အပိုင်း ၆၈•၂
” အမျက်ဒေါသရဲ့အစောင့်အရှောက်တွေ ”
°°°
အကြီးအကဲရွှမ်နဲ့ မူလအဖွဲ့ရဲ့ အဖွဲ့၀င်ခုနှစ်ယောက်က အရှေ့ဆုံးမှာ ရပ်နေခဲ့ကြပါတယ်။ အကြိုအဖွဲ့ရဲ့ ခုနှစ်ယောက်ကတော့ အနောက်ဖက်မှာ လိုက်လာနေခဲ့ကြတယ်။ ဒါကြောင့်သာ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က ပေ့ပေ့နဲ့တခြားသူတွေ စကားပြောနေတာကို ကြားနေခဲ့ရတာပါ။
ရှုစန်းရှီအနေနဲ့ ကျန်းနန်နန်နဲ့အတူ အပြင်ထွက်ဖို့အတွက် အခွင့်အရေးကိုရဖို့က မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းသူမကို အရှက်မရှိမျက်နှာပြောင်တိုက်ရင်း နောက်ကနေတစ်ကောက်ကောက်လိုက်ပါတော့တယ်။ ကျန်းနန်နန်ကတော့ ရှုစန်းရှီကို ဘာမှလုပ်မရနိုင်ပါဘူး။ ဒါကြောင့် သူမနဲ့တစ်မီတာအကွာကို မကပ်နိိုင်အောင် အတင်းတားမြစ်လို့ထားခဲ့ပါတယ်။ ရှုစန်းရှီကတော့ သူမသူ့ကိုဘယ်လောက်ပဲလျစ်လျူရှုထားပါစေ ကြက်စာကောက်နေတဲ့ ကြက်ပေါက်ကလေးတစ်ကောင်လိုမျိုး ခေါင်းတစ်ညိတ်ညိတ်နဲ့သာ နောက်ကနေ လိုက်ကပ်နေတော့တယ်။
ဟို့ယွိဟောင်နဲ့ တခြားသူတို့ကြိုးစားနေတာကိုမြင်ချိန်မှာ ရှုစန်းရှီက ချက်ချင်းဆိုသလိုအစီအစဥ်ချလိုက်ပါတော့တယ်။ အဲ့ဒီနောက် သူပြောလိုက်တယ်။
” နန်နန်သူတို့တွေ ဘယ်လောက်အလုပ်ကြိုးစားနေလဲ တွေ့တယ်မလား ငါတို့တွေလဲ လေ့ကျင့်ကြရင်ကော ဘယ်လိုလဲကြည့်လိုက် ငါ့ရဲ့ဒီလိုမာကျောတဲ့အရေပြားက မင်းလေ့ကျင့်ဖို့အတွက် အကောင်းဆုံးအထောက်အကူပစ္စည်းပဲလေ ဒါ့အပြင် မင်းရဲ့စွမ်းရည်တွေကိုလဲ ငါအေးအေးဆေးဆေး လက်ခံန်ိုင်တယ် ”
သူ့ရဲ့အလွန်အမင်ပျော်ရွှင်နေတဲ့မျက်နှာကြီးက ကျန်းနန်နန်ကို ငါ့ကိုလာရိုက်ပါ ငါ့ကိုလာရိုက်ပါဆိုပြီ ဖိတ်ခေါ်နေသလိုပါပဲ။
ကျန်းနန်နန်ကတော့ သူ့ကိုရေခဲတမျှအေးစက်တဲ့အကြည့်နဲ့ ပြန်စိုက်ကြည်နေခဲ့ပြီ ပြောလာခဲ့ပါတယ်။
” အဲ့ဒီပါးစပ်ကိုပိတ်ထားပြီ ဘာစကားမှထွက်မလာတာ အကောင်းဆုံးပဲ ”
ရှုစန်းရှီအနေနဲ့ ချက်ချင်းဆိုသလိုမကျေမနပ်နဲ့ ပြန်ပြောပါတော့တယ်။
” ငါဘယ်လိုလုပ်မှ မင်းနှလုံးသားကို ငါနားလည်နိုင်မှာလဲ ငါဒီလောက်တောင် စိတ်ရင်းအမှန်နဲ့ ကြိုးစားနေတာတောင် ဘာကြောင့်များ အဲ့ဒီလောက် ရက်စက်နိုင်ရတာလဲ ”
ကျန်းနန်နန်ကတော့ သူ့ကို အမုန်းတရားအပြည့်နဲ့သာ စိုက်ကြည့်လို့နေခဲ့တယ်။ သူမရဲ့မျက်နှာပေါ်မှာ ဒေါသကြောင့်အနီရောင်အရိပ်တွေက ပေါ်လာခဲ့ပါပြီ။
