အပိုင်း ၇၀•၂
” ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်
°°°
ဟောင်သုန့်စွမ်းအားက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေတဲ့အချိန် အမြန်နှုန်းကလဲ ပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ဟယ့်ချိုက်ထို့တို့ထက် အများကြီးပိုပြီး နောက်ကျမကျန်ရစ်ခဲ့တော့ပါဘူး။ ရှောင်းရှောင်းကတော့ ခါးမှာကြိုးတစ်ချောင်းကို ချည်ထားခဲ့ရပါတယ်။ သူမကိုကြည့်လိုက်မယ်ဆိုရင် မာရှောင်ထောင့် ကောင်းကင်မှာလွှင့်ပြီ ကစားနေတဲ့စွန်တစ်စင်းနဲ့တောင် တူနေခဲ့ပါပြီ။
တခြားသူတွေကတော့ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ပေါ်မှာ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းတွေ ဆက်တိုက်ပေါ်နေတာကို မြင်တွေ့နေခဲ့ရပါတယ်။ အဲ့ဒီနောက် အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့စိတ်ထဲကို ၀င်ရောက်သွားခဲ့တယ်။
သူတို့တွေက နှစ်နာရီအတွင်းမှာ မိုင်ငါးရာနီးပါးကို ပျံသန်းလာခဲ့တာပါ။ ဒါကအလွန်ဆုံးပျံသန်းနိုင်တဲ့အကွာအဝေးပါပဲ။ အပြင်နယ်မြေတပည့်သားတွေရဲ့ ကျင့်ကြံဆင့်ကနှိမ့်ကျတာကြောင့် ဒီလိုနှေးကွေးသွားရတာပါ။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ တခြားသူတွေရဲ့အကူအညီမပါပဲ တောင့်ခံထားနိုင်ခဲ့ပါတယ်။ ဒါကအတွင်းနယ်မြေတပည့်သားတွေကို အံ့အားသင့်သွားစေခဲ့တယ်။ အစောပိုင်းတုန်းက အချိန်နှောင့်နှေးခဲ့တာကြောင့် ကောင်းကင်ကြီးက သူတို့တွေအနားယူမဲ့အချိန်မှာပဲ မှောင်မိုက်လို့သွားခဲ့ပါပြီ။
” အဆင်မပြေတော့ဘူး ငါတို့တွေ အချိန်မီရောက်မှာမဟုတ်ဘူး..ဒီတော့ ဒီအဘိုးကြီးက မင်းတို့တွေကို ခေါ်သွားရတာပေါ့ ”
အကြီးအကဲရွှမ်ရဲ့ အသံနဲ့အတူ သူ့ရဲ့ပေါ့ပါးသွက်လက်တဲ့ခန္ဓာကိုယ်က အနီးအနားသစ်တောဆီကနေ ထွက်ပေါ်လာပါတော့တယ်။ သူက အဲ့ဒီနေရာကို မြေရှိုးမိုးပျံပြီရောက်လာသလိုပါပဲ။
” ဒါပေမယ့် မထွက်ခွာခင် ငါဗိုက်ဆာနေပြီ မင်းတို့တွေဘာလုပ်သင့်လဲ သိမှာပါ ”
အကြီးအကဲရွှမ်က ဟို့ယွိဟောင်အနားကိုလျှောက်လာရင်း ပြုံးပြနေခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ပုခုံးကို ပုတ်ပြီးအားပေးလိုက်တယ်။
ဒီတစ်ကြိမ်မှာတော့ အကြီးအကဲရွှမ်သူတို့ကို အဖွဲ့ခွဲပေးစရာတောင်မလိုတော့ပါဘူး။ အားလုံးက သူတို့နေရာသူတို့ယူလိုက်ကြပါပြီ။ ချက်ပြုတ်နေတဲ့အချိန်အတွင်းမှာ ဟို့ယွိဟောင်ကတော့ နောက်တစ်ကြိမ် အားလုံးရဲ့အာရုံစိုက်မှုအလယ်ကိုရောက်သွားပါတော့တယ်။ သူ့အနေနဲ့ ၀ိညာဥ်စွမ်းအားကို ပြန်လည်ကောင်းမွန်ဖို့တောင် လုပ်ချိန်ရှိနေခဲ့တယ်။
ဟောင်သုန့်စွမ်းအားအပြင် ၀မ်သုန့်နဲ့ သူ နှစ်ယောက်စလုံးနှစ်နာရီနီးပါးကြာတဲ့အထိ ဒီလိုတောင့်ခံနိုင်နေတာက နောက်ထပ်အကြောင်းအရင်းတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ ၀မ်သုန့်ရဲ့ ရွှေရောင်လက်မောင်းအရိုးကြောင့်ပါပဲ။ ဒါကြောင့်သာ ခရီးလမ်းတစ်လျှောက်လုံးဒီလောက်မြန်မြန်နဲ့ စွမ်းအားပြန်ပြည့်နိုင်တာပါ။ သူတို့တွေ ဒီအရိုးသာမရှိလို့ကတော့ အစောကြီးကထဲက အားကုန်နေလောက်ပါပြီ။
တစ်ခေါက်ညစာအတွက် ငါးတွေကိုရှာလို့မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် တောကောင်ရိုင်းတွေကိုတော့ အမဲလိုက်လို့ရခဲ့ပါတယ်။ တောင်ပေါ်မှာပေါက်ရောက်နေတဲ့ ဘယ်ရီပင်တွေနဲ့ မျှစ်တွေကို ထပ်ပြီးခူယူလာခဲ့ပြီတဲ့နောက် နောက်တစ်ကြိမ် အရသာရှိတဲ့အစားအသောက်တွေကို စားသုံးရပါတော့တယ်။ အတွင်းနယ်မြေတပည့်သားတွေကတော့ ဟို့ယွိဟောင်ကို ဆက်တိုက်ဆိုသလို ချီးမွမ်းနေခဲ့တယ်။ ဟို့ယွိဟောင်သာရှိမယ်ဆိုရင် သူတို့အတွက် ဒီလုပ်ငန်းတာ၀န်က ခရီးထွက်တာနဲ့အတူတူပါပဲ။
အစားအသောက်တွေ စားသောက်လို့ပြီးတာနဲ့ နှစ်နာရီနီးပါးကြာသွားခဲ့ပါတယ်။ ဒါ့အပြင် အားလုံးရဲ့၀ိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက်လဲ အချိန်တစ်ချို့လိုအပ်နေခဲ့တယ်။ ကောင်းကင်ကြီးကတော့ သူတို့တွေအင်အားဖြည့်တင်းလာချိန်မှာ မှောင်မိုက်လို့သွားခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ ကြယ်တာရာတွေရဲ့ အလင်းရောင်ကရှိနေခဲ့သေးတယ်။
ဟို့ယွိဟောင်ကတော့ အမှောင်ထုကြောင့် ဘာမှမခံစားရတဲ့သူပါပဲ။ စိတ်၀ိညာဥ်မျက်လုံးရဲ့အမြင်အာရုံကြောင့် နေ့အချိန်နဲ့ညအချိန်က သူ့အတွက်သိပ်ပြီမကွာခြားပဲရှိနေခဲ့တယ်။
” မြန်မြန်လာခဲ့ ဒါကမင်းခါးနဲ့ကွက်တိပဲ ”
၀မ်ယန်က ကြိုးတစ်ချောင်းကို ဟို့ယွိဟောင်ဆီကမ်းပေးလိုက်ပါတယ်။ ဒီကြိုးက အစွန်နှစ်ဖက်မှာ ချည်နှောင်လို့ရတဲ့အထူးပြုလုပ်ချက်တစ်မျိုးပါ။ ဒါ့အပြင် ခါးတွေနဲ့ပေါင်တွေအားလုံးကိုလဲ စနစ်တကျချည်နှောင်လို့ရအောင် ပုံစံတကျရှိနေခဲ့ပါတယ်။ ဒါ့အပြင် ကြိုးတစ်ခုလုံးကလဲ မီတာသုံးဆယ်ကျော်ရှည်လျားနေခဲ့တယ်။
ဟို့ယွိဟောင်လဲ ကြိုးကိုယူပြီ သူ့ကိုယ်သူချည်နှောင်လိုက်ပါပြီ။ ဒီကြိုးကပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်နဲ့ တွဲဖက်ပြီအသုံးပြုရမယ်မှန်း သူသိနေခဲ့တယ်။ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ ကျင့်ကြံဆင့်တွေမတူညီကြတဲ့အချိန်မှာ ဒီလိုကြိုးမျိုးကို အသုံးပြုတာက ကျင့်ကြံဆင့်နှိမ့်တဲ့သူတွေနဲ့ ကျင့်ကြံဆင့်မြင့်သူတွေနဲ့အတူတူ လိုက်ပါဖို့ပိုပြီးလွယ်ကူစေမှာပါ။ ဒါဆိုရင် လူနှစ်ယောက်ရဲ့ပင်ပန်းမှုကလဲ အရမ်းကြီးမကွာခြားတော့ပါဘူး။ ပိုပြီးလဲ မြန်မြန်ဆန်ဆန် ပျံသန်းနိုင်ပါလိမ့်မယ်။
ဟို့ယွိဟောင်တစ်ယောက်ထဲတင် ဒီလိုကြိုးရတာမဟုတ်ပါဘူး။ အားလုံးလဲကြိုးရပါတယ်။ ၀မ်ယန်တောင် ကြိုးတစ်ချောင်းရနေခဲ့တယ်။ အားလုံးက ကြိုးတွေကိုချည်ပြီတဲ့နောက် ကြိုးအစွန်းတွေကိုအကြီးအကဲရွှမ်လက်ထဲ ထည့်လိုက်ပါပြီ။
” ကလေးတို့ မင်းတို့တွေကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် အကောင်းဆုံးကြိုးစားကြ ငါတို့တွေအပေါ်ကိုတက်တဲ့အချိန်မှာ အားလုံးက အရှေ့ကိုမျက်နှာမူနေတဲ့ အနေအထားနဲ့ပဲရှိနေရမယ်..ငါမင်းတို့ကို အချက်ပြလိုက်ပြီဆိုရင် ၀ိညာဥ်စွမ်းအားအသုံးပြုပြီး လေထုကြောင့်ဒဏ်ရာမရအောင် ကိုယ့်ကိုကိုယ်ကာကွယ်လိုက်ကြတော့ နားလည်လား ”
” နားလည်ပါတယ် ”
အကြီးအကဲရွှမ်က လှုပ်ရှားတော့မှာလား ဟို့ယွိဟောင်တုန်လှုပ်လို့သွားခဲ့ရတယ်။ သူ့နောက်မှာရှိတဲ့ ဟယ့်ချိုက်ထို့ကလဲ သူ့နဲ့အတူတူ လေထဲကို မြင့်တက်လာခဲ့ပါပြီ။
အကြီးအကဲရွှမ် ဘယ်လိုလုပ်လိုက်လဲဆိုတာ ဘယ်သူမှမမြင်ရပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့အသုံးပြုနေတဲ့လက်နက်တွေထက် ပျံသန်းရေးလက်နက်တွေထက်တောင် သေးငယ်တဲ့ကိရိယာတစ်မျိုးက သူ့ကျောပေါ်မှာပေါ်လာပါတော့တယ်။
အနီရင့်ရောင်အတောင်ပံတွေတစ်စုံကတော့ နှစ်မီတာကျော်ရှည်လျားနေခဲ့ပါပြီ။ သိပ်ပြီကြီးမားတာတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အတောင်ပံတွေရဲ့အဆုံးဖက်မှာတော့ အရှိန်မြင့်တဲ့လက်နက်တွေ ဆယ့်နှစ်ခုတိတိ ရှိနေခဲ့တယ်။ ဒါကစစ်တပ်သုံးအမျိုးအစားပျံသန်းရေးလက်နက်ပါ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့မှာတော့ တစ်ယောက်ကိုနှစ်ခုဆီသာ အရှိန်မြင့်တဲ့လက်နက်မျိုးရှိနေခဲ့ပါတယ်။ ဒါကဘယ်လိုလက်နက်မျိုးလဲ။
