Switch Mode

Chapter – 71.1

ကျားဖြူ မြို့စားမင်း အိမ်တော်

အပိုင်း ၇၁ •၁

” ကျားဖြူမြို့စားမင်းအိမ်တော် ”
°°°
ကြယ်တာရာလော့နိုင်ငံတော် အနောက်နယ်စပ်မှာ အတော်လေးကို ညဥ့်နက်နေခဲ့ပါပြီ။ ကြယ်တွေလတွေကိုလဲ အရမ်းကို ညမှောင်လွန်တာကြောင့် မမြင်ရတော့ပါဘူး။ ဒီလိုတောနက်ထဲမှာ မျက်စိရှေ့လက်ထောင်ထားရင်းတောင် မြင်ရဖို့မလွယ်ကူတဲ့အထိ မှောင်ကျနေခဲ့ပါတယ်။ ညအချိန်က ပုံမှန်နေအထားမျိုးမှာ အလင်းရောင်ခပ်ဖျော့ဖျော့ ရှိနိုင်ပေမဲ့ ဒီကာလကတော့ အနက်ရှိုင်းဆုံးနဲ့ အမှောင်မိုက်ဆုံးပါပဲ။ မကြာခင်အချိန်အတွင်းမှာ နေရောင်ကစတင်ထွက်ပေါ်လာပါတော့တယ်။ နေ့သစ်တစ်နေ့ကလဲ မကြာခင်မှာစတင်တော့မှာပါ။

ဒီတစ်ကြိမ်မှာပဲ အဖြူရောင်အလင်းတန်းတစ်ခုက ကောင်းကင်ပေါ်ကို ဖြတ်သန်းလို့သွားရင်း တောက်ပတဲ့အလင်းတန်းလိုအမြီးရှည်ကြီးနဲ့အတူ ကောင်းကင်ကြီးကို နှစ်ခြမ်းခွဲထွက်သွားခဲ့ပါတယ်။ အဖြူရောင်အလင်းတန်းက ဥက္ကာပျံကြယ်တွေတစ်ခုလိုမျိုး မြေပြင်ပေါ်ကိုဆင်းသက်လို့လာခဲ့တယ်။ ဒါပေမယ့် ပြုတ်ကျလာချိန်မှာတော့ အရှိန်လျော့သွားသလိုပါပဲ။ ရုတ်တရက်ဆိုသလို ပိုပိုပြီးကြီးမားလာခဲ့ပြီ အဖြူရောင်အလင်းတန်းက မီတာပေါင်းဒါဇင်ချီအောင် ရှည်လျားတဲ့ တစ်စုံတစ်ရာအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် အနက်ရောင်လူတွေက ဆင်းသက်လို့လာပါတော့တယ်။

လူတွေရဲ့အသံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လို့လာခဲ့ပါပြီ။ အဖြူရောင်အလင်းတန်းပျောက်ကွယ်လို့သွားချိန်မှာတော့ ဒါဇင်ချီတဲ့လူတွေက မြေပြင်ပေါ်မှာစောင့်ကြောက်ထိုင်လျက်သားဖြစ်စေ မတ်တပ်ရပ်လျက်သားဖြစ်စေ သစ်ပင်နဲ့မှီလျက်သားဖြစ်စေပေါ်လာကြပါတော့တယ်။ ဒါ့အပြင် တစ်၀က်ကျော်ကတော့ အခုအချိန်မှာ အန်ထုတ်နေကြပါပြီ။

” မင်းတို့အားလုံးအစွမ်းအစတော့ ရှိသားပဲ ”

အက်ကွဲတဲ့အသံနဲ့အတူ ဆီတွေပေနေတဲ့ အ၀တ်အစားနဲ့အဘိုးကြီးတစ်ယောက်က ကြီးမားတဲ့ကြက်ပေါင်ကြီးကို ကိုက်ထားရင်း လျှောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ကြက်ပေါင်ကိုကိုက်လိုက်ရင်း အရက်ကိုသောက်လိုက်တယ်။ ဒီလူကတော့ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်တဲ့ အကြီးအကဲရွှမ်ပါပဲ။