” ဘယ်လိုပဲဖြစ်လာပါစေ နင်လိုမျိုးချမ်းသာတဲ့ မိသားစုက လေလွှင့်နေတဲ့သားနဲ့ အတူတူမနေနိုင်ဘူး..သားရဲကောင်တစ်ကောင်ရဲ့ စိတ်ဆိုတာက သားရဲကောင်တစ်ကောင်ရဲ့နှလုံးသားထဲကနေ ထွက်ပေါ်လာတာပဲ ငါ့ကိုလာမရှုပ်နဲ့တော့ ဒါ့အပြင် ငါ့နာမည်က ကျန်းနန်နန် နောက်တစ်ခေါက် ငါကိုခေါ်ရင်း မျိုးနွယ်နာမည်နဲ့ တပ်ပြီတော့ခေါ် ”
အဲ့ဒီနောက် သူမချက်ချင်းဆိုသလို လှည့်ထွက်သွားရင်း အရှေ့ကို ခပ်မြန်မြန်လျှောက်သွားပါတော့တယ်။ သူမနဲ့ ရှုစန်းရှီကြားက အကွာအဝေးကို တတ်နိုင်သလောက် ခပ်ခွာခွာသာနေလိုက်တယ်။ ရှုစန်းရှီကတော့ သူ့မျက်နှာကိုလက်နဲ့အုပ်ရင်း သနားစရာကောင်းလောက်အောင်အော်နေခဲ့ပါပြီ။
” ငါ့ကိုသေခွင့်သာပြုပါတော့ သေခွင့်သာပြုပါတော့ ”
ပေ့ပေ့ကတော့ သူ့ရဲ့အနောက်မှာရောက်နေခဲ့ပြီးပါပြီ။ တည်ငြိမ်အေးဆေးတဲ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် သူမေးလိုက်တယ်။
” မင်းအကူအညီလိုလား ”
ရှုစန်းရှီက ဒေါသတကြီးနဲ့ ပြန်ပြောပါတော့တယ်။
” ငါတို့တွေ ညီနောင်တွေမှဟုတ်ရဲ့လား မင်းကလှဲကျနေတဲ့သူကို မထနိုင်အောင်ဘယ်လိုကန်ရမလဲဆိုတာ ကောင်းကောင်းသိသားပဲ အကယ်၍ ရှောင်ယာ့သာ ဒီနေရာမှာရောက်မနေတာနဲ့ မင်းကဒီလိုမျိုး မျက်နှာအစစ်အမှန်ကို ထုတ်ပြပြီပေါ့ အခုထဲကတောင် ထုတ်ပြနေပြီပေါ့ဟုတ်လား ”
ပေ့ပေ့ကတော့ တအံ့တဩနဲ့သာ ပြန်ပြောလိုက်ပါတယ်။
” အခုကျမှငါတို့တွေကို ညီနောင်တွေလို့လာပြောနေတယ်ဟုတ်လား မင်းပြောခဲ့တဲ့စကားကို ငါကောင်းကောင်းကြီး မှတ်မိနေပါသေးတယ်..မိန်းကလေးတစ်ယောက်အတွက်နဲ့ ညီနောင်ကိုနောက်ကျောကနေ နှစ်ခေါက်တိတိ ဓားနဲ့ထိုးဖို့တောင် ၀န်မလေးဘူးဆိုပဲ ဟုတ်တယ်ဟုတ် ”
ရှုစန်းရှီကတော့ အခုအချိန်မှာ ခေါင်းမော့ထားရင် မကြားချင်ယောင်ဆောင်ပြီ ဆက်ပြောလိုက်ပါတယ်။
” အမျိုးသမီးတစ်ယောက်က ငါ့ကိုကလေးမွေးပေးနိုင်တယ်..မင်းမွေးနိုင်လို့လား အမျိုးသမီးတစ်ယောက်က ငါနဲ့အတူတူ အိပ်ရာပေါ်မှာအိပ်နိုင်တယ်..ဒါပေမယ့် မင်းကရော အိပ်နိုင်လို့လား ”
ပေ့ပေ့က နွေးထွေးတဲ့အပြုံးနဲ့ ဆက်ပြီးဖြေလာခဲ့ပါတယ်။
” မင်းကိုကလေးမမွေးနိုင်ပေမဲ့ အိပ်ရာတစ်ခုထဲတော့ အတူတူအိပ်နိုင်ပါသေးတယ် ”