ဟို့ယွိဟောင်အနေနဲ့ ဒီအရှိန်မြင့်တဲ့ကိရိယာဆယ်နှစ်ခု ဘာကြောင့်ရှိနေရလဲဆိုတာကို မြန်မြန်ဆန်ဆန်ပဲနားလည်သွားရတော့တယ်။ အားလုံးကအရှေ့အရပ်ကို မျက်နှာမူတဲ့ပုံစံရောက်သွားပြီချိန်မှာ အကြီးအကဲရွှမ်ရဲ့အသံက ထွက်ပေါ်လာခဲ့တယ်။
” အားလုံးအဆင်သင့်ဖြစ်ကြပြီလား သုံး နှစ် တစ် သွားကြစို့ ”
အကြီးအကဲရွှမ်ရဲ့ အော်သံနဲ့အတူ အရှိန်မြင့်တဲ့ကိရိယာဆယ့်နှစ်ခုစလုံးက ချက်ချင်းအဖြူရောင်အလင်းတန်းတွေနဲ့ ပေါက်ကွဲလာပါတော့တယ်။ ဟို့ယွိဟောင်လဲ ခါးကကြိုးတင်းသွားတာကို ခံစားလိုက်ရပါပြီ။ အားကောင်းလွန်လှတဲ့ ဖိအားကြောင့်သူနောက်ကျောဖက်မှာရှိတဲ့ အတောင်ပံတွေကလဲ ချက်ချင်းဆိုသလို ရိုက်ခတ်ခံလိုက်ရပါတော့တယ်။ သူ့အနေနဲ့ ပတ်၀န်းကျင်ကိုတောင် ရှင်းရှင်းလင်းလင်းမမြင်ရတော့ပါဘူး။
တစ်ချိန်ထဲမှာပဲ လေထုရဲ့ပြင်းထန်တဲ့ တစ်၀ှီး၀ှီးမြည်သံတွေက နားထဲကိုစူးစူးရှရှ၀င်ရောက်လို့လာခဲ့ပါတယ်။ စက္ကန့်ပိုင်းသာကြာမြင့်ပေမဲ့ အတော်ကြီးကို နားအူသွားခဲ့ရတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ကာကွယ်တာက မလုံလောက်မှန်းသိသာနေခဲ့ပါပြီ။
၀မ်သုန့်ကလဲ သူနဲ့အတူတူရှိနေခဲ့ပေမဲ့ သူ့အခြေအနေကတော့ ပိုပြီးကောင်းမွန်ခဲ့တယ်။ မကြာခင်မှာပဲ ၀မ်သုန့်က သူနဲ့အတူတူလာပြီချိတ်ဆက်လိုက်ပါပြီ။ ဟောင်သုန့်စွမ်းအားရဲ့ လှည့်ပတ်မှုက ချက်ချင်းထွက်ပေါ်လို့လာပါတော့တယ်။ ဒါ့အပြင် ၀မ်သုန့်ရဲ့ ဘယ်ဘက်လက်မောင်းမှာတောက်ပနေတဲ့ ရွှေနီရောင်အလင်းတန်းက သူ့တစ်ကိုယ်လုံးကို ကာကွယ်လို့ထားခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့လဲ လုံး၀ကို သတိလက်လွှတ်မနေ၀ံ့ပါဘူး။ ရေခဲကျောက်စိမ်းဧကရီကို သူထုတ်လွှတ်ရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပတဲ့စိန်ပွင့်တွေနဲ့ကာကွယ်လိုက်ပါတယ်။ ဒါကရေခဲဧကရီရဲ့သံချပ်ကာပါ။
ဒီဖိအားက သူ့ကိုဖြတ်သန်းတိုက်ခတ်နေတဲ့လေထုတွေရဲ့ အရှိန်အဟုန်ကိုအနည်းငယ်လျော့ကျသွားစေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းရေးကိုအသုံးပြုရင်း ပတ်၀န်းကျင်ကို စစ်ဆေးကြည့်ဖို့အတွက် ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် သူလန့်စရာကောင်းလောက်အောင်ပဲ ရှာဖွေတွေ့ရှိသွားလိုက်ရတာကတော့ သူအနေနဲ့ ၀ိညာဥ်စွမ်းရည်ကို တစ်ပေအကွာထက် ပိုမသုံးနိုင်ခဲ့တာပါ။ တကယ်ပဲဘာတွေဖြစ်နေတာလဲ။