လက်ရှိအချိန်မှာ ဖြူဖျော့ပြီအန်နေကြတဲ့ ကျောင်းသားတွေကတော့ သူခေါ်လာတဲ့သူတွေပါ။ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်လိုလူတွေတောင် အခြေအနေမကောင်းကြပါဘူး။ သူတို့တွေလဲ ဆက်တိုက်ဆိုသလို အန်ထွက်တော့မလိုဖြစ်နေတဲ့အခြေအနေကနေ ထိန်းချုပ်ထားနေခဲ့ရပါတယ်။ ဟယ့်ချိုက်ထို့နဲ့ ရှုစန်းရှီတို့ကတော့ ကျင့်ကြံဆင့်မြင့်တဲ့သူတွေထဲမှာ အခြေအနေအဆိုးဆုံးကို ကြုံတွေ့နေခဲ့ရပါတယ်။ အပြင်နယ်မြေတပည့်သားတွေထဲမှာ သူတို့က ခန္ဓာကိုယ်အကြီးမားဆုံးဖြစ်တာကြောင့် သက်ရောက်မှုကလဲ အများဆုံးပါပဲ။

ရှောင်းရှောင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ အခုအချိန်မှာ ခြေထောက်မထောက်နိုင်လောက်အောင် ဖြစ်နေခဲ့ပါပြီ။ ကံကောင်းစွာနဲ့ ဟို့ယွိဟောင်နဲ့၀မ်သုန့်နှစ်ယောက်က ရွှေရောင်လက်မောင်းရိုးရဲ့ အကာအကွယ်ကြောင့် တခြားသူတွေထက်တော့ အခြေအနေပိုကောင်းပါသေးတယ်။

အကြိုအဖွဲ့မှာရှိနေခဲ့တဲ့သူတွေအနေနဲ့ သူတို့ရဲ့အတန်းဖော်က အရမ်းကိုသန်မာတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် အကြီးအကဲရွှမ်နဲ့ယှဥ်မယ်ဆိုရင် မူလအဖွဲ့မှာရှိတဲ့သူတွေက ဘာမှမဟုတ်တော့သလိုပါပဲ။

သူတို့ဆယ့်ငါးယောက်ကို သူတစ်ယောက်ထဲနဲ့ ယူဆောင်လာခဲ့တဲ့ အကြီးအကဲရွှမ်က လေးနာရီတိတိ မယုံနိုင်လောက်အောင် မြန်ဆန်းတဲ့အရှိန်နှုန်းနဲ့ပျံသန်းလာခဲ့ပြီ မိုင်ပေါင်းတစ်ထောင့်ငါးရာကျော်ကို ကျော်ဖြတ်လာခဲ့ပါတယ်။ ဒါ့အပြင် စတင်ပျံသန်းလာချိန်နဲ့ လက်ရှိအခြေအနေကိုယှဥ်လိုက်မယ်ဆိုရင်လဲ ကွာခြားချက်သိပ်ပြီးမရှိခဲ့ပါဘူး။ ဒါက သူ့ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်နဲ့ ဆိုင်ကောင်းဆိုင်နေလိုက်ပေမဲ့ အဆုံးမဲ့တဲ့၀ိညာဥ်စွမ်းအားကြောင့်သာ အဓိကဒီလိုမျ်ိုးအေးအေးဆေးဆေးနေနိုင်တာပါ။ ဒါပေါ့ သူ့ရဲ့၀ိညာဥ်လက်နက်တွေကလဲ အ​ရေးကြီးတဲ့ကိစ္စတစ်ခုထဲမှာ ပါနေခဲ့ပါတယ်။ ဒီလို၀ိညာဥ်လက်နက်ကောင်းကောင်းသာမရှိခဲ့ဘူးဆိုရင် အကြီးအကဲရွှမ်အနေနဲ့လဲ လူအများကြီးကို ခေါ်ဆောင်ပြီ ပျံသန်းဖို့ကမလွယ်ကူခဲ့ပါဘူး။ သော့်လော့တိုက်အတွက် ၀ိညာဥ်လက်နက်တွေက ဘယ်လောက်အရေးကြီးလဲဆိုတာ ကြည့်ရုံနဲ့တင် သိနေခဲ့ပါပြီ။

” ရှောင်ထိုက် ”