အရှေ့ဆုံးမှာရှိနေခဲ့တဲ့ အကြီးအကဲရွှမ်ကတော့ ထူးထူးဆန်းဆန်းကြီးကို အမူအရာပျက်သွားခဲ့ပါပြီ အဲ့ဒီနောက် ပေ့ပေ့နဲ့ ရှုစန်းရှီတို့ကို စိုက်ကြည့်ရင်းပါးစပ်ထဲက ၀ိုင်တွေကိုတောင် အန်ထုတ်မိလိုက်ပါတော့တယ်။ သူတို့နှစ်ယောက်လဲ မျက်နှာတည်သွားခဲ့ပြီ နောက်ထပ်ဘာမှမပြော၀ံ့တော့ပါဘူး။
” ကောင်းပြီ လာခဲ့ကြ ”
အကြီးအကဲရွှမ်က သူ့ရဲ့ညစ်ပေနေတဲ့အင်္ကျီကို သုံးပြီမျက်နှာကို ပြန်သုတ်ရင်းပြောလာခဲ့ပါတယ်။
သူတို့ဆယ့်လေးယောက်စလုံးက ချက်ချင်းဆိုသလို အကြီးအကဲရွှမ်အနားကို လျှောက်လာပြီ ဘေးပတ်လည်မှာ၀န်ရံလိုက်ပါတော့တယ်။ ဟို့ယွိဟောင် ၀မ်သုန့်တို့နဲ့ ရှောင်းရှောင်းတို့ကတော့ လေ့ကျင့်နေခဲ့ကြတဲ့အတွက် အနည်းငယ်နောက်ကျနေခဲ့တယ်။
ရှုစန်းရှီအနေနဲ့ကတော့ ပေ့ပေ့ရဲ့စကားတွေက အကြီးအကဲရွှမ်ကို ဒေါသထွက်သွားစေခဲ့တယ်လို့ ယုံကြည်နေဆဲပါ။
” မင်းအဆူခံရမှာကို စောင့်နေလိုက်တော့ ”
သူပြောလိုက်ပါတယ်။
ပေ့ပေ့က အခုအချိန်မှာတော့ မပြုံးနိုင်တော့ပါဘူး။ အဲ့ဒီအစား အညှာအတာကင်းတဲ့စကားတွေကိုသာ ပြောလာခဲ့ပါတော့တယ်။
” ငါအဆူခံရတာနဲ့ ကျန်းနန်နန်ကို ငါပြောလိုက်မယ် ..မင်းက ယောကျ်ားတွေကိုပဲကြိုက်တဲ့ကောင် မင်းသူ့နောက်ကိုဒီလိုမျိုး လိုက်နေတယ်ဆိုတာ မင်းရဲ့တကယ်စိတ်အစစ်အမှန်ကို ဖုံးကွယ်ထားချင်လို့ပဲ ”
” မင်းနှမကြီးကိုသွားပြောပါလား ”
ရှုစန်းရှီနဲ့ မျက်နှာကတော့ နီရဲလို့သွားခဲ့ပါပြီ။ ပေ့ပေ့ကတော့ သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်နေရင်းနဲ့ တစ်ခွန်းသာပြန်ဖြေပါတယ်။
” ငါမှာဘာနှမမှမရှိဘူး ”
အကြီးအကဲရွှမ်ကတော့ ခေါင်းကဆံပင်တွေကိုထိုးဖွနေရင်း သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ပါတယ်။
” မင်းတို့နှစ်ယောက် နောက်ထပ် ပေါက်ကရတွေထပ်ပြီးပြောနေဦးမယ်ဆိုရင် မင်းတို့တွေကိုယ်ထမင်းကိုယ်မစားနိုင်တော့အထိ ငါမင်းတို့ကို ရိုက်ပြစ်ရလိမ့်မယ် ”
မာရှောင်ထောင့်က ရယ်မောလိုက်ပါတယ်။
” အကြီးအကဲရွှမ် တကယ်ကိုအခြေအနေကောင်းနေတာပဲ ဒါပေမယ့် ကျွန်မတို့လူစုရဲ့ စိတ်အခြေအနေကတော့ တကယ်မလွယ်ကူဘူး…သူတို့တွေက အရမ်းငယ်ရွယ်လွန်သေးတယ်လေ ဒါကြောင့် ဒီလိုဖြစ်နေတာ ဘယ်ဆန်းမလဲ ကျောင်းတော်ကိုပြန်ရောက်ရင်း အားလုံးပြန်လည်သုံးသပ်ဖို့အတွက် လုပ်ငန်းဆောင်တာတစ်ခုကို ချမှတ်ပေးဖို့အကြံပြုချင်ပါတယ် ”
” ငါက အပြည့်အ၀ကို ကောင်းနေသေးတယ်.”
