးလဲဖြစ်ပါတယ်။ ဒါ့အပြင် သူတစ်ယောက်ထဲကသာ အကြီးအကဲရွှမ်ရဲ့အထက်မှာရှိနေခဲ့တာပါ။ နှစ်ပေါင်းငါးဆယ်အတွင်းမှာ အတွင်းနယ်မြေရဲ့ အထူးချွန်ဆုံးကျောင်းသားတွေအားလုံးက တိုက်ကြီးရဲ့အဆင့်တက်ပြိုင်ပွဲမှာ အကြီးအကဲရွှမ်ရဲ့ ဦးဆောင်မှုအောက်ယှဥ်ပြိုင်ခဲ့ရပါတယ်။ သူ့အနေနဲ့ ဒီလိုမျိုးတာ၀န်၀တ္တရားတွေအားလုံးကနေ နှုတ်ထွက်မယ်လို့ပြောတာက ဘယ်လောက်အထိ တုန်လှုပ်စရာကောင်းလိုက်သလဲ။

ရန်ရှောင်ကျဲ့ကတော့ အရမ်းကိုထိတ်လန့်လွန်တာကြောင့် မျက်နှာတစ်ခုလုံးတောင် သွေးစုပ်ဖြူရော်သွားပါတော့တယ်။

” အကြီးအကဲရွှမ် ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကိစ္စတွေက အမှားအယွင်းမရှိလာနိုင်ဘူးလို့ ဘယ်သူမှလဲ အာမမခံနိုင်ဘူးလေ ဒါ့အပြင် ဒီတာ၀န်၀တ္တရားက အကြီးအကဲရဲ့ပုခုံးပေါ်မှာ အပြည့်အ၀ကြီးရှိမနေသင့်ဘူး..ရှောင်ထောင့်နဲ့ တခြားသူတွေ သတိလက်လွှတ်နေလိုက်မိတာကလဲ ကြီးမားတဲ့အပိုင်းထဲမှာရှိနေခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်ကလဲ ပုံမှန်မဟုတ်တဲ့စွမ်းရည်တွေရှိနေတယ်မဟုတ်လား သူ့အနေနဲ့ ၀ိညာဥ်သူတော်စင်တွေနဲ့ ညီမျှတဲ့တိုက်ခိုက်မှုကို အစွမ်းကုန်တိုက်ခိုက်နိုင်တယ်..ဒါကလဲ သူ့ရဲ့ဖျက်ဆီးနိုင်တဲ့စွမ်းအားကအနီးဆုံးဖြစ်နေလို့သာ တိုက်ခိုက်နိုင်တာပါ။ အကြီးအကဲရွှမ်က ကျောင်းတော်ရဲ့အဓိကပင်မထောင့်တိုင်ကြီးတွေထဲကတစ်ခုပါပဲ ကျောင်းတော်က အကြီးအကဲကိုဆုံးရှုံးလို့မဖြစ်ဘူး ”

အကြီးအကဲရွှမ်က သက်ပြင်းချရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ရှောင်ကျဲ့ နောက်ထပ်ဘာမှပြောမနေနဲ့တော့ ငါအစောပိုင်းကထဲက မဟာကြယ်တာရာသစ်တောရဲ့ အဆုံးအရှုံးကိုလက်ခံတာ၀န်ယူပြီ နှုတ်ထွက်ချင်ခဲ့တာ ဒါပေမယ့် အဲ့ဒီမိန်းကလေးလဲ့ရွှမ်က ငါ့ရှေ့မှာ သုံးရက်သုံးညတိတိ ဒူးထောက်ရင်းနဲ့ တောင်းဆိုခဲ့တယ်..ငါ့အနေနဲ့လဲ အဲ့ဒီကလေးရဲ့နှလုံးသားကိုထိခိုက်စေဖို့အတွက် မလုပ်နိုင်ခဲ့ပါဘူး…ဒါကြောင့်သာ ဆက်နေခဲ့ရတာပဲ ”

အပိုင်း ၇၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset