အပိုင်း ၆၃•၂
” အကြိုပြင်ဆင်ရေးအဖွဲ့ ”
°°°
သူက ရုတ်တရက်ပြောလာခဲ့ပါတယ်။
” သေချာပေါက် မွေးရာပါ၀ိညာဥ်ထိန်းချုပ်ပါရမီရှင်ပဲ ဒါက ဆယ့်နှစ်၀ိညာဥ်စက်ကွင်းရဲ့ ၀ိညာဥ်အစွမ်းအစဟုတ်ရဲ့လား မဟုတ်နိုင်ဘူး မဖြစ်နိုင်လိုက်တာပဲ ”
အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြည့်ရင်း သူ့ရဲ့ဘယ်ဘက်လက်ကိုမြောက်လိုက်ပါတယ်။ ဒီလိုလုပ်လိုက်ချိန်မှာ ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းအားတွေ သူ့ခန္ဓာကိုယ်၀င်ရောက်လာတာကို ခံစားလိုက်ရပါပြီ။ သူ့ရဲ့ အဖြူရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကတော့ ပိုလို့တောက်ပလာပါတော့တယ်။ စိတ်၀ိညာဥ်မျက်လုံးကို အသုံးပြုလိုက်ချိန်နဲ့ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေက အမြဲတမ်းအဖြူရောင်ဖြစ်နေခဲ့တာပါ။ အကြီးအကဲရွှမ်ရဲ့ ၀ိညာဥ်စွမ်းအားတွေ သူ့ခန္ဓာကိုယ်ထဲ၀င်ရောက်လာချိန်မှာတော့ သူ့ရဲ့ဖုံးကွယ်ထားတဲ့ အရည်အချင်းက ပျောက်ကွယ်လို့သွားပါတော့တယ်။ သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းက မူလခရမ်းရောင်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ပထမ၀ိညာဥ်စက်ကွင်းကတော့ ကျောက်စိမ်းလိုဖြူဖွေးနေတုန်းပါပဲ။
” မင်းရဲ့၀ိညာဥ်စွမ်းရည်နှစ်ခုကဘာလဲ ”
အကြီးအကဲရွှမ်က စိတ်မရှည် လက်မရှည်နဲ့ မေးလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ အမှန်အတိုင်းပြောပြလိုက်တယ်။
” ကျွန်တော်ရဲ့စိတ်၀ိညာဥ်မျက်လုံးပိုင်ဆိုင်ထားတဲ့ ပထမ၀ိညာဥ်စက်ကွင်းရဲ့စွမ်းရည်က စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုပါ ဒုတိယတစ်ခုကတော့ ပုံစံတူတုပမှုပါပဲ ”
အကြီးအကဲရွှမ်ကဆက်ပြီး ပြောလာခဲ့ပါတယ်။
ငါထင်ထားတာသာ မမှားဘူးဆိုရင် လူသစ်တွေရဲ့ပြိုင်ပွဲမှာ မင်းအနေနဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုခဲ့တယ်မဟုတ်လား ဒီစွမ်းရည်ကို ဘယ်လိုလုပ်ရရှိခဲ့တာလဲ ”
ဟို့ယွိဟောင် မျက်လုံးပြူးသွားပါတယ်။ အကြီးအကဲရွှမ်ကို သူ့လျှို့၀ှက်ချက်မပြောပြနိုင်ပေမဲ့ ဒီအကြောင်းရှင်းပြဖို့အတွက် သူအဆင်သင့်ဖြစ်နေခဲ့ပြီးပါပြီ။
” အကြီးအကဲရွှမ် ကျွန်တော်က ထန်မျိုးနွယ်ရဲ့ တပည့်သားပါ ဒါကြောင့် ကျွန်တော်အနေနဲ့ ထန်မျိုးနွယ်ရဲ့ခရမ်းရောင်နတ်ဆိုးမျက်လုံးကို လေ့ကျင့်ခဲ့ပါတယ်..ကျွန်တော်ရဲ့ စိတ်၀ိညာဥ်မျက်လုံးတွေနဲ့ ပေါင်းစည်းလိုက်ချိန်မှာတော့ စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုနိုင်ခဲ့တယ် ”