ပေ့ပေ့နဲ့ ရှုစန်းရှီနှစ်ယောက်စလုံးက အော်လိုက်မိကြပါတယ်။
မာရှောင်ထောင့်ကတော့ စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။
” နင်တို့နှစ်ယောက်အကြောင်း ငါပြောမိလို့လား ငါက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုပြောနေတာ ဘာတွေကြောက်နေကြတာလဲ ဒီနေရာမှာဘာမှထပ်မရှိနေဘူး ”
ရှုစန်းရှီက ပေ့ပေ့ကို တွန်းထိုးနေရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ဒါတွေအားလုံးမင်းကြောင့်ပဲ ငါရဲ့ဂုဏ်သိက္ခာကသွားပါပြီ ”
ကျန်းနန်နန်က ပြောလာခဲ့ပါတယ်။
” နင်မှာဂုဏ်သိက္ခာဆိုတာရောကျန်သေးလို့လား ”
ရှုစန်းရှီရဲ့နားကြားက မလွဲခဲ့ပါဘူး။
” နန်နန် အဲ့ဒီလိုမဟုတ်ပါဘူး အဲ့ဒီအချိန်မှာ ငါက ”
” နင်ဘာလုပ်ချင်လို့လဲ ”
ကျန်းနန်နန်က ရုတ်တရက်ဆိုသလို သူ့ကိုမျက်စောင်းထိုးလိုက်ပါတော့တယ်။ သူ့ရဲ့ဓားသွားလိုအကြည့်က ရှုစန်းရှီကို တစ်ချက်တုန်သွားစေခဲ့တယ်။ သူလဲ ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားခဲ့ပါပြီ။ အမှန်တရားရဲ့ဘက်တော်သားကြီးတစ်ယောက်လိုပုံစံနဲ့အတူ သတ်မယ်ဆိုရင်တောင်မှ ဘာမှမပြောနိုင်ဘူးဆိုတဲ့ ပုံစံအနေအထားနဲ့သာ သူရပ်နေပါတော့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကတော့ စိတ်ထဲမှာသေလောက်အောင် ရယ်ချင်နေပေမဲ့ ဒီနေရာမှာရှိနေသူတွေအားလုံးက အတန်းကြီးတွေဖြစ်နေခဲ့တာကြောင့် ထရယ်ဖို့ကမသင့်တော်ခဲ့ပါဘူး။ ဒါကြောင့် သူတို့တွေဗိုက်အောင့်လာတဲ့အထိသာ အတင်းမျက်နှာသေကြီးတွေနဲ့ တောင့်ခံထားရပါတော့တယ်။
၀မ်သုန့်က ခပ်တိုးတိုးပြောလာခဲ့တယ်။
” အစ်ကိုကြီးရှုနဲ့ အစ်မကြီးကျန်းတို့ရဲ့ကြားမှာကိစ္စတစ်ခုခုကတော့ အကြီးကြီးရှိနေပြီ ”
ရုတ်တရက်ဆိုသလို ပတ်၀န်းကျင်ရဲ့အပူရှိန်လျော့ကျသွားတာကို အားလုံးခံစားလိုက်ရပါတော့တယ်။ သတ်ဖြတ်လိုစိတ်အပြည့်နဲ့ အရှိန်အ၀ါဆိုတဲ့ ဖိနှိမ့်မှုကြီးက သူတို့အားလုံးကိုပါးစပ်ပိတ်သွားစေခဲ့ပါပြီ။ ဒီသတ်ဖြတ်လိုစိတ်က ရုတ်တရက်ပေါ်ထွက်လာတာကြောင့် ကျင့်ကြံဆင့်နှိမ့်တဲ့ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လိုလူတွေကို ချက်ချင်းဆိုသလို တောင့်တင်းသွားစေခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့တခဏတာသာ ကြာမြင့်ပြီတဲ့နောက် ပျောက်ကွယ်လို့သွားခဲ့တယ်။
အကြီးအကဲရွှမ်ကတော့ ဘာကိုမှမကြားခဲ့သလို မမြင်ခဲ့တဲ့အတိုင်းသာ ပြုမူနေပြီ ရုတ်တရက်စကားပြောလာခဲ့တယ်။
” ငါတို့တွေ ကျောင်းတော်နဲ့သိပ်မဝေးသေးဘူး ဒီတော့ပြောရမဲ့ကိစ္စတွေ ရှိနေတယ်…အကြိုအဖွဲ့ရဲ့ ခုနှစ်ယောက်က ငါစကားကိုကောင်းကောင်းနားထောင်ကြ ဒီကိစ္စကြီးက မင်းတို့အနာဂတ်မှာ ကျောင်းတော်နဲ့ပတ်သက်ပြီ ရွေးချယ်ရမဲ့ကိစ္စတွေနဲ့ လုံး၀ကိုသက်ဆိုင်နေတယ် ”
အကြီးအကဲရွှမ်ရဲ့ ပုံမှန်အနေအထားကသိပ်ပြီ အေးဆေးတဲ့သူမဟုတ်ပါဘူး။ သူဒီလောက်အထိ အလေးအနက်ပြုမူနေတာကို အားလုံးမြင်ဖူးတာပထမဆုံးအကြိမ်ပါ။ ဟို့ယွိဟောင်နဲ့ တခြားကျန်တဲ့ခြောက်ယောက်စလုံးလဲ နှလုံးသားတွေအေးစက်လာတာကို ခံစားလိုက်မိပါတော့တယ်။ သူတို့တွေ အရင်တုန်းက ရယ်ချင်စိတ်တွေလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ အကြီးအကဲရွှမ်ကိုသာ အလေးအနက်အာရုံစိုက်နေကြပါတော့တယ်။
အတွင်းနယ်မြေရဲ့ ခုနှစ်ယောက်ကတော့ အကြီးအကဲရွှမ်ဘာပြောတော့မလဲဆိုတာကို သိနေခဲ့ကြသလိုပါပဲ။ သူတို့အနေနဲ့လဲ တင်းမာနေတဲ့မျက်နှာထားတွေနဲ့ ရှိနေခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်အောင်ထူးခြားနေတဲ့ မောက်မာမှုတွေကလဲ သူတို့မျက်နှာပေါ်မှာ အထင်သားပေါ်နေခဲ့ပါတယ်။
အကြီးအကဲရွှမ်က ဆက်ပြီပြောလာခဲ့ပါပြီ။
” ငါတို့ရဲ့ အမျက်ဒေါသကျောင်းတော်က တည်ရှိနေခဲ့တာ နှစ်ပေါင်းတစ်သောင်းကျော်သွားခဲ့ပြီ ပုံမှန်အခြေအနေတွေမှာ အင်အားကောင်းတဲ့၀ိညာဥ်ပညာရှင်တွေက အနည်းဆုံးနှစ်နှစ်ရာသက်တမ်းအထိကို နေထိုင်ကြတယ်..တချို့တွေကတော့ ပိုပြီး အသက်ရှည်နေတာပေါ့ ဒါ့အပြင် အတွင်းနယ်မြေထဲကို ၀င်ရောက်လာတဲ့ကျောင်းသားတွေကလဲ နှစ်တိုင်းနှစ်တိုင်းပိုများလာတယ်…ဒါပေမယ့် အတွင်းနယ်မြေရဲ့ကျောင်းသားအရေအတွက်စုစုပေါင်းက ဘယ်တုန်းကမှ လူတစ်ရာကိုမရောက်ရှိခဲ့ဖူးဘူး…ဘာကြောင့်အဲ့ဒီလိုဖြစ်လဲ မင်းတို့သိကြလား ”
” အတန်းကြီးကျောင်းသားတွေက ကျောင်းတော်ကို ပြီးမြောက်အောင်မြင်သင်ကြားသွားလို့ ဟုတ်တယ်ဟုတ် ”
ရှုစန်းရှီက ပြောလာခဲ့ပါတယ်။
အကြီးအကဲရွှမ်က ခေါင်းခါလိုက်တယ်။
” မင်းပြောတာတစ်၀က်ပဲမှန်တယ်…အတွင်းနယ်မြေရဲ့ ကျောင်းတော်သားတွေထဲမှာ တချို့ကပဲကျောင်းပြီအောင် သင်ကြားပြီတဲ့နောက် ကျောင်းတော်ကနေ ထွက်ခွာကြတယ်…အခုငါပြောချင်တာက ကျောင်းတော်ရဲ့စာသင်နှစ်ကိုမပြီးမြောက်သေးတဲ့ကျောင်းသားတွေအကြောင်းပဲ ”
အဲ့ဒီနောက် အကြီးအကဲရွှမ်ရဲ့ အသံထဲမှာ၀မ်းနည်းမှုတချို့က ပါ၀င်လာပါတော့တယ်။