အကြီးအကဲရွှမ်က ခေါ်လိုက်ပါတယ်။

ထိုက်ယွဲ့ဟန်က မျက်နှာတွန့်သွားခဲ့ပေမဲ့ တလေးတစားနဲ့ အရှေ့ကိုပြန်ထွက်လာခဲ့ပါပြီ။

အကြီးအကဲရွှမ်က ပြောလိုက်တယ်။

” မြေပြင်ကိုငါဆင်းသက်လာတဲ့အချိန် ကြီးမားတဲ့အပေါက်ကြီးကို ဖြစ်စေခဲ့တယ်..အခုစစ်တပ်ကငါတို့ကို တွေ့သွားလောက်ပြီ လက်ရှိငါတို့က ကြယ်တာရာလော့နိုင်ငံတော်ရဲ့အနောက်ပိုင်စစ်တပ်ကြီးနဲ့ နှစ်ဆယ့်ငါးမီတာအကွာမှာရှိနေခဲ့တယ်။ သူတို့က ဒီနေရာကိုလူလွှတ်တော့မှာပဲ သူတို့ကိုသွားပြီဖြေရှင်းလိုက် ငါကတော့တစ်ရေးလောက်အိပ်လိုက်ဦးမယ်..မင်းသာငါအသက်အရွယ်လောက်ရောက်လာပြီဆိုရင် ခန္ဓာကိုယ်ကပိုအားနည်းလာမှာပဲ..တော်သေးတယ် ဒီနေ့အစားအသောက်ကောင်းကောင်းစားထားပေးလို့ ”

သူပြောပြီတာနဲ့ ချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားပါတော့တယ်။ မကြာခင်မှာပဲ များပြားတဲ့လူတွေက ကောင်းကင်ကနေဆင်းသက်လို့လာခဲ့ပါပြီ။ အားလုံးကလဲ သူတို့ဆီကို ဦးတည်လာနေခဲ့ပါတယ်။

ထိုက်ယွဲ့ဟန်က လက်တစ်ဖက်ကိုကောင်းကင်ပေါ်မြောက်လိုက်ပြီတဲ့နောက် လေထဲကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်။ အဲ့ဒီနောက် သုံးမီတာကျော်ကြီးမားတဲ့ အဖြူရောင်အလင်းတန်းက သူ့ခေါင်းပေါ်မှာပေါ်ထွက်လို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ဖြည်းဖြည်းချင်းအပေါ်ကိုတက်သွားရင်း အဖြူရောင်အလင်းစက်ကွင်းတစ်ခုအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။

ဆင်းသက်လာနေတဲ့လူတွေက ချက်ချင်းနေရာမှာရပ်တန့်လိုက်ကြပါတယ်။ ဒါ့အပြင် အနက်ရောင်ကိုယ်ကြပ်၀တ်ရုံကို ၀တ်ဆင်ထားခဲ့တဲ့ လူအယောက်သုံးဆယ်ကမြေပြင်ပေါ်ကိုရောက်လာခဲ့ပါပြီ။

သူတို့ကျောပေါ်မှာရှိနေခဲ့တဲ့ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တွေအားလုံးကလဲ အနက်ရောင်တွေကြီးပါပဲ။ အစောပိုင်းတုန်းက အမျက်ဒေါသရဲ့ကျောင်းတော်သားတွေသုံးနေတဲ့ ပျံသန်းရေးလက်နက်တွေနဲ့ ကွာခြားပါတယ်။ သူတို့ရဲ့အရည်အသွေးက ဟယ့်ချိုက်ထို့ထုတ်လွှတ်ထားတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တွေနဲ့ ယှဥ်လို့ရနေခဲ့တယ်။

ဒီအဖွဲ့မြေပြင်ပေါ်ရောက်ရှိလာချိန်မှာ ရုတ်တရက်ဆိုသလို အဖွဲ့ကို၀န်းရံလိုက်ပါတော့တယ်။ သူတို့ရဲ့ခေါင်းဆောင်ကတော့ အေးစက်တဲ့မျက်နှာထားနဲ့ အရှေ့ကိုရောက်လာခဲ့ပါပြီ။

” မင်းတို့ကဘယ်သူတွေလဲ ဘာကြောင့် ငါတို့စစ်တပ်နားကို ပျံသန်းရေး၀ိညာဥ်လက်နက်သုံးပြီ ကပ်လာရတာလဲ ”

သူပြောပြီချိန်မှာပဲ အဘိုးကြီးအပါအ၀င် ကျန်တဲ့စစ်သည်တော်အားလုံးက သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်လိုက်ကြပါတော့တယ်။