သူစကားကိုကြားပြီချိန်မှာတော့ အကြီးအကဲရွှမ်ရဲ့ အမူအရာက ပိုလို့တအံ့တဩပုံစံပြောင်းလဲလို့ သွားခဲ့ပါပြီ။
” ဒါက ဖြစ်နိုင်လို့လား ဆယ့်နှစ်၀ိညာဥ်စက်ကွင်းတစ်ခုက ဒီအခြေအနေကို ရောက်နိုင်လို့လား ဒါဆိုရင်ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ ဒီတော့၀ိညာဥ်စွမ်းရည်တွေက အဆင့်ကျော်တက်ပြီ ပြောင်းလဲနိုင်တယ်ပေါ့ ”
ဦးနှောက်ကိုမွှေးနှောက်ပြီစဥ်းစားနေတာတောင် သူလမ်းပျောက်နေဆဲပါ။ ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့ ၀ိညာဥ်စွမ်းအားအောက်မှာ ၀ိညာဥ်စက်ကွင်းတွေရဲ့အရောင်ကို မဖုံးကွယ်နိုင်တာလဲ ယုံယုံကြည်ကြည်ရှိခဲ့ပြီးပါပြီ။ အခုသူခေါင်းကို နံရံနဲ့သွားတိုက်မယ်ဆိုရင်တောင် ဟို့ယွိဟောင်အနေနဲ့ နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းကြီးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ဖြစ်နိုင်ချေအကြောင်း တွေးမိမှာကိုမဟုတ်ပါဘူး။ နောက်ဆုံးတော့လဲ အဖြူရောင်ကဆယ့်နှစ်၀ိညာဥ်စက်ကွင်းနဲ့တူညီနေတာပဲ မဟုတ်လား။
ဒါကိုစဥ်းစားပြီတဲ့နောက် သူအဖြေမရှာနိုင်ပဲ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူပြောလိုက်တယ်။
” မင်းတို့တွေသွားလို့ရပြီ ပုံမှန်အနေအထားမှာ မင်းတို့နိုင်မယ်ဆိုရင်တောင် ဒုတိယနှစ်ကျောင်းသားတွေကို ပြိုင်ပွဲမှာ၀င်ရောက်ဖို့အတွက် ခွင့်ပြုပေးမှာမဟုတ်ဘူး..ဒါပေမယ့် မင်းတို့ရဲ့လုပ်ဆောင်ချက်က အရမ်းကိုအံ့ဩစရာကောင်းလွန်နေတယ်..မင်းတို့မှတ်ထားဖို့တော့ရှိတယ်..ဒီအရာက လာမဲ့ငါးနှစ်အတွင်းမှာ မင်းတို့ရဲ့အားထုတ်မှုအပေါ်မူတည်ပြီ ပြောင်းလဲနိုင်တယ်…ဒါ့အပြင် ဒီနေရာတွေကို မျက်စိကျနေတဲ့ အတွင်းတပည့်သားတွေဆိုတာလဲ အများကြီးပဲ ဒါကြောင့် အချိန်ကြာလာခဲ့ရင်း ပြိုင်ပွဲနဲ့အမီမလိုက်နိုင်လို့ကတော့ ချက်ချင်းနေရာပျောက်သွားလိမ့်မယ်..ငါပြောတာရှင်းရဲ့လား ”
” ရှင်းလင်းပါတယ်ဆရာ ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က အကြီးအကဲရွှမ်ကို တလေးတစားနဲ့ ဦးညွတ်လိုက်ပြီတဲ့နောက် လှည့်ထွက်လို့သွားပါတော့တယ်။
ထွက်သွားတဲ့ကလေးနှစ်ယောက်ကိုကြည့်ရင်း အကြီးအကဲရွှမ်ရဲ့ မျက်လုံးထဲမှာတော့ အပြုံးတစ်ခုပေါ်လာခဲ့ပါပြီ။
” သူတို့တွေက ဒုတိယနှစ်ကျောင်းသားတွေပဲ ဖြစ်နေတော့ကော ဘာဖြစ်လဲ အမွှာသိုင်းပညာ၀ိညာဥ်ပိုင်ရှင်နှစ်ယောက်နဲ့ အဆုံးစွန်းရောက်နေတဲ့ သိုင်းပညာ၀ိညာဥ် ဒါ့အပြင်ပေါင်းစည်းစွမ်းရည်တစ်ယောက်လဲ ရှိနေသေးတယ်..နောင်ငါးနှစ်တဲ့လား ဒီအဖွဲ့သားတွေက သူတို့ရဲ့သက်တူရွယ်တူတွေထဲမှာ ပြိုင်ဘက်ကင်းဖြစ်လာမယ်လို့ ဘယ်သူမပြော၀ံ့ပဲနေမှာလဲ မင်းတို့တွေ ငါ့ကိုအံ့အားသင့်စေဖို့ ငါမျှော်လင့်နေမယ် ”
၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေက ထွက်လာပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ပေ့ပေ့ ဟယ့်ချိုက်ထို့ ရှုစန်းရှီ ကျန်းနန်နန်နဲ့ ရှောင်းရှောင်းတို့အားလုံးအပြင်မှာစောင့်နေမှန်း တွေ့လိုက်ရပါတော့တယ်။
” အစ်ကိုကြီးတို့ မသွားသေးဘူးလား ”
ဟို့ယွိဟောင်က ၀မ်သုန့်ကို ဆွဲခေါ်လာရင်း ပြောပါတော့တယ်။
” မင်းတို့ကိုစောင့်နေတာ ကျေးဇူးတင်ချင်လို့ပါ ”
ပေ့ပေ့က ပြုံးပြရင်း ပြောလာခဲ့ပါတယ်။
” ကျွန်တော်တို့ကို ကျေးဇူးတင်မယ်တဲ့လား ”
ဟို့ယွိဟောင်က ပြန်မေးလိုက်မိပါတယ်။
” အစောပိုင်းဖြစ်သွားခဲ့တဲ့ တိုက်ပွဲမှာငါတို့ရဲ့ အင်အားတစ်ခုထဲနဲ့ အနိုင်ရဖို့မလွယ်ကူဘူး…ငါတို့တွေက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိပေမဲ့ အနှေးအမြန်နဲ့တော့ တခြားကျောင်းသားတွေ တိုက်ခိုက်တာကိုခံရမှာပဲ မင်းတို့နှစ်ယောက်ကြောင့်သာ ငါတို့အလွယ်လေးအနိုင်ရနိုင်ခဲ့တာ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုနဲ့ ပေါင်းစည်းတဲ့စွမ်းရည်နှစ်ခုက ငါတို့အနိုင်ရတာနဲ့ အဓိကအကြောင်းအရင်းပဲ ”
” ဆရာတူအစ်ကိုကြီးကျွန်တော်တို့တွေက မိသားစုတွေမဟုတ်ဘူးလား အစ်ကိုကြီးတို့သာမရှိဘူးဆိုရင် ကျွန်တော်တို့အနေနဲ့လဲ စာမေးပွဲကို ဖြတ်သန်းနိုင်မှာမဟုတ်ဘူး ”
” တော်ကြပါတော့ ”
ရှုစန်းရှီက ၀င်ပြောပါတော့တယ်။
” မင်းတို့ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းနေတာ ရပ်သင့်ပြီလို့မထင်ဘူးလား ဟွိဟောင် ငါတို့တွေ ဒီနေရာမှာနေနေတာ နောက်ထပ်ကိစ္စတစ်ခုလဲရှိသေးတယ်..ငါတို့တွေက ကျောင်းတော်ရဲ့ မိစ္ဆာခုနှစ်ဖော် အစားထိုးအဖြစ် ၀င်ရောက်ရွေးချယ်ခံခဲ့ရပြီဆိုမှတော့ သေချာပေါက် အစွမ်းကုန်ကြိုးစားသင့်တယ်လေ ငါတို့ထဲမှာ ဘယ်သူကမှနောက်ကျကျန်ရစ်တာမျိုး မဖြစ်သင့်ဘူး..ဒါ့အပြင် နောင်ငါးနှစ်ကာလမှာ ကျောင်းတော်အတွက်လဲ ပါ၀င်ပြီ ယှဥ်ပြိုင်ရဦးမယ် ”
သူပြောနေချိန်မှာ ကျန်းနန်နန်ကို လှမ်းလှမ်းပြီးကြည့်နေခဲ့ပါသေးတယ်။ လက်ရှိအချိန် သူမက ခေါင်းငုံ့ရင်းသူခြေထောက်ကိုသာသူကြည့်နေခဲ့တယ်။ ရှုစန်းရှီအနေနဲ့ကတော့ ကျန်းနန်နန်နဲ့အတူ စာမေးပွဲအောင်တာကို အတော်ကြီး ပျော်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူမရဲ့အတူတူ နီးနီးစပ်စပ်ရှိနေဖို့အတွက် အကောင်းဆုံးအကြောင်းပြချက်ကိုလဲ ရှာတွေ့သွားပြီဖြစ်ပါတယ်။
” ယွိဟောင်နဲ့ ၀မ်သုန့် မင်းတို့တွေမရှိတဲ့အချိန် ငါတို့တခြားကိစ္စတစ်ခုကို ဆွေးနွေးခဲ့မိတယ်..ငါတို့တွေက အမျက်ဒေါသမိစ္ဆာခုနှစ်ဖော် မျိုးဆက်သစ်တွေဖြစ်လာပြီဆိုတော့ သေချာပေါက် ကြီးစဥ်ငယ်လိုက်အတိုင်း နေရာတွေကို စီစဥ်သင့်တယ်မဟုတ်လား မင်းတို့အသက်ဘယ်လောက်ရှိပြီလဲ ”
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က သူတို့ရဲ့ အသက်တွေကိုနှစ်နဲ့လနဲ့ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့တွေကို အသက်အလိုက်စီစဥ်ခဲ့တယ်။ ပေ့ပေ့ကတော့ အသက်ကြီးဆုံးပါ ဟယ့်ချိုက်ထို့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကတော့ တစ်ယောက်ကိုတစ်လဆီအသက်ကွာကြပါတယ်။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လိုပါပဲ။
ပေ့ပေ့ပြီတဲ့နောက် ဟယ့်ချိုက်ထို့ အဲ့ဒီနောက် ရှုစန်းရှီ ကျန်းနန်နန် ရှောင်းရှောင်း ဟို့ယွိဟောင် နောက်ဆုံး၀မ်သုန့်ကတော့ အငယ်ဆုံးပါ။
ရှုစန်းရှီက ပြုံးပြုရင်း ပြောလာခဲ့ပါတယ်။
” အစောပိုင်းတုန်းက ငါတို့တွေအချင်းချင်း အတန်းကြီးတွေအဖြစ်ပဲသတ်မှတ်ပြီ ခေါ်ဆိုနေကြတာ အနာဂတ်မှာတော့ တစ်ယောက်ကိုတစ်ယောက် ညီအစ်မောင်နှမတွေအဖြစ်ခေါ်ဆိုတာပေါ့ ငါက အဆင့်နံပါတ်သုံးပဲ ပြောရမယ်ဆိုရင်ဘိုးဘေးကြီးထန်စန်းရခဲ့တဲ့ အဆင့်ကိုငါရတာပေါ့ ”
” ညီနောင်တွေထဲမှာ အဆင့်တူတယ်ဆိုပေမဲ့ အရည်အချင်းက အတူတူရှိနေတာမဟုတ်ဘူးလေ ”
ပေ့ပေ့က ၀င်ပြောပါတော့တယ်။
” တစ်ယောက်ကိုတစ်ယောက် ညီအစ်ကိုတွေအဖြစ် သတ်မှတ်ခေါ်ရတာက ပြဿနာမဟုတ်ဘူး…ဒါပေမယ့် အကယ်၍ မင်းသာ ငါတို့ရဲ့ ထန်မျိုးနွယ်ထဲ၀င်မယ်ဆိုရင် မင်းအနေနဲ့ သူ့ရဲ့ခြေလှမ်းကို လိုက်နိုင်မှာပဲ ”
” မင်းမျိုးနွယ်ထဲ၀င်ဖို့အတွက် ငါတောင်းဆိုတဲ့ကိစ္စရှိခဲ့တယ်မဟုတ်လား ငါပြောပြီးပြီလေ ”
ရှုစန်းရှီက ပြုံးပြရင်းပြောနေခဲ့ပါတယ်။ အဲ့ဒီနောက် ကျန်းနန်နန်ဘက်ကို သူလှည့်သွားခဲ့တယ်။
ဒီတစ်ကြိမ်မှာ မမျှော်လင့်ထားနိုင်လောက်ပဲ ဟယ့်ချိုက်ထို့က ရယ်မောရင်းနဲ့ ပြောလာခဲ့ပါတယ်။
” ပေ့ပေ့ အယ်ငါပြောချင်တာက ဆရာတူအစ်ကိုကြီး ငါရောထန်မျိုးနွယ်ထဲ၀င်လို့ရလား ”
ပေ့ပေ့က ဒါကိုကြားချိန်မှာတအံ့တဩဖြစ်သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့အနေနဲ့ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့ပြီဖြစ်သလို ဖန်းယွီရဲ့အမွေခံတပည့်သားလဲဖြစ်နေတာကြောင့် သူလဲအတော်လေးကို ပျော်ရွှင်ရပါတယ်။ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ထဲမှာ ဟယ့်ချိုက်ထို့ရဲ့ အဆင့်အတန်းက ပေ့ပေ့နဲ့ ရှုစန်းရှီတို့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာရှိတဲ့ အဆင့်အတန်းထက် အများကြီးပိုပြီး မြင့်မားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့အတွင်းနယ်မြေထဲကို၀င်နိုင်ဖို့သေချာတဲ့သူလဲ ဖြစ်နေခဲ့တယ်။
” ချိုက်ထို့ မင်းဘာကြောင့် ငါတို့မျိုးနွယ်ထဲ ၀င်ရောက်ချင်လဲဆိုတာ မေးလို့ရမလား ”
သူအရမ်းပျော်နေပေမဲ့ ပေ့ပေ့အနေနဲ့ ကိစ္စတွေကိုရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ချင်ပါတယ်။
” ယွိဟောင်က ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေ တည်ဆောက်တဲ့နည်းလမ်းကို အသုံးပြုပြီး သူ့ရဲ့၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့အချိန်မှာ နည်းလမ်းအသစ်တွေကို အများကြီးတိုးတက်လာအောင်လုပ်နိုင်ခဲ့တယ် ”
ဟယ့်ချိုက်ထို့က ပြုံးပြရင်း ဆက်ပြောပါတယ်။
” ငါလဲသူ့လို့ပဲ လက်နက်ပုန်းတွေကို လေ့လာချင်တယ်…ငါက၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက် ဖြစ်နေပြီဖြစ်ပေမဲ့ ဘယ်မျိုးနွယ်ထဲကို၀င်ဖို့ကိုမှအတားအဆီးရှိမနေဘူး..ဒါ့အပြင် မင်းအစောပိုင်းတုန်းက ပြောခဲ့တယ်မှန်တယ်..အကယ်၍ ငါသာထန်မျိုးနွယ်ကို ၀င်ရောက်ခဲ့မယ်ဆိုရင် မင်းကိုဆရာတူအစ်ကိုကြီးလို့ခေါ်တာက သင့်တော်တယ်မဟုတ်လား ”
ဒီလိုအခြေအနေတွေအောက်မှာ ပေ့ပေ့က ဘယ်လိုများ ငြင်းပယ်နိုင်မှာလဲ သူချက်ချင်းဆိုသလို သဘောတူလိုက်ပါတော့တယ်။ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကလွဲပြီ လက်ရှိအချိန် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ကျောင်းသားတွေအားလုံးက ထန်မျိုးနွယ်ရဲ့လူတွေကြီးပါပဲ။
အပိုင်း ၆၃•၂ ပြီး၏။