အပိုင်း ၆၉•၁
” မိစ္ဆာ၀ိညာဥ်ပညာရှင် ”
°°°
” မင်သုန့် တောင်တန်းရဲ့အနားမှာတာ၀န်ကျနေတဲ့ ကြယ်တာရာလော့နိုင်ငံတော်စစ်သည်တော်တွေကို ငါတို့မထွက်ခွာခင်အချိန်ကထဲက သတင်းပို့ပြီးပြီ သူတို့တွေက အသေးစိတ်မြေပုံနဲ့ တိကျတဲ့သတင်းအချက်အလက်တွေကို ငါတို့ရောက်တဲ့အချိန် ပေးလိမ့်မယ်..နောက်ထပ်မေးခွန်းထုတ်စရာမရှိတော့ဘူးဆိုရင် ငါတို့တွေအရှိန်အပြည့်နဲ့ ထွက်ခွာမယ်..မင်းတို့ရဲ့လက်စွပ်တွေကို ကောင်းကောင်းသိမ်းထားကြ လုပ်ငန်းတာ၀န်ဆောက်ရွက်တဲ့အချိန်မှာပဲ ဒါတွေကို၀တ်လို့ရမယ်. ”
အားလုံးကအသင့်ပြင်တဲ့ပုံစံနဲ့ ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီအချိန်မှာပဲ မာရှောင်ထောင့်က ပြောလာခဲ့ပါတယ်။
” ကျင့်ကြံဆင့်နှိမ့်တဲ့သူတွေက ငါတို့ကို အရှိန်လျော့စေလိမ့်မယ်..ဒါကြောင့် ငါတို့တွေဒီလိုလုပ်မယ်..ငါက ဟို့ယွိဟောင်ကိုခေါ်သွားမယ်..ထိုက်ယွဲ့ဟန်က ၀မ်သုန့်ကိုခေါ် လင်းလော့ချန်ကတော့ ရှောင်းရှောင်းကိုခေါ်သွားမယ် ”
မာရှောင်ထောင့်က ဒီတာ၀န်ကိုကိုယ်စားပြုပြီး ပြောနေတာဖြစ်တာကြောင့် အကြီးအကဲရွှမ်လဲ နောက်ထပ်မပြောတော့ပါဘူး။ အရာအားလုံးက မာရှောင်ထောင့်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ပါတယ်။ ဒါက မာရှောင်ထောင့်ရဲ့အဖွဲ့တစ်ဖွဲ့အပေါ် ထိန်းချုပ်နိုင်စွမ်းအကြောင်း သူယုံကြည်ချက်ရှိနေခဲ့ရုံတင်မကပဲ သူ့ရဲ့ အစွမ်းအစတွေကို ပိုပေါ်လွှင်စေချင်လို့သာဖြစ်နေခဲ့တယ်။ နဂါးတစ်ကောင်အတွက် ဦးဆောင်သူရှိတာကမကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီတာ၀န်ကြီးက သူတို့ရဲ့ပြိုင်ပွဲတွေမစတင်ခင်အချိန်မှာ နောက်ဆုံးသင်ကြားမှုလဲ ဖြစ်ပါလိမ့်မယ်။
” အစ်မကြီးမာ ကျွန်တော်ကိုခေါ်သွားစေချင်တယ် ”
၀မ်သုန့်က ရုတ်တရက်ဆိုသလို မာရှောင်ထောင့်ဘေးကို ပြေးသွားရင်းနဲ့ ပြောလိုက်ပါတယ်။ အဲ့ဒီနောက် ပြုံးပြုံးကြီးနဲ့ ဆက်ပြီပြောပြန်တယ်။
” အစ်မကြီးမာ ကျွန်တော်က အစ်မကြီးကိုအလေးစားဆုံးပါ ကျွန်တော်ကိုအစ်မကြီးနဲ့အတူ ခေါ်သွားလို့ရမလား ”
မာရှောင်ထောင့်က တခဏတာမျက်လုံးပြူးသွားပြီတဲ့နောက် ပြောလိုက်ပါတယ်။
” ကောင်းပြီလေ ငါမင်းကိုခေါ်သွားမယ်..ထိုက်ယွဲ့ယန် ဟို့ယွိဟောင်ကိုခေါ်သွား သွားကြစို့ ”
သူပြောပြီတာနဲ့၀မ်သုန့်ကိုဂျိုင်းကနေမပြီး အရှိန်အပြည့်နဲ့ ပြေးထွက်သွားပါတော့တယ်။
ထိုက်ယွဲ့ဟန်နဲ့ လင်းလော့ချန်တို့ကလဲ အတူတူပါပဲ။ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ကိုခေါ်ပြီ အရှိန်ကိုမြင့်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကတော့ စိတ်ထဲမှာဆက်တိုက်ဆိုသလို ကျိန်ဆဲနေခဲ့မိတယ်။ ဘယ်တုန်းကများ ၀မ်သုန့်က မာရှောင်ထောင့်ကိုလေးစားသွားရတာလဲ။ အရင်တုန်းက အစ်မကြီးမာကို စိတ်ထဲကနေရန်လိုနေခဲ့တယ်ဆိုတာ အားလုံးသိသာနေကြတာပဲမဟုတ်ဘူးလား။ ဒီကောင်ဘာလုပ်နေတာလဲ။
သူသိပေမဲ့ မာရှောင်ထောင့်သိနေတယ်လို့မဆိုလိုပါဘူး။ မာရှောင်ထောင့်ရဲ့အကူအညီနဲ့ ၀မ်သုန့်က အခုအချိန်မှာ အတော်လေးကို ကျေနပ်နေတဲ့ပုံစံရှိနေခဲ့ပါတယ်။ သူလုပ်ခဲ့တဲ့ကိစ္စအတွက် သူလုံး၀ကို အပြည့်အ၀သဘောကျနေခဲ့တယ်။ သူ့ရဲ့စိတ်ထဲမှာ ကြံစည်ထားတဲ့အကြံအစည်တွေကိုတော့ သူတစ်ယောက်ထဲသာ သိနိုင်မှာပါ။
ဒီလိုအရှိန်နှုန်းအပြည့်နဲ့ ထွက်ခွာမှုကြောင့် အတွင်းနယ်မြေရဲ့တပည့်သားတွေဘယ်လောက်အင်အားကြီးလဲဆိုတာက သိသိသာသာပေါ်လာပါတော့တယ်။ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကလဲ အစွမ်းကုန်ကြိုးစားပြီ ပြေးနေခဲ့ကြပေမဲ့ ဒီလိုမျိုးအချိန်အကြာကြီးဆက်လိုက်ဖို့အတွက် ခက်ခဲနေဆဲပါ။ တခြားတစ်ဖက်မှာ ဟယ့်ချိုက်ထို့ကတော့ သူ့ကိုကူညီပေးနေတဲ့အရှိန်နှုန်းမြင့် ကိရိယာတွေရှိတာကြောင့် အခြေအနေပိုကောင်းနေခဲ့ပါတယ်။ အဆင့်လေးအရှိန်မြင့်လက်နက်တွေကို အသုံးပြုပြီး သူ့ရဲ့အရှိန်ကိုမြင့်တင်ထားခဲ့တယ်။ ဒါ့အပြင် ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိတာကြောင့် မာရှောင်ထောင့်ရဲ့အနောက်မှာကပ်လိုက်နိုင်ဖို့အတွက် သိပ်ပြီးမခက်ခဲခဲ့ပါဘူး။
မာရှောင်ထောင့်က ၀မ်သုန့်ကို ဆွဲခေါ်လာခဲ့ပေမဲ့ သူမကအရှေ့ဆုံးမှာဦးဆောင်နိုင်ပြီ ပြေးနိုင်နေဆဲပါ။ တစ်ခါတစ်လေမှာအနောက်ဖက်ကျန်ရစ်နေသူတွေအတွက်တောင် အရှိန်လျှော့ပြီ စောင့်ပေးနေရပါသေးတယ်။ သူမရဲ့ကြောက်စရာကောင်းတဲ့အရှိန်နှုန်းက နတ်မိီးငှက်၀ိညာဥ်ကြောင့် ပိုပြီးအားကောင်းလို့နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့အစွမ်းအစကလဲလယ်ပြင်မှာဆင်းသွားသလိုထင်ရှားနေခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့ ထိုက်ယွဲ့ဟန်သူ့ကိုဆွဲပြီခေါ်သွားတာကို ဒီအတိုင်းသာသိလိုက်ရပါတယ်။ အဲ့ဒီနောက် သူ့ကိုယ်သူတိမ်တိုက်ထဲလွှင့်မျောနေသလိုသာ ခံစားလိုက်ရတယ်။ ထိုက်ယွဲ့ဟန်ကလဲ ဟို့ယွိဟောင်ကိုဂျိုင်းကနေ ဆွဲချီလို့ထားခဲ့ပြီ ခိုင်ခိုင်မြဲမြဲနဲ့ ပြုတ်မကျစေအောင်သတိထားပြီ ခေါ်လာခဲ့ပါတယ်။ ထိုက်ယွဲ့ဟန် မြေပြင်ကိုခြေထောက်နဲ့ထိပြီ တစ်ချက်လှမ်းလိုက်တိုင်းမှာ ဆယ်မီတာကျော်ကျော်ကို ရောက်သွားခဲ့တာပါ။ ဒါ့အပြင် သူက မြားတစ်စင်းလိုမျိုး အရှေ့ကိုပြေးထွက်နေခဲ့ပါတယ်။ သူအရှိန်လျှော့တော့မဲ့အချိန်မှာပဲ သူ့ရဲ့ခြေဖျားထိပ်တွေက မြေပြင်နဲ့နောက်တစ်ကြိမ်ပြန်ထိလို့သွားခဲ့ပြီ နောက်ထပ် ထပ်ပြီအရှိန်မြင့်သွားခဲ့တယ်။ ရလဒ်အနေနဲ့ သူကအရှေ့ကိုအရမ်းမြန်မြန်ဆန်ဆန်နဲ့ တည်တည်ငြိမ်ငြိမ် ရောက်သွားနေဆဲပါ။ ဟို့ယွိဟောင်အနေနဲ့ ဘာမှလုပ်စရာမလိုဘူး။ ထိုက်ယွဲ့ဟန်နဲ့အတူတူ ဒီလိုအရှိန်နှုန်းအတိုင်း ဆက်ပြီးလိုက်ပါသွားဖို့သာ လိုအပ်ပါတယ်။
နှစ်ဖက်စလုံးရဲ့လမ်းမြင်ကွင်းတွေက အတော်ကိုဝေ၀ါးနေခဲ့ပါပြီ။ စိတ်၀ိညာဥ်မျက်လုံးနဲ့တောင် ဟို့ယွိဟောင်အနေနဲ့ ခေါင်းတွေမူးဝေလာရပါတော့တယ်။
” ယွိဟောင် မင်းနဲ့ငါညီငယ်ကြားမှာ ဖြစ်ခဲ့တဲ့ကိစ္စတွေက မကောင်းခဲ့တဲ့ကိစ္စအကြောင်း ငါကြားခဲ့ပါတယ် ”
ထိုက်ယွဲ့ဟန်က ဟို့ယွိဟောင်ကို အရှိန်နှုန်းအပြည့်နဲ့ပြေးနေရင်း ပြောလာခဲ့တယ်။
ဟို့ယွိဟောင်လဲ လန့်သွားခဲ့ပါပြီ။ ထိုက်ယွဲ့ဟန်ပြောလိုက်တဲ့စကားကြောင့်မဟုတ်ပဲနဲ့ ဒီလောက်အရှိန်မြင့်မြင့်နဲ့ ပြေးနေတာတောင် တစ်ချက်လေးမှအသံမတုန်ပဲ စကားပြောနေနိုင်တာကြောင့် အံ့ဩသွားခဲ့ရတာပါ။ သူက ပုံမှန်လူတွေအတိုင်း အေးအေးဆေးဆေးစကားပြောနေနိုင်ပါတယ်။ ထိုက်ယွဲ့ဟန်ရဲ့အစွမ်းအစတွေက တကယ်ကြောက်စရာကောင်းတာပါပဲ။ ဟို့ယွိဟောင်လဲ ပြန်ဖြေလိုက်မိတယ်။
” ဟုတ်တယ် ”
ထိုက်ယွဲ့ဟန်က တကယ်ကိုစိတ်ရင်းမှန်ကန်တဲ့ပုံစံနဲ့ ပြောလာခဲ့ပြန်ပါတယ်။
” မင်းတို့တွေ ဘယ်လိုကြောင့်များရန်သူတွေဖြစ်လာလဲ ငါမသိပေမဲ့ ထိုက်ဟွပင်းလုပ်တဲ့ကိစ္စတွေ မှားနေတယ်လို့တော့ ငါထင်ပါတယ်..သူ့ရဲ့အစ်ကိုကြီးအနေနဲ့ သူ့ကိုယ်စားငါတောင်းပန်ပါတယ်…ဟွပင်းက ကလေးဘ၀ထဲကနေ အတော်လေးပါရမီရှိတာကြောင့် အခုလိုမျိုး မောက်မာတဲ့ပုံစံဖြစ်အောင် သူ့ကိုပြုစုပျိုးထောင်ပေးခံခဲ့ရတယ်..ငါလဲသူ့ကိုအရင်တုန်းက အကြိမ်ကြိမ်ပဲ့ပြင်ဆုံးမပေးဖို့ကြိုးစားပြီ သူ့ကိုရိုက်တောင်ရိုက်မိလိုက်သေးတယ်..အခုငါပြန်တွေးကြည့်မိလိုက်တော့ ငါဘ၀မှာပထမဆုံးအနေနဲ့ သူ့ကိုပါးရိုက်မိခဲ့တာပဲ ဖြစ်ပြီခဲ့တဲ့ကိစ္စတွေက ဖြစ်ပြီခဲ့ပါပြီလေ ငါတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ထဲမှာ လေ့ကျင့်ဖို့ရှိနေခဲ့ကြတဲ့သူတွေပဲ မင်းလဲ အစောင့်အရှောက်တွေရဲ့အဖွဲ့၀င်တစ်ယောက် ဖြစ်နေပြီ ဒီတော့ငါတို့က အခုအချိန်ကနေစပြီ ရောင်ရင်းတွေဖြစ်ရုံတင်မကပဲ ရင်ဘောင်တန်းပြီတိုက်ခိုက်ရမဲ့စစ်သည်တော်တွေလဲ ဖြစ်နေတယ်..နောက်ထပ် အငြိုးအတေးတွေ မထားဖို့ကို ငါတကယ်ပဲမျှော်လင့်မိပါတယ်…အကယ်၍ အကူအညီလိုတယ်ဆိုရင် ပြောသာပြောလိုက်ပါ ဟွပင်း မင်းအပေါ်တင်နေတဲ့အကြွေးတွေကို ငါသူ့ကိုယ်စား ပြန်ပြီးဆပ်ပါ့မယ် ”
ထိုက်ယွဲ့ဟန်က စကားလုံးအသုံးအနှုန်းကို ရွေးချယ်တဲ့နေရာမှာ အတော်လေးကို ပညာသားပြည့်၀ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ထိုက်ယွဲ့ဟန်ဆီက ကြောက်စရာကောင်းတဲ့ လူသတ်ငွေ့တွေကို ခံစားခဲ့ဖူးတာကြောင့်သာ မဟုတ်ရင် ထိုက်ယွဲ့ဟန်ပြောတဲ့စကားတွေကြောင့် တကယ်ပဲစိတ်ထိခိုက်သွားရမှာပါ။ ဒါပေမယ့် လက်ရှိအချိန် တစ်ဖက်လူကိုစိတ်ထဲမှာ အပြည့်အ၀နားလည်နေခဲ့တာကြောင့် သူချက်ချင်းသဘောပေါက်သွားပါတော့တယ်။ ထိုက်ယွဲ့ဟန်က သူ့ကိုသိမ်းသွင်းဖို့ကြိုးစားနေတာပဲ။
” အစ်ကိုကြီးကျွန်တော်လဲ တကယ်ပဲမှားယွင်းသွားမိပါတယ်…အစ်ကိုကြီးပြောတာမှန်တယ် ဖြစ်ပြီခဲ့တဲ့ကိစ္စတွေက ဖြစ်ပြီခဲ့ပြီလေ ဒီအတိုင်းပဲထားလိုက်တာပေါ့ ”
ဟို့ယွိဟောင်အနေနဲ့ ထိုက်ယွဲ့ဟန်လိုမျိုး သူ့ရဲ့ခံစားချက်တွေအားလုံးကို အပြည့်အ၀မဖုံးကွယ်သေးပါဘူး။ဒါကြောင့် ဒီလောက်အထိ စိတ်ရင်းမှန်တဲ့ပုံစံမျိုးနဲ့လဲ ဟန်မဆောင်နိုင်ပဲရှိနေခဲ့ပါတယ်။ သူလဲ အကောင်းဆုံးကြိုးစားပြီ တည်ငြိမ်အောင်လုပ်ပေမဲ့ ဒီလောက်ရိုးရှင်းတဲ့ တောင်းပန်စကားက သူ့အမေကိုဆိုးဆိုးရွားရွားသေစေခဲ့တဲ့ကိစ္စနဲ့ ပတ်သက်တဲ့အငြိုးအတေးတွေကို ဘယ်လိုများပြေပျောက်စေနိုင်မှာလဲ။ ဒါ့အပြင် သူ့ကလေးဘ၀ထဲက ရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကိုရော ဘယ်လိုများအလျော်ပေးနိုင်မှာလဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့အသိအမြင်က ပုံမှန်လူအများစုထက် ပိုပြီးထက်မြက်ပါတယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် ဟို့ယွိဟောင်ရဲ့သွေးကြောတွေက စကားပြောတဲ့အချိန်မှာ အရမ်းကိုတည်ငြိမ်နေခဲ့ပြီ ဘာမှပုံမှန်မဟုတ်တာမျိုးရှိမနေခဲ့တာကိုလဲ ခံစားမိတယ်။ သူက အတော်လေး စိတ်တည်ငြိမ်တဲ့သူဆိုတာ အသိအသာကြီးပါပဲ။ လူတွေကအမြဲတမ်းစိတ်ရင်းမှန်နဲ့ စကားပြောတဲ့အချိန်မှာ စိတ်လှုပ်ရှားမှုဆိုတာဖြစ်ပေါ်လာပါတယ်။ ဒီလိုမျိုး တည်ငြိမ်တဲ့ပုံမျိုးက စိတ်ရင်းမမှန်တာကို ဖော်ပြနေတာနဲ့ အတူတူပါပဲ။
ဟို့ဟွိဟောင်ပြောတာကို ကြားချိန်မှာတော့ ထိုက်ယွဲ့ဟန်အနေနဲ့ ကျေနပ်လို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်က စိတ်ထဲမှာအပြည့်အ၀လက်မခံနိုင်သေးတာကို သူကောင်းကောင်းကြီးမြင်နေခဲ့ရပေမဲ့ သူ့အမြင်အရ ကလေးတစ်ယောက်ဖြစ်တာကြောင့် သူဘယ်လောက်ပဲပါရမီရှိပါစေ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်သေးဘူးလို့သာ တွေးနေခဲ့မိပါတယ်။ ဒါ့အပြင် သူအနေနဲ့ အပြည့်အ၀လက်ခံဖို့ခက်ခဲနေတာက ပုံမှန်ကိစ္စပါပဲ။ ဒါပေမယ့် အစပိုင်ကတော့မဆိုးခဲ့ပါဘူး။ ဒီလောက်အထိ လက်ခံနိုင်တယ်ဆိုရင် နောက်ပိုင်းကိစ္စတွေက လုပ်ဖို့သူ့အတွက်ပိုပြီးလွယ်ကူသွားမှာပါ။ သူ့အမြင်အရ ကလေးတစ်ယောက်ရဲ့စိတ်ကို ချည်နှောင်ဖို့ဆိုတာက မခက်ခဲပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ အရည်အချင်းတွေက အတော်ကိုကောင်းမွန်ပါတယ်။ ကျင့်ကြံဆင့်က နှိမ့်လွန်နေတာကြောင့်သာ အခုအထိ သိပ်ပြီခရီးမရောက်သေးတာပါ။ လက်ရှိအချိန်မှာ သူ့ရဲ့ကျင့်ကြံဆင့်က ထိုက်ယွဲ့ဟန်ကို ခြိမ်းခြောက်နိုင်ဖို့ဝေးလွန်ပါသေးတယ်။ ဒါကြောင့် ဟို့ယွိဟောင်အနေနဲ့ သူတို့နှစ်ယောက်ကိုယှဥ်လိုက်မယ်ဆိုရင် အများကြီး ဆိုးနေတာကိုတွေ့ရမှာပါ။
ထိုက်ယွဲ့ဟန်ကတော့ ပြုံးပြရင်းနဲ့ ပြောလိုက်ပါတယ်။
” ဒါဆိုရင်အကောင်းဆုံးပဲပေါ့ ငါတို့တွေအခုလိုပိုပြီး အချိန်ကြာကြာအတူတူရှိလာလေလေ ငါဘယ်လိုလူလဲဆိုတာ မင်းပိုသိလေဖြစ်မှာပါ ”
အကယ်၍ ဟို့ယွိဟောင်သာ ကျောင်းတော်ထဲကို မ၀င်ခင်က စိတ်မျိုးဖြစ်ခဲ့မယ်ဆိုရင် သူ့အနေနဲ့ ခံစားချက်တွေအားလုံးကို ဖုံးကွယ်ထားနိုင်ဖို့က မလွယ်ကူခဲ့ပါဘူး။ သေချာပေါက် ထိုက်ယွဲ့ဟန်နဲ့ ဒီလိုမျိုးဟန်ဆောင်တဲ့ပြိုင်ပွဲမှာ ရှုံးသွားခဲ့မှာပါ။ ဒါပေမယ့် တစ်နှစ်ကျော်အတွင်းမှာ သူအတော်လေးကို ရင့်ကျက်လာခဲ့ပါပြီ။ အချိန်တိုလေးအတွင်း လက်စားချေဖို့မဖြစ်နိုင်တာကိုလဲ သူသိနေခဲ့တယ်။ ဒီလိုဖြစ်မှတော့ သေချာပေါက် အခုအချိန်မှာ ကောင်းကောင်းဖုံးကွယ်ပြီဟန်ဆောင်ထားရမှာပါ။
” အစ်ကိုကြီး အစ်မကြီးမာပြောခဲ့တဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်ဆိုတာကို ကျွန်တော်စိတ်ထဲမှာ တွေးနေမိတယ်…အဲ့ဒါကဘာကြီးလဲ ”
ဟို့ယွိဟောင်က ထိုက်ယွဲ့ဟန်လိုကျင့်ကြံဆင့်မျိုးရှိမနေခဲ့တာကြောင့် ဒီလိုပြေးပြီစကားပြောတဲ့အချိန်မှာ အတော်ကိုအားကုန်ရပါတယ်။ ရလဒ်အနေနဲ့ သူ့ရဲ့နှာခေါင်းနဲ့ပါးစပ်တွေကို ၀ိညာဥ်စွမ်းအားနဲ့ ကာကွယ်ပြီစကားပြောနေခဲ့ရတယ်။
