အပိုင်း ၆၆•၃
” အနိုင်ရရှိမှု ”
°°°
ဒါကြောင့် မာရှောင်ထောင့်အနေနဲ့ သူတို့တွေ ထိပ်တိုက်တိုက်ခိုက်ချိန်မှာ မကြာခင်အချိန်အဆုံးသတ်တော့မှာကို သိနေခဲ့တယ်။ မိုးခြိမ်းသံလိုဟိန်းဟောက်မှုနဲ့အတူ ရုတ်တရက်ဥက္ကာပျံမိုးရွာသွန်းမှုက ရပ်တန့်လို့သွားပါတော့တယ်။ မာရှောင်ထောင့်ရဲ့ခန္ဓာကိုယ်ကလဲ တန်ပြန်ရိုက်ခတ်မှုကို ခံစားနေခဲ့ရပါပြီ။ လက်ရှိအချိန်မှာ ထိုက်ယွဲ့ဟန်က သူရဲ့ ပထမ တတိယ ပဥ္စမ၀ိညာဥ်စွမ်းရည်တွေကို အသုံးပြုလို့ထားခဲ့ပါတယ်။ ဒီစွမ်းရည်တွေအားလုံးကလဲ ကျားဖြူဒိုင်းကာ ကျားဖြူပုံစံပြောင်းမှုနဲ့ ကျားဖြူနတ်ဆိုးနတ်ဘုရားအသွင်ပြောင်းမှုတွေပါ။ သူ့ခန္ဓာကိုယ်ကို အားကောင်းစေတဲ့ပြောင်းလဲမှုတွေကြီးပါပဲ။
မာရှောင်ထောင့်က လုံး၀တော့မရှုံးနှိမ့်သေးပါဘူး။ တိုက်ခိုက်ချိန်မှာ သူမကစတုတ္ထစွမ်းရည်ကို အသုံးပြုလိုက်ပါတယ်။ ဒါကြောင့် နောက်ဖက်ကိုလွှင့်ထွက်သွားခဲ့ပြီ အနည်းငယ်ဒဏ်ရာရသွားပေမဲ့ သူမရဲ့ စတုတ္ထစွမ်းရည်ကြောင့် ထိုက်ယွဲ့ဟန်ရဲ့ အသန်မာဆုံးစွမ်းရည်ကို နှောင့်ယှက်နိုင်ခဲ့ပါတယ်။
ထိုက်ယွဲ့ဟန်ရဲ့ ခန္ဓာကိုယ်ဘေးပတ်လည်မှာ အနီရောင်မီးကွင်းကြီးတစ်ကွင်းက လှည့်ပတ်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် ယောင်ဟောက်ရွှမ်ရဲ့ အားပေးထောက်ပံ့မှုကို ဖြတ်တောက်ပြစ်လိုက်ပါတော့တယ်။ ထိုက်ယွဲ့ဟန်ရဲ့တစ်ကိုယ်လုံးက ထုံထိုင်လို့သွားခဲ့ပြီ ၀ိညာဥ်စွမ်းရည်တွေကို ထပ်မသုံးနိုင်တော့ပါဘူး။ ဒီအခြေအနေက အချိန်ခဏတာသာ ကြာပါတယ်။ လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်က အားကောင်းတဲ့ခန္ဓာကိုယ်အသွင်ပြောင်းမှု နည်းလမ်းသုံးခုမှာရောက်ရှိနေခဲ့တာပါ။ ဒီတစ်ကြိမ်မှာပဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ တောက်ပနေတဲ့ရွှေရောင်လမ်းက သူတို့ရဲ့ပစ်မှတ်ကိုတိတိကျကျ ၀င်တိုက်မိပါတော့တယ်။ မာရှောင်ထောင့် နောက်လွှင့်ထွက်သွားချိန်မှာပဲ ကြီးမားတဲ့မျက်လုံးကြီးက သူမရပ်နေခဲ့တဲ့နေရာမှာ ပေါ်လာခဲ့တာပါ။ ဒါ့အပြင် ရွှေရောင်အလင်းတန်းတွေကလဲ ပတ်ပတ်လည်မီတာငါးဆယ်အထိကို ဖုံးလွှမ်းလို့သွားခဲ့ရင်း နယ်မြေတစ်ခွင်မှာ ရွှေရောင်လမ်းကြီးကိုဖန်တီးလိုက်ပါတယ်။
အားနည်းနေတဲ့ ထိုက်ယွဲ့ဟန်ကတော့ ရွေးချယ်စရာမရှိတော့ပဲ တိုက်ခိုက်မှုကို ထပ်တိုက်ရင်ဆိုင်ရပါပြီ တစ်ချိန်ထဲမှာ ရွှေရောင်အလင်းတန်းက သူ့ကိုဖြတ်သန်းသွားလာခဲ့ပါတယ်။ ဒါ့အပြင် မာရှောင်ထောင့်ရဲ့ နောက်ဆုံးမီးလျှံကိုမြိုချနေတဲ့ ယောင်ဟောက်ရွှမ်ကလဲ ထိုက်ယွဲ့ဟန်ရဲ့အနောက်တည့်တည့်မှာ တိုက်ရိုက်ရှိနေခဲ့တာပါ။ ဒါကြောင့် သူလဲရွှေရောင်လမ်းရဲ့ တိုက်ခိုက်မှုကိုခံစားလိုက်ရပါတယ်။ ရွှေရောင်လမ်းက သူတို့နှစ်ယောက်ကိုထိမိပြီချိန်မှာ နှစ်ယောက်စလုံးက ရွှေရောင်ရုပ်ထုကြီးတွေ ဖြစ်သွားခဲ့ရပါပြီ။
မိုးခြိမ်းသံလိုပေါက်ကွဲမှုတွေကလဲ တစ်ခုပြီတစ်ခု ထွက်ပေါ်လာပါတော့တယ်။ ပေ့ပေ့က ချန်ကျစ်ဖုန်းဆီကို သူ့ရဲ့အပြာရောင်လျှပ်စီးတန်းတွေနဲ့အတူ ပြေး၀င်လို့သွားပါတယ်။ အကယ်၍ သူတစ်ယောက်ထဲနဲ့သာ တိုက်ခိုက်မယ်ဆိုရင် ချန်ကျစ်ဖုန်းကို ရင်ဆိုင်နိုင်ဖို့က အရမ်းခက်ခဲလွန်လှတယ်။ ဒါပေမယ့် လက်ရှိအချိန် ကြောက်စရာကောင်းလွန်လှတဲ့ လျှပ်စီးတန်းတွေက သူ့ဘေးမှာရှိနေခဲ့ပါတယ်။ ထိုက်ယွဲ့ဟန်လိုလူမျိုးတောင် ရှီးရှီးရဲ့တိုက်ခိုက်မှုကို ကြောက်လန့်ရမှာပါ။ ချန်ကျစ်ဖုန်းလို လူမျိုးကတောင် စကားထဲထည့်ပြောဖို့တောင် မလိုအပ်ပါဘူး။ လက်ရှိအချိန်မှာ သူ့အနေနဲ့ သူတို့ကို မရှောင်ရှားနိုင်ပဲ ရှိနေခဲ့ပါတယ်။
မီးလျှံငှက်ရဲ့ အော်သံအောက်မှာ မာရှောင်ထောင့်က လေထဲကိုလိမ့်ချလိုက်ပါတယ်။ ချက်ချင်းဆိုသလို အတောင်ပံတွေကို ဖွင့်လိုက်ရင်း ထိုက်ယွဲ့ဟန်ဆီကို နောက်တစ်ကြိမ် ပြေး၀င်လို့သွားခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာယောင်ဟောက်ရွှမ်ရဲ့ ရွှေရောင်ရုပ်ထုကြီးဘေးပတ်လည်တစ်ခုလုံးကို တောက်ပတဲ့အလင်းတန်းတွေက ဖုံးလွှမ်းလို့သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ရွှေရောင်လမ်းက မျဥ်းဖြောင့်တစ်ကြောင်းထဲအတိုင်း တိုက်ခိုက်မှသာ အစွမ်းသတ္တိကိုပြနိုင်မှာပါ။ ဒါ့အပြင် စွမ်းအားအမြင့်ဆုံးလဲ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ထိုက်ယွဲ့ဟန်ရဲ့ခန္ဓာကိုယ်ကတော့ နှစ်စက္ကန့်အတွင်းမှာတင် ပုံမှန်အနေအထားကို ပြန်ဖြစ်သွားခဲ့ပါပြီ။ ဒါကတော့ အပြင်ပိုင်းကပါပဲ။ သူ့ရဲ့ကျားဖြူသိုင်းပညာ၀ိညာဥ်ကိုတော့ လက်ရှိအချိန်မှာ အသုံးပြုနိုင်စွမ်းမရှိသေးပါဘူး။
ယောင်ဟောက်ရွှမ်လဲ အတူတူပါပဲ။ လက်ရှိအချိန် သူက အခြေအနေပိုဆိုးပါတယ်။ မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲလို့သွားခဲ့ပြီ လုံး၀အားနည်းသွားသလိုဖြစ်နေတဲ့ သူ့ဆီကိုဟယ့်ချိုက်ထို့က ပြေး၀င်လာခဲ့ပါတယ်။
ရလဒ်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဒီတစ်ကြိမ်မှာထိုက်ယွဲ့ဟန်က လွှင့်ထွက်လို့သွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာတွေအပြည့်နဲ့ ယောင်ဟောက်ရွှမ်ကလဲ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်လက်နက်တွေကို ရင်ဆိုင်တိုက်ခိုက်နေရပြီ အကြီးအကဲရွှမ်က သူ့ကိုပြန်ဆွဲထုတ်လိုက်ရပါတယ်။
မာရှောင်ထောင့်ကတော့ သိပ်ပြီး လိုက်မဖမ်းခဲ့ပါဘူး။ ထိုက်ယွဲ့ဟန်ကိုကြည့်ရင်း ချန်ကျစ်ဖုန်းဘက်ကို လှည့်သွားခဲ့ပြီ တစ်ခွန်းသာပြောလိုက်တယ်။
” ရှုံးတာကို၀န်ခံကြ ”
မူလအချိန်မှာ ရှီးရှီးနဲ့ ပေ့ပေ့ရဲ့တိုက်ခိုက်မှုအောက် အတော်လေးကို အရေးနှိမ့်နေခဲ့တဲ့ ချန်ကျစ်ဖုန်းလဲ လက်ရှိအချိန်မှာ အဖွဲ့ထဲကျန်ရစ်တဲ့သူတစ်ယောက်ထဲ ဖြစ်နေခဲ့ပါပြီ။ ဆက်တိုက်တောင့်ခံနေဖို့ ဘယ်လိုအကြောင်းအရင်းများ ရှိနေဦးမှာလဲ။ ဒါကြောင့် သူ့အနေနဲ့လဲ နောက်ဆုံးမှာတိုက်ပွဲကို အဆုံးသတ်လိုက်ရပါတော့တယ်။
တိုက်ပွဲကတော့ ကြောက်စရာကောင်းတဲ့ အနိုင်ရရှိမှုပါပဲ။ မာရှောင်ထောင့်ဖက်မှာ ဘယ်သူကမှ မထွက်ခွာခဲ့ရပါဘူး။ ထိုက်ယွဲ့ဟန်တို့အဖွဲ့တစ်ခုလုံးကတော့ နှိမ်းနင်းခံလိုက်ရပါတယ်။
ထိုက်ယွဲ့ဟန်က ဒဏ်ရာမရခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ကို ကန်ထုတ်ချိန်မှာ မာရှောင်ထောင့်က သက်ညှာလိုက်လို့ပါ။ သူ့အနေနဲ့လဲ ရှုံးနှိမ့်သွားတာကို နားလည်ပြီချိန်မှာတော့ အံ့ဩနေခဲ့သလို နားမလည်နိုင်အောင်လဲ ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကိုကြည့်ရင်း အတော်လေးကို အံ့အားသင့်နေခဲ့ပါတယ်။
သူတို့တွေဘယ်လိုလုပ်ရှုံးနှိမ့်သွားတာလဲ သေချာပေါက် တစ်ယောက်ချင်းဆီရဲ့ စွမ်းအားအရ အားသာချက်ရှိနေခဲ့တာပါ။ အဓိကအဖွဲ့ရဲ့ လူလေးယောက်စလုံးက သနားစရာကောင်းလောက်အောင်ရှုံးသွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ရှုံးနှိမ့်မှုကလဲ ရန်သူအဖွဲ့ရဲ့အဓိကလူတွေကြောင့် မဟုတ်ခဲ့ပါဘူး။ သူ့အနေနဲ့ အသန်မာဆုံးသူတွေထဲက မာရှောင်ထောင့်ကို တိုက်ခိုက်ဖို့အစီအစဥ်ချထားပြီးပြီသားပါ။ ဒါပေမယ့် ဟို့ယွိဟောင် ၀မ်သုန့် ပေ့ပေ့နဲ့ ဟယ့်ချိုက်ထို့တို့ရဲ့စွမ်းအားက သူတို့ထင်ထားထက် အများကြီးကျော်လွန်နေခဲ့ပါတယ်။
မာရှောင်ထောင့်က အနိုင်ရရှိမှုရဲ့ အဓိကအချက်အခြာဖြစ်နေခဲ့ပေမဲ့ သူ့အဖွဲ့ရဲ့သုံးယောက်က သိပ်ပြီးတောင် တောင့်မခံနိုင်ခဲ့ကြပါဘူး။ ဒါ့အပြင် အထူးသဖြင့် လင်းလော့ချန်က စွမ်းရည်ကိုထုတ်မသုံးနိုင်ပဲဖြစ်သွားခဲ့ရတယ်။
ကောင်းကင်မှာရှိနေခဲ့တဲ့ အကြီးအကဲကတော့ သူကယ်တင်ထားတဲ့ ကျောင်းသားတွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။
” မြန်မြန်လေး အရှုံးသမားတွေအပြစ်ပေးမှုကို လက်ခံကြ ”
အဲ့ဒီနောက် သူပြုံးပြရင်း ပြောလိုက်ပါတယ်။
” မင်းကတော့ နောက်တစ်ခေါက် အခွင့်အရေးရမှာပါ ”
” ကျွန်တော်က၀က်ပါ ”
ထိုက်ယွဲ့ဟန်က ချက်ချင်းအော်လိုက်ပါတယ်။ မျက်နှာကတော့ တွန့်နေခဲ့ပြီ နှလုံးသားထဲမှာ အရှုံးကို၀န်မခံနိုင်ပါဘူး။ ယောင်ဟောက်ရွှမ်နဲ့ ချန်ကျစ်ဖုန်းတို့လဲ လုံး၀ရွေးချယ်စရာမရှိနိုင်ပဲ အော်ကြပါတော့တယ်။ လင်းလော့ချန်ကတော့ ဒီစကားကိုပြောချိန်မှာ ဟို့ယွိဟောင်ကို သေချာအာရုံစိုက်ကြည့်နေခဲ့တယ်။ ရှောင်းရှောင်းကတော့ အေးအေးဆေးဆေးပါပဲ။ သူ့ထက်အကြီးတွေက အော်နေမှတော့ သူဒီလိုအော်နေတာဘာမျက်နှာပျက်စရာရှိဦးမှာလဲ။
ကျန်းနန်နန်လဲ ခပ်တိုးတိုးလေး အော်ပါတယ်။ ရှုစန်းရှီကတော့ သူ့ကိုကြည့်ရင်း မျက်နှာတစ်ခုလုံးနီရဲလို့နေခဲ့တယ်။
” တကယ်ငါသဘောကျတဲ့ မိန်းကလေးပီသတာပဲ သူ့ကိုယ်သူ၀က်လို့ပြောနေတဲ့အချိန်မှာတောင် အရမ်းချစ်စရာကောင်းလိုက်တာ ”
ကျန်းနန်နန်ကတော့ သူ့ကိုမျက်စောင်းထိုးနေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ဘေးမှာရှိတဲ့ ၀မ်သုန့်ကတော့ အော်ရယ်နေခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မျက်နှာကိုထိအောင်ထားရင်း မရယ်ဖို့ထိန်းနေခဲ့ရတဲ့အတွက် ပိုပြီးရယ်ချင်စရာကောင်းနေခဲ့ပါတယ်။ သူတို့ရဲ့ အစ်ကိုကြီးရှုက ကျန်းနန်နန်ကို အရူးအမူးကြိုက်နေတာပါ။ ဒါပေမယ့် ကျန်းနန်နန်ကတော့ သူ့ကို လုံး၀အာရုံမစိုက်ဖို့ကြိုးစားနေဆဲပါပဲ။ တကယ်ကို စိတ်၀င်စားစရာကောင်းတဲ့ စုံတွဲဖြစ်နေခဲ့တာပါ။
အကြီးအကဲရွှမ်က ပြောလိုက်တယ်။
” ကောင်းပြီ မင်းတို့နှစ်နာရီနားချိန် ရမယ်..မင်းတို့ရဲ့စွမ်းရည်တွေကို မကျေနပ်သေးဘူးထင်တာကြောင့် နောက်တစ်ကြိမ်တိုက်ခိုက်ရမှာပါပဲ ”