ပတ်၀န်းကျင်တစ်ခုလုံးကတော့ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေနဲ့ တောက်ပလို့နေခဲ့ပါပြီ။ အံ့ဩစရာကောင်းလောက်အောင်ပဲ အရှေ့ဆုံးမှာရှိနေတဲ့သူက ၀ိညာဥ်သူတော်စင်တစ်ယောက်ဖြစ်နေခဲ့တယ်။ သူ့မှာအ၀ါရောင်၀ိညာဥ်စက်ကွင်းသုံးခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်နှစ်ခုရှိနေခဲ့တယ်။ အကောင်းဆုံးပေါင်းစည်းမှုတော့ မဟုတ်ခဲ့ပေမဲ့ အတော်လေးကို ကောင်းမွန်တာအမှန်ပါ။

သူခေါ်လာခဲ့တဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးကလဲ ၀ိညာဥ်စက်ကွင်းအနည်းဆုံးလေးကွင်းရှိတဲ့သူတွေ ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်ဘုရင်တွေကလဲ အများကြီးပါနေခဲ့ပြီ အားလုံးက အသက်သုံးဆယ်၀န်းကျင်တွေကြီးပါပဲ။

သူတို့ရဲ့သရေကိုယ်ကြပ်၀တ်စုံပေါ်မှာ ကျားဖြူတစ်ကောင်ရဲ့ခေါင်းပုံစံတွေက ပန်းထိုးထားခဲ့ပြီရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဖြူဖျော့ဖျော့အလင်းတန်းကလဲ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေအောက်မှာ လှည့်ပတ်လို့နေခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီခေါင်းကအတော်ကိုကြီးမားလွန်ခဲ့ပြီ ကိုယ်ကြပ်၀တ်စုံရဲ့အစိတ်အပိုင်းများကို အများကြီးဖုံးလွှမ်းလို့ထားခဲ့ပါတယ်။ ဒီလိုမျိုးအသက်၀င်လှုပ်ရှားနေတဲ့ပုံစံက အံ့ဩစရာပါပဲ။

ဒီနေရာမှာရှိနေတဲ့သူတွေအားလုံးနီးပါးကလဲ ၀ိညာဥ်အကြီးအကဲတွေအဆင့်မှာ အနည်းဆုံးရှိနေခဲ့ပါတယ်။ သူတို့အနေနဲ့ ဒီလိုမျိုးမြန်မြန်ရောက်ရှိလာဖို့က သိပ်ပြီးမခက်ခဲပါဘူး။

” အဘိုးကြီးသု ငါ့ကိုမမှတ်မိဘူးလား ”

ထိုက်ယွဲ့ဟန်က အရှေ့ကိုလျှောက်လာရင်းပြောလိုက်ပါတယ်။

အဘိုးကြီးကတော့ လန့်သွားခဲ့ပါပြီ။ သူ့ရဲ့တောက်ပတဲ့၀ိညာဥ်စက်ကွင်းအလင်းရောင်က ထိုက်ယွဲ့ဟန်ရဲ့မျက်နှာပေါ်ကို ဖြည်းဖြည်းချင်းကျရောက်လာပါတော့တယ်။ ဘယ်သူမှန်းသိလိုက်ပြီချိန်မှာတော့ သူအံ့ဩလို့သွားခဲ့တယ်။

” သခင်လေးပါလား ဒီကိုဘာလာလုပ်နေတာလဲ ဒီလူတွေကဘယ်သူတွေလဲ ”

” သူတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းတော်သားတွေပဲ ”

ထိုက်ယွဲ့ဟန်က ပြုံးပြရင်းပြန်ဖြေလိုက်ပါတယ်။

” အဖေကိုငါစာပို့ထားတယ်..သူအခုဒီနေရာမှာ ရှိနေပြီမလား ”