” မင်းက အရမ်းမြန်မြန်ဆန်ဆန်ခရီးနင်းနေလို့လေ ဒီတော့မင်းရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေက ခန္ဓာကိုယ်ရဲ့အပြင်ကို ထွက်တဲ့အချိန်မှာ အများကြီးပြန့်ကျယ်သွားတယ်..လိမ်လိမ်မာမာလေးနေလိုက် နောက်ထပ်ဘာမှလုပ်ဖို့မကြိုးစားနဲ့ အဲ့ဒီလူသားက တကယ်သန်မာလွန်တယ်.”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ကို အချိန်ကိုက်သတိပေးလိုက်ပါတယ်။
ရေခဲဧကရီကတော့ မကျေမနပ်နဲ့ ၀င်ပြောလာခဲ့ပါတယ်။
” အကယ်၍ ငါသာအရင်ကလို စွမ်းအားရှိနေမယ်ဆိုရင် သူ့ကငါ့ရဲ့ပြိုင်ဘက်မဟုတ်နိုင်ဘူး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ချက်ချင်းဆိုသလိုလေသံပြောင်းသွားပါတော့တယ်။
” ဒါကြောင့် ပင်းပင်းက အရမ်းတော်နေတာပေါ့ ”
” ပါးစပ်ပိတ်ထားလိုက်စမ်း ”
သူက ခုခံရေး၀ိညာဥ်စွမ်းရည်ကိုသာ အသုံးပြုထားခဲ့တဲ့အတွက် ၀ိညာဥ်စွမ်းအားကုန်ဆုံမှုက သိပ်ပြီမကြီးမားခဲ့ပါဘူး။ ရေခဲဧကရီရဲ့ သံချပ်ကာကိုအချိန်အတိုင်းသာတစ်ခုအထိသုံးပြီတဲ့နောက် ဟို့ယွိဟောင်လဲ အဆင့်နှစ်၀ိညာဥ်ဒိုင်းကာကို ပြောင်းလဲပြီအသုံးပြုပါတော့တယ်။ အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်ကိုလေစီးကြောင်းရဲ့ တိုက်စားမှုကနေ ကာကွယ်ဖို့သိပ်ပြီ ပြဿနာမရှိနိုင်တော့ပါဘူး။
အကြီးအကဲရွှမ်က အရမ်းကိုအရှိန်နှုန်းမြင့်မြင့်နဲ့ ပျံသန်းနေခဲ့တဲ့အတွက် ဟို့ယွိဟောင်လဲ အနက်ရောင်အစက်ကလေးတွေကိုသာ မြင်ရပါတယ်။ သူခေါင်းမော့ကြည့်လိုက်ရင်တောင် ကြယ်တာရာတွေနဲ့ လရောင်ကိုမြင်ရဖို့က မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ ရလဒ်အနေနဲ့ သူကိုယ်သူကာကွယ်ဖို့ကလွဲပြီ ကျန်တာဘာမှမလုပ်နိုင်တော့ပါဘူး။ ဒါက အကြီးအကဲရွှမ်ရဲ့ စွမ်းအားပါ။ လေထဲမှာ ပျံသန်းရေး၀ိညာဥ်လက်နက်ကို အသုံးပြုပြီး လေရဲ့တိုက်စားမှုကို ခုခံဖို့ဆိုတာက လူတိုင်းလုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် အကြီးအကဲရွှမ်ကတော့ ကလေးတွေအများကြီးကို သယ်ဆောင်သွားရင်း ကြောက်စရာကောင်းလောက်အောင် ပျံသန်းနေခဲ့ပါတယ်။ ဒီအရာနဲ့တင် အင်အားဆိုတဲ့စကားလုံးကို ရှင်းပြဖို့လုံလောက်နေခဲ့ပါပြီ။
အစောပိုင်းတုန်းက နှစ်နာရီအချိန်အတွင်းမှာ သူတို့တွေက မိုင်လေးရာငါးရာကိုခရီးနင်းနိုင်ခဲ့ပါတယ်။ အခုတော့ အကယ်၍ သူတို့သာ နှစ်နာရီလုံးလုံးခရီးဆက်လိုက်မယ်ဆိုရင် မိုင်ပေါင်းတစ်ထောင်အကွာကို တကယ်ရောက်ရှိသွားမှာလား။
အပိုင်း ၇၀•၂ ပြီး၏။