ထိုက်ယွဲ့ဟန်က ရယ်မောရင်းနဲ့ ပြောလိုက်ပါတယ်။
” မင်းဒီမေးခွန်းမေးတော့မယ်ဆိုတာ ငါထင်သားပဲ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကလဲ ၀ိညာပညာရှင်တွေပဲ ဒါပေမယ့် သူတို့က အရမ်းကိုကြောက်စရာကောင်းတယ် ”
သူ့ရဲ့ကျင့်ကြံဆင့်နဲ့ ယုံကြည်ချက်က အပြည့်အ၀ရှိနေခဲ့ပေမဲ့ ထိုက်ယွဲ့ဟန်ရဲ့ မျက်လုံးထဲမှာ အကြောက်တရားတချို့ပေါ်လာတာကို ဟို့ယွိဟောင်ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ အစပိုင်းတုန်းက သူဒီမေးခွန်းကိုမေးလိုက်တာ မတွေးတောပဲမေးလိုက်တာပါ။ ဒါပေမယ့် ထိုက်ယွဲ့ဟန်လိုမျိုး ကျောင်းတော်ရဲ့ထိပ်တန်းလိုလူတောင် မိစ္ဆာ၀ိညာဥ်ပညာရှင်ကို ကြောက်နေရတဲ့အတွက် သူလန့်သွားခဲ့ရပါတယ်။
” မိစ္ဆာ၀ိညာဥ်ပညာရှင်တွေ တည်ရှိခဲ့တာက အတော်ကို အချိန်ကြာပြီ ပထမမျိုးဆက်အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ ဘိုးဘေးကြီးထန်စန်းတောင်မှ အင်အားကြီးတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ကို ကြုံတွေ့ခဲ့ရတယ်တဲ့ ဒါ့အပြင် အဲ့ဒီလူကလဲ မိစ္ဆာသော့်လော့ဖြစ်နေခဲ့သေးတယ်..ဒါပေမယ့် တစ်ဖက်လူဆီကနေ နယ်မြေထိန်းချုပ်ရေးအမျိုးအစားစွမ်းရည်ကို သူရရှိခဲ့တယ်လေ ဒါ့အပြင် အဲ့ဒါက မိစ္ဆာ၀ိညာဥ်ပညာရှင်လို့ခေါ်ရတာ အဓိကအကြောင်းအရင်းရှိနေသေးတယ်…သူတို့ရဲ့သိုင်းပညာ၀ိညာဥ်တွေက ပုံမှန်မဟုတ်လောက်အောင်အရမ်းဆိုးယုတ်နေလို့ပဲ ”
ဟို့ယွိဟောင်ဒါကိုကြားပြီချိန်မှာ ပိုပြီး လန့်သွားခဲ့ပါတယ်။
” မိစ္ဆာ၀ိညာဥ်တွေတောင် ရှိသေးတယ်လား ”
ထိုက်ယွဲ့ဟန်က ခေါင်းညိတ်ရင်း ပြောလိုက်ပါတယ်။
” သိုင်းပညာ၀ိညာဥ်ဆိုတာ ဘာမဆိုဖြစ်နိုင်တယ်လေ အကယ်၍ သိုင်းပညာ၀ိညာဥ်တစ်ခုထဲကိုပဲကြည့်မယ်ဆိုရင် အကောင်းဆုံးဆိုတာ ဘယ်ရှိမလဲ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်တွေကို အားကောင်းလာအောင်လေ့ကျင့်ဖို့ဆိုတာက ပုံမှန်မဟုတ်လောက်အောင် ထူးခြားတဲ့နည်းလမ်းတွေလိုအပ်တယ်မဟုတ်လား အဲ့ဒီလိုလိုအပ်ချက်တွေ များပြားတဲ့သိုင်းပညာ၀ိညာဥ်ကလဲ သေချာပေါက် ဆိုးယုတ်တော့တာပေါ့ အကယ်၍ ငါမင်းကိုပြောပြမယ်ဆိုရင် မင်းနားလည်လာမှာပါ ”