အရှေ့မှာရှိတဲ့လူကြီးက ကျားဖြူအိမ်တော်ရဲ့ အဖွဲ့၀င်တစ်ယောက်ပါပဲ။ သူ့ကို သုလဲ့စီးလို့ခေါ်ပါတယ်။ ဒါ့အပြင် ကျားဖြူမြို့စားမင်းနဲ့အတူတူ များပြားတဲ့တိုက်ပွဲတွေကိုရှေ့တန်းကနေတိုက်ခိုက်ခဲ့ပါတယ်။ သူ့ရဲ့အားကောင်းတဲ့စွမ်းအားကြောင့် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ မြို့စားမင်းဘွဲ့ကိုတောင်ရရှိထားသူပါ။ ထိုက်ယွဲ့ဟန်ကို သခင်လေးလို့ပဲခေါ်ပြီ မြို့စားမင်းငယ်လို့မခေါ်တာက ထိုက်မိသားစုရဲ့ တင်းကြပ်တဲ့စည်းမျဥ်းတွေကြောင့်ပါပဲ။ မြို့စားမင်းဘွဲ့ကိုအမွေဆက်ခံရရှိနိုင်ဖို့အတွက် မြို့စားမင်းရဲ့သားတွေအားလုံးထဲမှာအထူးချွန်ဆုံးဖြစ်နေရမှာပါ။ ဒါကြောင့် ကြီးပြင်းလာပြီဖြစ်တဲ့ ထိုက်ယွဲ့ဟန်က ဒီဘွဲ့ကိုလက်ခံရရှိဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစလိုအပ်ပါတယ်။ ဒါကြောင့်သာ ထိုက်မိသားစုရဲ့ သားနှစ်ယောက်က သန်မာလာဖို့အတွက် ငယ်ငယ်ကထဲက အများကြီးကြိုးစားနေခဲ့ရတာပါ။ အထူးသဖြင့် ​မြို့စားမင်းရဲ့ ပမာဏဇနီးသည်မွေးထုတ်ထားတဲ့ သားတွေဖြစ်တာကြောင့် သူများထက်ပိုကြိုးစားရပါတယ်။ ကိုယ်လုပ်တော်ရဲ့သားတွေထဲမှာ ဟို့ယွိဟောင်တစ်ယောက်ကသာ တည်ရှိနေခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ ကျားဖြူမြို့စားမင်းကိုယ်တိုင်တောင် သူ့ကိုမေ့သွားလောက်ပါပြီ။

သုလဲ့စီးက ခေါင်းမော့လိုက်ပါတယ်။ အဲ့ဒီနောက် စစ်သည်တော်တွေအားလုံးကလဲ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်ကို သိမ်းလိုက်ပါပြီ။

” ငါသိပြီ စစ်သူကြီးက တပ်ဖွဲ့ရဲ့တဲထဲမှာရှိလိမ့်မယ်..သူကသေချာပေါက် မနက်ခင်းလေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေမှာပဲ မင်းတို့နဲ့ မင်းရဲ့သူငယ်ချင်းတွေကို သူ့ဆီခေါ်သွားပေးမယ် ”

ထိုက်ယွဲ့ဟန်က ပြုံးပြရင်းပြောလိုက်ပါတယ်။

” ကျွန်တော်တို့ကို ကြည့်လိုက်ပါဦး စိတ်ရှိတိုင်းသွားလို့ရမယ်များထင်နေတာလား ခဏလောက်နားရအောင် စွမ်းအားပြန်ပြည့်တာနဲ့ အဖေကိုသွားတွေ့ပါ့မယ် ”

” ကောင်းပြီလေ သတင်းပို့ဖို့တစ်ယောက်ယောက်ကို လွှတ်လိုက်ဦးမယ် ”

အဲ့ဒီနောက် ၀ိညာဥ်ဘုရင်အဆင့် လက်အောက်ငယ်သားတစ်ယောက်ကိုခေါ်ပြီ ကိစ္စတချို့ကိုပြောလိုက်ပါတယ်။ ၀ိညာဥ်ဘုရင်ကတော့ ချက်ချင်းဆိုသလိုပျံသန်းရင်းထွက်ခွာသွားခဲ့ပါပြီ။

စိတ်ထဲမှာအတော်လေးကို ရှုပ်ထွေးနေခဲ့ပေမဲ့ ဟို့ယွိဟောင်က ဒီစကားတွေကိုကြားပြီချိန်မှာ စိတ်ပိုင်ဆိုင်ရာလဲ တော်တော်များများဖြစ်သွားပါတော့တယ်။ သူ့ရဲ့ဖြူဖျော့နေတဲ့မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီးရဲလို့နေခဲ့ပါပြီ။

မကြာခင်အချိန်အတွင်းမှာ အဲ့ဒီလူနဲ့သူတွေ့ရတော့မယ်။ ဒါ့အပြင် တိုက်ကြီးရဲ့ကျောင်းတော်ပြိုင်ပွဲမတိုင်ခင်အချိန်မှာသူ့ကိုတွေ့ဆုံရမှာပါ။ သူတကယ်ပဲ တွေ့ရနိုင်မှာလား သူ့ရဲ့ဘ၀သက်တမ်းတစ်၀က်နီးပါးက အဲ့ဒီလူအတွက် ဖြစ်တည်လာခဲ့တာပါ။ ဒါပေမယ့် သူမွေးဖွားတဲ့နေ့ကနေစပြီ သူအဖေကိုတစ်ခါမှမမြင်ဖူးခဲ့ပါဘူး။