” သူတို့တွေအားလုံးက တကယ်ကို ထူးချွန်ကြတဲ့ကလေးတွေပါ ကျောင်းတော်ရဲ့စာသင်နှစ်တွေကိုပြီးဆုံးတဲ့အထိ မသင်ကြားနိုင်ရင်တောင် သူတို့ရဲ့ နာမည်တွေက ကျောင်းတော်ရဲ့မှတ်တမ်းစာရင်းထဲမှာ တည်ရှိနေတုန်းပဲ ဒါ့အပြင် ကျောင်းတော်ရဲ့ တာ၀န်တွေအားလုံးကို သူတို့ရဲ့ကိုယ်ပိုင်ကိစ္စတွေလိုမျိုး သေချာစိတ်နစ်ပြီတာ၀န်ထမ်းဆောင်ခဲ့ကြတဲ့သူတွေ သူတို့အနေနဲ့ ကျောင်းတော်ကနေ မပြီးမြောက်နိုင်တာ အင်အားမရှိကြလို့မဟုတ်ဘူး..ကျောင်းတော်ရဲ့တာ၀န်တွေကို ထမ်းဆောင်ရင်းသေဆုံးကုန်ကြလို့ပဲ ”
” အမှန်တကယ်တော့ အတွင်းနယ်မြေထဲကို ၀င်နိုင်ဖို့အတွက် အရည်အချင်းပြည့်မီတဲ့ကျောင်းသားတွေက အများကြီးရှိနေတယ်..ဒါပေမယ့် တော်တော်များများက အပြင်နယ်မြေသင်ကြားမှုကို ပြီးဆုံးတာနဲ့ ကျောင်းတော်ကနေ ထွက်သွားဖို့သာရွေးချယ်ကြတယ်..ကျောင်းတော်ရဲ့အတွင်းနယ်မြေထဲကို ၀င်ရောက်တယ်ဆိုတာက မင်းတို့အနေနဲ့ ပိုပြီး ကောင်းမွန်တဲ့သင်ကြားမှုကို ရရှိပြီပိုကောင်းတဲ့ အရာတွေကိုလက်ခံရမယ်လို့ ဆိုလိုလို့ပဲ အတွင်းနယ်မြေကို ၀င်ရောက်မှုက မင်းတို့လက်ခံရရှိမဲ့ တာ၀န်တွေလဲအရမ်းကို သိသိသာသာကြီးမားလာလိမ့်မယ်လို့သာ ဆိုလို့တာ အတွင်းနယ်မြေထဲကို မ၀င်ဖို့ရွေးချယ်တဲ့ကျောင်းသားတွေအနေနဲ့ ဒီတာ၀န်ကြီးကို မထမ်းဆောင်နိုင်ဘူးလို့ အတိအလင်းအသိအမှတ်ပြုလိုက်ကြတာပဲ အဲ့ဒီလျှို့၀ှက်ချက်ကို ထိန်းသိမ်းဖို့အတွက် သဘောတူပြီတဲ့နောက် သူတို့ထွက်ခွာသွားခဲ့တယ် ”
” ကျောင်းတော်က ကျောင်းသားတွေအားလုံးရဲ့ ဆုံးဖြတ်ချက်ကိုလေစားကြတယ်…ဒါပေမယ့် အတွင်းနယ်မြေထဲကို ၀င်ရောက်ပြီ သင်ကြားဖို့အတွက်ရွေးချယ်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းက သူရဲကောင်းတွေလို့ပဲ ငါပြောချင်တယ်…ကျောင်းတော်ရဲ့သူရဲကောင်းတွေမဟုတ်ဘူး..သော့်လော့တိုက်တစ်ခုလုံးရဲ့ သူရဲကောင်းတွေပဲ ”
ငယ်ရွယ်တဲ့ဟို့ယွိဟောင်နဲ့ တခြားကျောင်းတော်သားတွေအတွက် သူရဲကောင်းဆိုတဲ့စကားက အတော်လေးကို မရင်းမနှိီးဖြစ်နေခဲ့ပါသေးတယ်။ ဒါပေမယ့် အကြီးအကဲရွှမ်ရဲ့ ပါးစပ်ကနေ ထွက်လာခဲ့ချိန်မှာတော့ ကြီးမားတဲ့ဖိအားတွေကို သူတို့ခံစားမိလိုက်ရတော့တယ်။
အကြီးအကဲရွှမ်က အလေးအနက်ဆက်ပြီရှင်းပြနေခဲ့ပြန်ပါပြီ။
” မင်းတို့အနေနဲ့ အကြိုအဖွဲ့ရဲ့ အဖွဲ့၀င်တွေဖြစ်လာပြီဆိုမှတော့ သေချာပေါက် အတွင်းနယ်မြေထဲကို ၀င်ရောက်ဖို့အတွက် ခြေလှမ်းတစ်လှမ်းကို စတင်ပြီသားဖြစ်နေပြီ ဒါကြောင့် မင်းတို့အနေနဲ့ ဒီသိထားသင့်တဲ့ကိစ္စတွေကို ဆက်ပြီ မျက်ကွယ်ပြုထားလို့မဖြစ်နိုင်ဘူး…ဒါပေမယ့် ငါတို့ကျောင်းတော်နယ်မြေကနေ မထွက်ခွာခင်အချိန်မှာ ကျောင်းတော်ရဲ့၀န်ထုတ်၀န်ပိုးတွေကို မင်းတို့အနေနဲ့ကူပြီ ထမ်းရွက်ပေးနိုင်မလားဆိုတဲ့ကိစ္စကို ငါအတည်ပြုချင်တယ်..အကယ်၍ မင်းတို့ဒါတွေကိုလက်မခံချင်ဘူးဆိုရင်လဲ ကျောင်းတော်ကိုပြန်ပြီ နေလို့ရတယ်…ဘယ်သူကမှ မင်းတို့ကိုအပြစ်တင်မှာမဟုတ်ဘူး..စာသင်ကြားမှုတွေကို အေးအေးဆေးဆေး ပြီးမြောက်အောင်လုပ်ရင်း အပြင်နယ်မြေကနေ အသိအမှတ်ပြုမှုကို ရရှိနိုင်တယ်..ဒါ့အပြင် အတွင်းနယ်မြေနဲ့ အပြင်နယ်မြေထဲမှာ ပြောစရာကိစ္စကလဲ ကွာခြားချက်အများကြီးမရှိဘူး..အတွင်းနယ်မြေရဲ့ တပည့်သားတွေအားလုံးတူညီတဲ့အချက်က များပြားတဲ့တာ၀န်တွေနဲ့ လုပ်ဆောင်ရမဲ့လုပ်ငန်းတွေ ရှိနေတာပဲ အကယ်၍ မင်းတို့သာ ပြန်ဖို့ရွေးချယ်လိုက်မယ်ဆိုရင် ကျောင်းတော်ကနေထွက်ခွာဖို့ရွေးချယ်ခဲ့တဲ့ ကျောင်းသားတွေလိုမျိုး တူညီတဲ့လျှို့၀ှက်ချက်ကို မင်းတို့ထိန်းသိမ်းရလိမ့်မယ်..ဒါကိုလုပ်နိုင်မှာလား ”
ဟို့ယွိဟောင်နဲ့ တခြားခုနှစ်ယောက်စလုံးလဲ အကြီးအကဲရွှမ်ထုတ်ဖော်ပြသတော့မဲ့ လျှို့၀ှက်ချက်က အရမ်းကိုကြီးမားနေမယ်လို့ မခံစားမိတဲ့အတွက် သူတို့တွေ ချက်ချင်းဆိုသလို ပြန်ဖြေလိုက်မိတယ်။
” ဟုတ်ကဲ့ပါ ”
အကြီးအကဲရွှမ်က ဆက်ပြောလာခဲ့ပြန်ပါတယ်။
” သော်လော့တိုက်ရဲ့ မူလအခြေအနေက အရမ်းကို ကြီးမားတယ်..နေလတိုက်နဲ့ တိုက်မိတာတွေ ပေါင်းစည်းတာတွေ လုပ်ပြီတဲ့နောက် ပိုပြီးတော့တောင် ကြီးမားလာသေးတယ်..နိုင်ငံတော်ကြီးလေးခုထဲမှာ နေလနိုင်ငံတော်က နယ်မြေပိုင်ဆိုင်မှုအများဆုံးပဲ ဒါ့အပြင် သူတို့နယ်မြေကနေ ထွက်ရှိတဲ့သတ္ထုနဲ့အရင်းအမြစ်တွေကလဲ များပြားပြီ ကြွယ်၀လွန်တယ်..ဒါပေမယ့် သူတို့တွေက ငါတို့အတွက်တော့ ပြင်ပလူတွေဖြစ်နေတုန်းပဲ နှစ်ပေါင်းထောင်ချီကြာပြီတာတောင် သော့်လော့တိုက်ရဲ့ နိုင်ငံတော်သုံးခုနဲ့လုံး၀ကို လိုက်လျောညီထွေးမဖြစ်နိုင်သေးဘူး..ငါတို့လဲ သူတို့ရဲ့ တည်ရှိမှုကို တကယ်လက်မခံနိုင်ကြဘူးလေ ဒါကြောင့်သာ သူတို့ကို ပြန်တိုက်ခိုက်ဖို့အတွက် အားလုံးစုပေါင်းပြီမှ မဟာမိတ်တစ်ခုဖွဲ့ထားခဲ့တယ်..သော့်လော့တိုက်မှာဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေက ကြီးမားတာမျိုးမရှိပေမဲ့ ပဠိပက္ခာတွေကတော့ ရှိနေတုန်းပဲ အကယ်၍ ဒီပဠိပက္ခာတွေသာ ပုံမှန်နယ်မြေအခြေအနေတွေမှာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင် ပျက်စီးမှုက မကြီးမားနိုင်ဘူး..ဒါပေမယ့် ၀ိညာဥ်ပညာရှင်တွေရဲ့ ပဠိပက္ခာတွေကတော့ တစ်ခုပဲဖြစ်ပါစေ မတူညီပဲကွာခြားသွားလိမ့်မယ် ”
” ၀ိညာဥ်ပညာရှင်တွေအားလုံးက ကြင်နာတတ်တဲ့သူတွေမဟုတ်ဘူးလေ ကိုယ်ပိုင်အင်အားကြောင့် မောက်မာမာန်တတ်ပြီ ကိုယ့်ကျိုးကိုယ်ပဲ လုပ်ဆောင်နေတဲ့လူတွေက အများကြီးရှိနေသေးတယ်…ဒါ့အပြင် သူတို့တွေက မိုးအောက်မြေပြင်နံပါတ်တစ်ပညာရှင်တွေ ဖြစ်နေခဲ့ရင်တော့ ပိုပြီးကြောက်စရာကောင်းတာပေါ့ ရလဒ်အနေနဲ့ သူတို့ရဲ့ယုတ်မာလွန်တဲ့အကြံအစည်တွေကလဲ အရမ်းကိုကြီးကြီးမားမားရှိပြီ သက်ရောက်မှုကလဲ ပြင်းထန်လွန်လှတယ်..ဒါ့အပြင် သာမန်လူတွေအတွက် ကြီးမားတဲ့ အပျက်အစီးတွေကို သူတို့က ဖြစ်ပေါ်စေနိုင်တယ်…ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို လုပ်နေတဲ့၀ိညာဥ်ပညာရှင်တွေက နေ့စဥ်ရက်စက်ပိုပိုပြီး များလာနေတာ တကယ်ကိုကြောက်စရာကောင်းတဲ့ကိစ္စပဲ မကြာခဏဆိုသလို ပါရမီရှိပြီ သန်မာတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်က အဖျက်စွမ်းအားပြည့်၀တဲ့နယ်မြေကို ရောက်ရှိသွားမယ်ဆိုရင် သူ့အနေနဲ့မကောင်းတဲ့မိစ္ဆာလမ်းစဥ်ထဲကို ကျရောက်လို့သွားတော့တာပဲ သူ့ကိုဧည့်ခံကျွေးမွေးတဲ့အစားအသောက်တွေက အဆင့်မမီလောက်ဘူးဆိုပြီ ရွာတစ်ရွာလုံးကိုသတ်ဖြတ်ပြစ်ခဲ့တဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်တော့ ရှိခဲ့ဖူးတယ်..ဘာကြောင့် အဲ့ဒီလိုတွေ ဖြစ်လာရတာလဲ ၀ိညာဥ်ပညာရှင်တွေဆိုတာက သာမန်လူတွေထက် အင်အားအရာမှာအများကြီးသာလွန်နေတာကြောင့်ဖြစ်သလို သူတို့အနေနဲ့ ကန့်သတ်ချက်မဲ့ပြီ ထိန်းချုပ်နိုင်သူတွေ မရှိသလောက်ဖြစ်နေတာကြောင့်လဲ ပါတာပေါ့ ”
” ငါတို့အမျက်ဒေါသကျောင်းတော်က အမြဲတမ်းမှန်ကန်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ကိုယ့်ကိုကိုယ်သတ်မှတ်မထားဘူး….ဒါ့ပေမယ့် အဲ့ဒီလိုမျိုး သာမန်လူတွေကို ထိခိုက်စေတဲ့ကိစ္စတွေကိုလဲ ခွင့်ပြုထားစေဖို့ စိတ်ကူးမရှိဘူးလေ လွန်ခဲ့တဲ့နှစ်ပေါင်းခြောက်ထောင်လောက်မှာ ကျောင်းတော်က အပြင်နယ်မြေနဲ့ အတွင်းနယ်မြေကို ခွဲထုတ်ပြစ်လိုက်တယ် ”
အပိုင်း ၆၈•၂ ပြီး၏။