နောက်တစ်ကြိမ် တိုက်ခိုက်ရမယ်လို့ကြားချိန်မှာ အတွင်းနယ်မြေရဲ့တပည့်သားခုနှစ်ယောက်ကတော့ ချက်ချင်းဆိုသလို ထိုင်ချရင်း၀ိညာဥ်စွမ်းအားတွေကို ပြန်ကောင်းမွန်အောင်လုပ်ဖို့ကြိုးစားကြပါတော့တယ်။ အခုတိုက်ခိုက်မှုမှာ အားလုံးက ၀ိညာဥ်စွမ်းအားတွေကို အမျိုးမျိုးအသုံးချခဲ့တာပါ။ သူတို့တွေ တရားထိုင်လိုက်ပြီ တိုက်ခိုက်စဥ်တုန်းက အချက်အလက်တွေကို ပြန်စဥ်းစားဖို့လုပ်ကြပါတော့တယ်။
ဒါကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်တို့လဲ ၀ိညာဥ်စွမ်းအားတွေကို စတင်ကောင်းမွန်အောင်လုပ်ပါတယ်။ လူတိုင်းမှာ အားကုန်တာအမှန်ဖြစ်ပေမဲ့ သူနဲ့ ၀မ်သုန့်ကတော့ အများဆုံးအားကုန်တာပါပဲ။ ဒါ့အပြင် ရွှေရောင်လမ်းကိုလဲ အသုံးချနိုင်တဲ့အတွက် တခဏတာအတွင်းတော့ ပြန်သုံးနိုင်မှာ မဟုတ်တာ အသေအချာပါပဲ။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ ရွှေရောင်လမ်းကိုအကြိမ်ကြိမ် အသုံးပြုပြီးဖြစ်တာကြောင့် သူတို့ရဲ့ပြန်လည်ကောင်းမွန်နိုင်စွမ်းကလဲ ပိုပြီး မြန်ဆန်လာခဲ့ပါပြီ။
ရွှေရောင်လမ်းကိုယ်တိုင်ကလဲ ကြောက်စရာကောင်းတဲ့ ဖျက်ဆီးနိုင်စွမ်းကို ပိုင်ဆိုင်ထားခဲ့တယ်။ ဒါပေမယ့် ကျင့်ကြံဆင့်မြင့်မားတဲ့သူတွေကို တိုက်ခိုက်ချိန်မှာ သူ့ရဲ့ ကန့်သတ်ချက်ကတော့ သိသာလွန်လှပါတယ်။ သူက တိုက်ခိုက်တဲ့နေရာမှာကော ထိန်းချုပ်တဲ့နေရာမှာကော အားကောင်းတဲ့စွမ်းရည်တစ်ခုပါ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ပြစ်ချက်တွေအများကြီးက ဖြေရှင်းပြီသားဖြစ်သွားပါတယ်။ လက်ရှိအချိန်မှာ သူတို့ရဲ့ အသန်မာဆုံးစွမ်းရည်ဆိုတာ လုံး၀သံသယရှိစရာမလိုတော့ပါဘူး။
ဒီစွမ်းရည်မရှိပဲနဲ့ သူတို့အားလုံးရဲ့စွမ်းအားက အများကြီးကျဆင်းသွားမှာလဲ ဖြစ်ပါတယ်။ ဒါပေမယ့် လုံး၀အသုံးမ၀င်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုက ၀ိညာဥ်ပညာရှင်တွေမှာရှိနိုင်တဲ့ အကောင်းဆုံးအထောက်အပံ့ပြုစွမ်းရည်တွေထဲကလဲတစ်ခုဖြစ်နေခဲ့တယ်။ ဒါ့အပြင် နှစ်တစ်ထောင်၀ိညာဥ်စွမ်းရည်လဲ ရှိနေပါသေးတယ်။ ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းရောက်နေတဲ့ ရေခဲအစွမ်းအစက လင်းလော့ချန်ကိုတောင် ဖိနှိမ့်နိုင်မှာပါ။ ရန်သူ၀ိညာဥ်ဘုရင်တစ်ယောက်နဲ့ ရင်ဆိုင်ချိန်မှာ ဒီအရာကအရမ်းကိုအသုံး၀င်နိုင်ပါတယ်။
အစောပိုင်းတိုက်ခိုက်မှုက ဟို့ယွိဟောင်ရဲ့စိတ်ကို အများကြီးပြောင်းလဲသွားစေခဲ့တယ်။ အတန်းကြီးအစ်ကိုတွေ အစ်မတွေနဲ့ တိုက်ခိုက်ရတာက သူ့အတွက်တော့ အကူအညီကောင်းတစ်ခုပါ။ သူ့အနေနဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုရဲ့ အတိုင်အတာကို ပိုပြီးလဲမြင့်တင်နိုင်ပါတယ်။ ဒါ့အပြင် အချိန်မရွေးတိုက်ခိုက်ဖို့အတွက် ကူညီနိုင်သလို တိုက်ခိုက်ရမဲ့အချိန်အတိအကျကိုလဲ ခန့်မှန်းနိုင်တယ်။ ဒါကလဲ အံ့ဩစရာကောင်းတဲ့ခံစားချက်ပါပဲ။
အကြီးအကဲရွှမ်လဲ နေရာတစ်ခုရွေးပြီထိုင်နေခဲ့တယ်။ ဆီတွေပေနေတဲ့ ကြက်ခြေထောက်ကိုလေထဲကနေ ဆွဲပြီသူကိုက်နေပြန်ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့မျက်နှာက ရှုပ်ပွနေတဲ့ဆံပင်တွေအောက်မှာ ဖုံးကွယ်နေခဲ့တာကြောင့် ဘယ်လိုအမူအရာဖြစ်ပြီ ဘာတွေတွေးနေမလဲဆိုတာ မသိနိုင်ခဲ့ပါဘူး။
နှစ်နာရီအချိန်က ခပ်မြန်မြန်ပဲ ကုန်ဆုံးလို့သွားခဲ့ပါတယ်။ အားလုံးကလဲ ပြန်ထရပ်လိုက်ကြပါပြီ။
အကြီးအကဲရွှမ်က အရက်ကိုတစ်ကျိုက်မော့လိုက်ရင်း ပြုံးပြလာခဲ့ပါတယ်။
” ကလေးတို့ သိပ်ပြီစိတ်မရှည်လက်မရှည် ဖြစ်မနေကြနဲ့ဦး တစ်ဖွဲ့ထဲဒီလိုအကြိမ်ကြိမ် တိုက်ခိုက်တယ်ဆိုတာ ဘာများအကျိုးရှိမှာလဲ ဒီတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့် ယောင်ဟောက်ရွှမ် ကျန်းနန်နန်တို့နဲ့ အဖွဲ့ပြောင်းလိုက် ”
နှစ်ဖက်စလုံးကလဲ အံ့အားသင့်သွားပါတော့တယ်။ ပိုပြီးအံ့အားသင့်နေတဲ့ လူတွေကတော့ ထိုက်ယွဲ့ဟန်နဲ့ ချန်ကျစ်ဖုန်းတို့ပါပဲ။ သူတို့တွေ မျက်မှောင်ကြုတ်သွားကြတယ်။ တခြားတစ်ဖက်မှာတော့ အေးစက်နေတဲ့လင်းလော့ချန်က ပိုကြောက်နေခဲ့ပါတယ်။
ကျန်းနန်နန်ကတော့ ရှုစန်းရှီနဲ့ ခွာရတော့မှာဖြစ်တဲ့အတွက် အရမ်းပျော်နေခဲ့တယ်။ သူမခပ်မြန်မြန်ပဲ တစ်ဖက်အဖွဲ့ကိုရောက်သွားခဲ့ပါပြီ။ ယောင်ဟောက်ရွှမ်ကလဲ ပျော်ပျော်ကြီးနဲ့မေးပါတော့တယ်။
” အကြီးအကဲရွှမ် ရှုံးတဲ့သူက ခုနကအတိုင်း ပြန်အော်ရမှာလား ”
အကြီးအကဲရွှမ်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ဒါပေါ့ ငါကအမြဲတမ်းတရားတဲ့သူလေ ”
ချန်ကျစ်ဖုန်းကတော့ ပြန်မေးလိုက်မိပါတယ်။
” အကြီးအကဲရွှမ် ဒါတရားတယ်လို့ ကျွန်တော်မထင်ဘူး..ကျွန်တော်တို့အခုပဲ တိုက်ပွဲရှုံးလာတာ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အဖွဲ့သားတွေကိုအားအနည်းဆုံးသူတွေနဲ့ အစားထိုးလိုက်ပြီးပြီမလား ”
ရှောင်းရှောင်းက ချန်ကျစ်ဖုန်းရဲ့စကားကိုကြားချိန်မှာ ဒေါသတကြီးနဲ့ ပြောပါတော့တယ်။
” အစ်ကိုကြီး ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို အားနည်းတယ်လို့ ဘယ်လိုများပြောနိုင်တာလဲ အစောပိုင်းတိုက်ပွဲမှာ သူတို့ကြောင့်သာ ဒီလိုမျိုးမြန်မြန်နိုင်သွားတာ ”
” အကယ်၍ သူတို့နောက်ထပ် ပေါင်းစည်းစွမ်းရည်ကို ထပ်သုံးနိုင်မယ်ဆိုရင် ငါ့စကားကိုပြန်ရုတ်သိမ်းပေးမယ် ”
ချန်ကျစ်ဖုန်းက ပြန်ဖြေလိုက်ပါတယ်။
ရှောင်းရှောင်းကတော့ မျက်လုံးပြူးသွားခဲ့ပါပြီ။ ဒါကပြဿနာပါပဲ လက်ရှိစွမ်းအားနဲ့ဆိုရင် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ရွှေရောင်လမ်းကိုနောက်တစ်ကြိမ် မသုံးနိုင်တော့တာ အသေအချာပါ။ ဒါ့အပြင် သူ့ရဲ့စွမ်းအားအကုန်လုံးကလဲ လျော့ကျလို့သွားနိုင်ပါတယ်။
အကြီးအကဲရွှမ်ကတော့ ပုံမှန်အတိုင်းပြန်ပြောလိုက်ပါတယ်။
” တိတ်ကြစမ်း ဒါအမိန့်ပဲ မင်းတို့ရဲ့ အမြင်ကိုမေးနေတာမဟုတ်ဘူး…အကယ်၍ မင်းတို့မှာအစွမ်းအစရှိတယ်ဆိုရင် တိုက်ပွဲမှာထုတ်သုံးလိုက်ကြ ကိုယ်အဖွဲ့သားတွေကို အပြစ်တင်နေမဲ့အစား ကိုယ့်ကိုကိုယ်၀က်လိုမဖြစ်အောင် သေချာကြိုးစားကြ အခုငါပြောတဲ့အတိုင်းအပြောင်းအလဲလုပ်မယ် ”
အကြီးအကဲရွှမ်ပြောလိုက်တဲ့အချိန်မှာပဲ ကြောက်စရာကောင်းလွန်လှတဲ့ ဖိနှိမ့်မှုတွေက ဖြစ်ပေါ်လာပါတော့တယ်။ ဘယ်ကျောင်သားကမှ စကားမပြောတော့သလို ခပ်မြန်မြန်ပဲ လူပြောင်းလာခဲ့ကြပါပြီ။ ချန်ကျစ်ဖုန်းအပြင် မာရှောင်ထောင့်ကလဲ ဒီလိုအပြောင်းအလဲမလုပ်ချင်ပါဘူး။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက အရမ်းကိုအသုံး၀င်ပါတယ်။ သူမရှိဘူးဆိုရင် အစောပိုင်းတုန်းကအဖြစ်လိုရနိုင်တော့မှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က တစ်ဖက်နေရာကို ရောက်ရှိလာပါတယ်။ ယောင်ဟောက်ရွှမ်နဲ့ ကျန်းနန်နန်တို့ကလဲ အဖွဲ့ပြောင်းသွားခဲ့ပါပြီ။ မာရှောင်ထောင့်တို့အဖွဲ့ကတော့ သေချာပေါက် အားသာချက်ရနေသလိုပါပဲ။ ဒါ့အပြင် သူတို့က အဓိကလူလေးယောက်ကိုတောင် ရရှိလို့ထားခဲ့တယ်။ တစ်ဖက်အဖွဲ့မှာကတော့ ၀ိညာဥ်ဘိုးဘေးတွေအများကြီးရှိနေခဲ့တာပါ။
အပိုင်း ၆၆•၃ ပြီး၏။