” လွန်ခဲ့တဲ့နှစ်ခြောက်ရာကျော်ကျော်လောက်မှာ အားကောင်းတဲ့မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်က ပေါ်ထွက်လာခဲ့ဖူးတယ်..သူက သော့်လော့ပညာရှင်အဖြစ် ရောက်ရှိသွားရုံတင်မကဘူး သူ့ကိုယ်သူ သွေးကြွေးရဲ့ကလေးငယ်လို့တောင် နာမည်ပေးထားခဲ့သေးတယ်..သူ့ရဲ့ကျင့်ကြံတဲ့နည်းစနစ်က အတော်လေးကို ပြိုင်ဘက်ကင်းပြီတော့ အသက်ဆယ်ရှစ်နှစ်အချိန်မှာသာ သိုင်းပညာ၀ိညာဥ်က အသက်၀င်လာခဲ့တယ်..သူ့ရဲ့သိုင်းပညာ၀ိညာဥ်အသက်၀င်လာပြီတဲ့နောက် သူကကလေးငယ်တွေကို အင်မတန်ဆာလောင်တယ်..သူ့အနေနဲ့ ကလေးငယ်ရဲ့ဦးနှောက်ကိုစုပ်ယူပြီ နှလုံးသားကို ၀ါးမြိုမှသာကျင့်ကြံနိုင်တယ်…အဲ့ဒီလို၀ိညာဥ်ပညာရှင်မျိုးက ဆိုးယုတ်တယ်လို့ မင်းမထင်ဘူးလား..သော့်လော့ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ဖို့အတွက် ကလေးတွေဘယ်လောက်များများကို သူသတ်ဖြတ်ပြစ်ခဲ့ရလဲ.မင်းစဥ်းစားကြည့်လိုက်ပါဦး ”
ဟို့ယွိဟောင်အနေနဲ့ ဒီအကြောင်းအရာကိုကြားပြီချိန်မှာ ကျောရိုးတစ်ခုလုံးထုံကျင်လို့သွားခဲ့ပြီ ဦးရေပြားတွေတောင် နာသွားခဲ့ရပြန်ပါတယ်။ ဒီလိုမျိုးပင်အပ်မှုတွေနဲ့ ထိုးစိုက်ခံလိုက်ရသလို ခံစားချက်က သူ့ကိုယ်တအံ့တဩနဲ့ အသံထွက်လာစေခဲ့တယ်။ ဒီလို၀ိညာဥ်ပညာရှင်မျိုးလောကမှာတည်ရှိနေမယ်လို့ သူမတွေးထားခဲ့မိပါဘူး။
ထိုက်ယွဲ့ဟန်ရဲ့မျက်လုံးထဲမှာ တူညီတဲ့အကြောက်တရားက ရှိနေခဲ့ပါတယ်။
” သွေးကြွေးရဲ့ကလေးငယ် သော့်လော့က ကြောက်စရာကောင်းအောင်သန်မာလွန်တယ်..အချိန်နှစ်နှစ်ဆယ်မှာ ဒီလိုမျိုးကျင့်ကြံတဲ့နည်းစနစ်ကို အသုံးပြုပြီး အသက်လေးဆယ်မပြည့်သေးခင်အချိန်မှာပဲ သော့်လော့ဘွဲ့ကိုသူရနိုင်ခဲ့တယ်..ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုနေတဲ့အချိန်မှာ သွေးနီရောင်ကလေးငယ်က အမြဲတမ်းပေါ်ထွက်လာခဲ့တယ်..ဒါ့အပြင် ကြောက်စရာကောင်းလွန်လှတဲ့ မီးစွမ်းအားနဲ့ တိုက်စားနိုင်စွမ်းကိုလဲ ပိုင်ဆိုင်ထားသေးတယ်..သူ့ရဲ့၀ိညာဥ်စက်ကွင်းကိုးကွင်းထဲမှာ အနှိမ့်ဆုံးက နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းပဲ သူ့မှာတစ်တစ်သောင်း၀ိညာဥ်စက်ကွင်းနှစ်ခုတောင်ရှိနေသေးတယ်…အဲ့ဒီနောက် ကျောင်းတော်ရဲ့အစောင့်အရှောက်အရင်ခေါင်းဆောင်က သူ့ကိုဖယ်ရှားဖို့အတွက် ကိုယ်တိုင်လုပ်ဆောင်ခဲ့ရတယ်…အဲ့ဒီမကောင်းဆိုး၀ါးကို ဒီလူ့လောကကနေ ဖယ်ရှားပြစ်နိုင်ဖို့အတွက် ငါးနှစ်လုံးလုံးကို အချိန်ယူပြီတိုက်ခိုက်ခဲ့ရတယ်..အဲ့ဒီမတိုင်ခင်အချိန်မှာ ငါတို့ကျောင်းကကျောင်းသားနဲ့ ဆရာစုစုပေါင်းဆယ်ယောက်ကျော်ကိုလဲ သူကသတ်ပြစ်ခဲ့သေးတယ်..အဲ့ဒီလိုမိစ္ဆာ၀ိညာဥ်ပညာရှင်မျိုးက ကြောက်စရာမကောင်းဘူးလား ”
” မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက မွေးဖွားလာတဲ့အချိန်မှာ ဒီလောက်အထိ ဆိုးယုတ်တဲ့စိတ်ထားမရှိနိုင်တာလဲဖြစ်နိုင်ပါတယ်…ဒါပေမယ့် ၀ိညာဥ်ပညာရှင်တိုင်းမှာအင်အားနဲ့ စွမ်းအားဆိုတာက အတူတူပဲလေ ဒါကြောင့် အမှောင်ထုလမ်းကိုလျှောက်လမ်းဖို့ဆိုတာက အရမ်းကိုလွယ်ကူလွန်တယ်…အားကောင်းပြီမြန်မြန်ဆန်ဆန်ရရှိတဲ့ စွမ်းအားရဲ့ဆွဲဆောင်မှုကို ဘယ်သူကတောင့်ခံထားနိုင်မှာလဲ အဆုံးသတ်မှာ မိစ္ဆာလမ်းကိုလျှောက်လမ်းပြီ ဂုဏ်သိက္ခာလဲပျက်သုန်းသွားရတယ်လေ..ဒါ့အပြင် အဲ့ဒီမိစ္ဆာ၀ိညာဥ်ပညာရှင်တွေဆိုတာက ငါတို့အစောင့်အရှောက်အဖွဲ့တွေရဲ့ အကြီးမားဆုံးရန်သူတော်တွေပဲ ရင်ဆိုင်ဖို့အတွက်လဲ ခက်ခဲလွန်လှတယ်..အဲ့ဒီလိုမျိုး မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ပေါ်လာလာပြီ ငါတို့သိသိချင်မြန်နိုင်သလောက်အမြန်ဆုံးသူတို့ကို ဖယ်ရှားပေးရမယ်…သူတို့တွေက ဖျက်ဆီးနိုင်စွမ်းကြီးမားရုံတင်မကဘူး အစွမ်းထက်တဲ့အရှိန်နှုန်းကလဲ အရမ်းကိုမြန်ဆန်တယ်..သူတို့အနေနဲ့ အသက်ရှည်ရှည်နေဖို့က အတော်ကိုခက်ခဲနိုင်ပေမဲ့ အသက်ရှင်နေတဲ့နှစ်တွေမှာ ကမ္ဘာလောကကြီးကို ပျက်စီးဆုံးရှုံးမှုအများကြီးဖြစ်စေနိုင်တယ်မဟုတ်လား ”
ဟို့ယွိဟောင်လဲ ရုတ်တရက်ဆိုသလို နားလည်သွားပါတော့တယ်။
” ဒီလိုဖြစ်လာတာကို ကျေးဇူးအများကြီးတင်ပါတယ်အစ်ကိုကြီး ”
အစောပိုင်းတုန်းထဲက ထိုက်ယွဲ့ဟန်ကို သူအတော်လေး သတိကြီးကြီးနဲ့ စောင့်ကြပ်နေခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ အတွင်းနယ်မြေရဲ့တပည့်သားဖြစ်တဲ့ ထိုက်ယွဲ့ဟန်ရဲ့ အသိပညာနဲ့ အတွေ့အကြုံကို သူလေးစားသွားခဲ့ရပါပြီ။
” အစ်ကိုကြီး ကျွန်တော်မေးစရာတစ်ခုတော့ရှိသေးတယ်…အစ်မကြီးမာပြောတာ ကျွန်တော်တို့အနေနဲ့ သုံးရက်တာအတွင်းဒီကိစ္စကို ပြီးအောင်ဆောင်ရွက်ရမယ်တဲ့ ကျွန်တော်တို့တွေ အမြန်ဆုံးသွားနေတာတော့ ဟုတ်ပါပြီ ဒါပေမယ့် ကျွန်တော်နဲ့ကျောင်းတော်က ထျန်းဟွမ်နိုင်ငံတော်မှာ ရှိနေတာပါ..ဒါ့အပြင် ကြယ်တာရာလော့နိုင်ငံတော်ရဲ့ မြောက်ဖက်နယ်မြေ နယ်စပ်နေရာမှာ ဦးတည်နေတယ်..တခြားတစ်ဖက် မင်သုန့်တောင်ကတော့ ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အနောက်ဖက်မှာရှိနေခဲ့တာပါ…စုစုပေါင်းမိုင်ပေါင်တစ်ထောင်နီးပါး ကွာနေသေးတယ်လေ ကျွန်တော်တို့အနေနဲ့ အစွမ်းကုန်ပြေးမယ်ဆိုရင်တောင် သုံးရက်အတွင်းရောက်နိုင်မှာမဟုတ်ဘူး..ရန်သူကိုသတ်ဖို့ဆိုတာ ပိုခက်မှာပေါ့ ”
အပိုင်း ၆၉•၁ ပြီး၏။