ဟို့ယွိဟောင်ရဲ့မှတ်ဉာဏ်တွေက ပန်းချီကားတစ်ချပ်နဲ့သာ အမှတ်တရရှိခဲ့ပါတယ်။ ဒါကသူ့အမေ သစ်ကိုင်ခြောက်တွေကိုအသုံးပြုပြီး မြေပြင်ပေါ်မှာဆွဲပြဖူးတဲ့ရုပ်ပုံလွှာပါပဲ။ အဲ့ဒီရုပ်ပုံလွှာကိုဆွဲနေတဲ့အချိန် သူ့အမေရဲ့မျက်လုံးတွေက နူးညံ့မှုတွေ ချစ်မြတ်နိုးမှုတွေနဲ့အပြည့် ရှိနေခဲ့တာကို သူမှတ်မိပါသေးတယ်။

သူ့အမေပြောခဲ့တဲ့စကားတချို့ကို ဟို့ယွိဟောင် ရှင်းရှင်းလင်းလင်းမှတ်မိနေပါသေးတယ်။ အဲ့ဒီလူနဲ့တစ်ဘ၀တာအတူတူနေနိုင်ဖို့အတွက် သူကြိုးစားနေခဲ့သလို ဒီကလေးကိုမွေးဖွားခဲ့တာလဲ သူမရဲ့ တစ်ဘ၀တာလုံးမှာ အပျော်ဆုံးကိစ္စတွေဖြစ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့လုပ်ဆောင်ချက်တွေအားလုံးကိုလဲ နောင်တမရခဲ့ပါဘူး။ ဘ၀မှာနောက်တစ်ကြိမ် ထပ်မမြင်ရတော့ဘူးဆိုရင်တောင် သူ့ရဲ့ဆုံးဖြတ်ချက်ကို အမြဲတမ်းနောင်တမရပဲရှိခဲ့ပါတယ်။ အဲ့ဒီလူက အဲ့ဒီလောက်တောင်ကောင်းတာလား ဟို့ယွိဟောင်ကလဲ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တဲ့အတွက် သူ့ရဲ့လက်သည်းတွေက လက်ဖ၀ါးကိုတောင် ဖောက်၀င်လို့သွားခဲ့ပါပြီ။

” သူမင်းကိုမှတ်မိမှာလား ”

၀မ်သုန့်က ဟို့ယွိဟောင်ရဲ့အနားနားကို ကပ်ပြီမေးလိုက်ပါတယ်။ သူတစ်ယောက်ပဲ ဟို့ယွိဟောင်ရဲ့နောက်ကြောင်းကိုသိတာပါ။ ဒါကြောင့် ဟို့ယွိဟောင်အတွက် သူစိတ်ပူနေခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ခေါင်းခါလိုက်ပါတယ်။ တစ်ခါမှမတွေ့ဖူးတဲ့သားကို ဘယ်လိုလုပ်မှတ်မိနိုင်မှာလဲ။ မြို့စားမင်းအိမ်တော်ထဲမှာ သူက အိမ်စေတွေကြားထဲရှိနေတဲ့ အစေခံတွေထက်ကို မပိုခဲ့ပါဘူး။ သူ့ရဲ့ရုပ်သွင်းကလဲအများကြီးပြောင်းလဲလို့သွားခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်များအပြောင်းအလဲတွေဖြစ်နေတာကို ၀မ်သုန့်လဲသတိထားမိပါတယ်။ ဒါကြောင့် သူခပ်တိုးတိုးသတိပေးလိုက်တယ်။

” ထက်မြက်တဲ့လူတစ်ယောက်အတွက် လက်စားချေဖို့ဆယ်နှစ်တာစောင့်ဆိုင်းရတာက သိပ်ပြီမရှည်လျားပါဘူး…ယွိဟောင် စိတ်ကိုထိန်းထားလိုက်ဦး ”

” ငါသိပါတယ် ”

ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတယ်။ သူလုံး၀ကို တည်တည်ငြိမ်ငြိမ်နေမှရမယ်မှန်း သူသိနေခဲ့တယ်။ ဒါပေမယ့် အပြောကအလုပ်ထက်ပိုလွယ်ပါတယ်။

နှစ်နာရီနားပြီတဲ့နောက်မှာတော့ သူတို့တွေလဲ ပျံသန်းလာခဲ့ရတဲ့ဆ်ိုးကျိုးတွေကို အတော်လေးဖြေရှင်းပြီသား ဖြစ်သွားခဲ့ပါပြီ။ မျက်နှာအမူအရာတွေ သိပ်ပြီမကောင်းကြပေမဲ့ စွမ်းအားကတော့ အတော်လေးပြန်လည်ကောင်းမွန်ပြီသားဖြစ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ တကယ်ကိုနတ်သဒ္ဓါတမျှစားကောင်းလွန်လှတဲ့ စားကောင်းသောက်ဖွယ်တွေရှိနေဦးဆိုတော့ သူတို့တွေသွားပြီထိနိုင်မှာမဟုတ်ပါဘူး။ စားချင်စိတ်လဲမရှိကြပါဘူး။

ထိုက်ယွဲ့ဟန်က သုလဲ့စီးနဲ့ တခြား၀ိညာဥ်ပညာရှင်တွေရဲ့ နောက်ခံအကြောင်းကို ရှင်းပြပါတယ်။ သူတို့တွေအားလုံးက ကျားဖြူမြို့စားမင်းကိုယ်တိုင်ရွေးချယ်ထားတဲ့ စစ်သည်တော်တွေကြီးပါပဲ။ ဒါ့အပြင် မြို့စားမင်းရဲ့အမိန့်ကိုသာ လိုက်နာကြပြီ မြို့စားမင်းအိမ်တော်မှာပဲ နေထိုင်ကြပါတယ်။

ကျားဖြူသက်တော်စောင့်တွေထဲမှာ အားလုံးကအနည်းဆုံး၀ိညာဥ်အကြီးအကဲဖြစ်ရပါတယ်။ ဒါ့အပြင် မိသားစုတွေကလဲ မြို့စားမင်းရဲ့အိမ်တော်ထဲမှာ အနည်းဆုံးမျိုးဆက်သုံးဆက်အထိ နေထိုင်ပြီတာ၀န်ထမ်းဆောင်ရမှာပါ။ ဒါမှသာ ကျားဖြူသက်တော်စောင့်ဖြစ်လာနိုင်ပါတယ်။ သူတို့တွေက အရမ်းကိုသန်မာရုံတင်မက သစ္စာလဲအရမ်းရှိကြတဲ့သူတွေပါ။

ကျားဖြူသက်တော်စောင့်တွေက စုစုပေါင်းလူအယောက်ငါးရာရှိပြီ မြို့စားအိမ်တော်ရဲ့အကြီးမားဆုံး၀ှက်ဖဲတစ်ခုပါပဲ။ သူတို့မှာများပြားတဲ့ ၀ိညာဥ်လက်နက်တွေနဲ့ အမျိုးအစားမတူညီတဲ့စွမ်းအားတွေကို ပိုင်ဆိုင်လို့ထားခဲ့ပြီ မြို့စားရဲ့ဘေးမှာအမြဲတမ်းရှိနေခဲ့ပါတယ်။ သူအလိုရှိတဲ့အချိန်တိုင်း သူတို့က တာ၀န်ကိုထမ်းဆောင်ကြတယ်။ ဒါ့အပြင် အကောင်းဆုံးစောင့်ရှောက်မှုကိုလဲ ရရှိပါတယ်။ တစ်ယောက်ချင်းဆီတိုင်းက မြို့စားအိမ်တော်ထဲမှာကိုယ်ပိုင်အိမ်တော်တွေ ရှိကြတာကြောင့် ကြည့်ရုံနဲ့တင်ဘယ်လောက်အထိအရေးကြီးမှန်း သိသာနေခဲ့တယ်။

မြို့စားမင်းအိမ်တော်ထဲမှာ နေထိုင်ချိန်တစ်လျှောက်လုံး ဟို့ယွိဟောင်ရဲ့အနေနဲ့လဲ ကျားဖြူမြို့စားမင်းရဲ့သက်တော်စောင့်တွေကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အဲ့ဒီအချိန်အဆင့်အတန်းကြောင့် အနားကိုကပ်ဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။

အပိုင်း ၇၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset