အပိုင်း ၆၁•၂
” ရေခဲနယ်မြေရဲ့ ရွှေရောင်အလင်းတန်း ”
°°°
ဒီအံ့ဩစရာက သူတို့အတွက်တော့ အတော်ကို ကျေနပ်စရာတစ်ခုပါပဲ။ ရွှေရောင်အလင်းတန်းက ၀မ်သုန့်ရဲ့စွမ်းအားကိုဘယ်လောက်ပဲ မြင့်တင်ပေးနိုင်ပါစေ ရိုးရှင်းတဲ့အချက်ကတော့ သူတို့အတွက် များပြားတဲ့အကျိုးအမြတ်ကို ရစေတာပါပဲ။ ဒါ့အပြင် တိုက်ခိုက်ရေးစွမ်းအားကလဲ ရှည်လျားတဲ့ တိုက်ပွဲမှာ အတော်ကို တိုးတက်လာနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ အစောပိုင်းမှာ တိုက်ပွဲအတွင်းသူ့ရဲ့ ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက မြန်ဆန်နိုင်တာကို သတိပေးထားခဲ့တယ်။
” လုံး၀သတင်းကောင်းကြီးပဲ ”
ဟို့ယွိဟောင်က ပျော်နေခဲ့တာကြောင့် ၀မ်သုန့်ကို ဖက်လိုက်မိတော့တယ်။
၀မ်သုန့်ကတော့ ဒီလိုအဖက်ခံရချိန်မှာ ကြောင်အလို့သွားခဲ့ပါတယ်။ သူ့မျက်နှာကတော့ နီရဲနေခဲ့ပြီ ပြန်တော့မခုခံခဲ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ကိုလဲ ပြန်မဖက်ပဲရှိနေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ထူးဆန်းတယ်လို့ မခံစားရပဲ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပြောနေခဲ့ပါတယ်။
” မြန်မြန်လေး ငါတို့တွေ ဒီရွှေရောင်အလင်းတန်းက ငါတို့ရဲ့ လေ့ကျင့်မှုကို သက်ရောက်စေနိုင်မလားလို့ လေ့ကျင့်ရင်းကြည့်ကြရအောင် ”
ဒါပေမယ့် သူတို့တွေက ကံကြမ္မာနတ်ဘုရားရဲ့ မျက်နှာသာကိုတော့ အမြဲတမ်းမပိုင်ဆိုင်ပါဘူး။ ရွှေရောင်အလင်းတန်းက သူ့ရဲ့ ၀ိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်တဲ့နေရာအတွက်သာ ကူညီပေးနိုင်တာပါ။ ကျင့်ကြံမှုအရှိန်နှုန်းကို မမြင့်မားစေနိုင်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့စိတ်လှုပ်ရှားမှုကတော့ တစ်စက်လေးမှ ပျောက်မသွားပဲရှိနေခဲ့ပါတယ်။ အဓိကအတွင်းတပည့်သားတွေရဲ့ အရည်အချင်းစစ်စာမေးပွဲက နှစ်ရက်အတွင်း စတင်တော့မှာပါ။ ဒါကြောင့် ၀မ်သုန့်ရဲ့စွမ်းအားတိုးတက်လာမှုက အတော်ကို အထောက်အကူပေးနေခဲ့ပါတယ်။
ရှေ့ရက်တွေမှာ သူတို့အနေနဲ့ အတော်ကို အလုပ်များနေခဲ့ပါတယ်။ နေ့စဥ်လေ့ကျင့်မှုသင်ကြားမှုတွေအပြင် ၀ိညာဥ်လက်နက်ဖန်တီးတဲ့နေရာမှာလဲ အားသွန်ခွန်စိုက်ကြိုးစားနေခဲ့ရသေးတယ်။ တိုးတက်မှုကိုကူညီဖို့ ဖန်းယွီကိုယ်တိုင်လဲ ၀ိညာဥ်လက်နက်တွေရဲ့ အစိတ်အပိုင်းတချို့ကို ကူညီပြီ ဟို့ယွိဟောင်အတွက် ဖန်တီးလို့ပေးနေခဲ့ပါတယ်။ ဒါပေမယ့် ၀ိညာဥ်လက်နက်တွေရဲ့ အဓိကဗဟိုချက်ကိုတော့ ဟို့ယွိဟောင်ကိုယ်တိုင် ဂရုတစိုက်ပြုလုပ်ခဲ့တာပါ။ ဖန်းယွီကလဲ ဒီအချက်ကိုအတော်လေး အသေးစိတ်ကျကျ စောင့်ကြည့်ပေးပါတယ်။ သူက ဟို့ယွိဟောင်ကို ဘယ်လောက်ပဲမျက်နှာသာပေးပါစေ တင်းကြပ်တဲ့ဆရာဖြစ်နေဆဲပါပဲ။
ဒီစာမေးပွဲက ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ ဒါပေမယ့် ကျောင်းတော်သားတွေအားလုံး ရှောင်လွဲလို့မရပဲ ကိစ္စတစ်ခုဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ပဲ အကယ်၍ သူတို့ရှုံးနှိမ့်သွားမယ်ဆိုရင်တောင် ဘာအပြစ်ဒဏ်မှမရပဲ ရှိတဲ့ကိစ္စကတော့ သတင်းကောင်းဖြစ်နေခဲ့တယ်။
အတန်းခေါင်းလောင်းတီးတာနဲ့ ကျောင်းသားတွေလဲ အတန်းဆင်းလာခဲ့ကြပါပြီ။ အတန်းနံပါတ်တစ်ရဲ့ကျောင်းသားတွေအားလုံးကတော့ ခေါင်းလောင်းသံကိုကြားချိန်မှာချက်ချင်းဆိုသလို သက်သောက်သက်သာဖြစ်သွားကြပါတော့တယ်။
ကျောင်းတော်ထဲမှာ ဒုတိယနှစ်ကို ရောက်ရှိလာနိုင်ခဲ့တာက တင်းကြပ်တဲ့ စစ်ဆေးမှုကြီးကိုဖြတ်ကျော်ပြီတာနဲ့ ဆိုလိုတာပါပဲ။ ကျန်ရှိခဲ့တဲ့ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းကလဲ လုံလောက်တဲ့အင်အားရှိနေခဲ့ပါပြီ။ ဒါ့အပြင် သူတို့အနေနဲ့ ပထမနှစ်စာမေးပွဲရဲ့ သင်ကြားမှုတွေအားလုံးကို အခုမှပြီးတာပါ။ လက်ရှိအအချိန်မှာတော့ ကျန်ရှိတဲ့ကျောင်းတော်သားအဖြစ် ဆက်နေနိုင်ဖို့ဘယ်လောက်ကြိုးစားရမလဲဆိုတာကို ကောင်းကောင်းနားလည်လို့သွားခဲ့ပါပြီ။ ဒါကြောင့်သာ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းက လေ့လာသင်ကြားမှုအပေါ် အရမ်းအာရုံစိုက်ပါတယ်။ သူတို့သာ မကြိုးစားဘူးဆိုရင် သေချာပေါက် ထုတ်ပယ်ခံရမှာပါပဲ။
ကျောင်းတော်ကနေ ပြီးမြောက်အောင်မြင်တာက တိုက်ကြီးတစ်ခုလုံးမှာတောင် အရမ်းကိုကျော်ကြားတဲ့ကိစ္စတစ်ခု ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းတော်ကနေ ပြီးမြောက်အောင်မြင်ဖို့အတွက် အပြောလွယ်သလောက် အလုပ်ခက်တယ်။ ဒါ့အပြင် အပြင်နယ်မြေကနေအောင်မြင်ဖို့တောင် အတော်ကို ခက်ခဲတာပါ။
၀မ်ယန်ကတော့ သူ့ရဲ့ စာသင်ကြားရေးအစီအစဥ်တွေကို သိမ်းဆည်းနေရင်း ပြောလိုက်ပါတယ်။
” အဓိကအတွင်းတပည့်သားတွေ အနောက်မှာနေခဲ့ မင်းတို့အားလုံးငါနဲ့အတူ ၀ိညာဥ်လက်ရည်ယှဥ်ပွဲ နယ်မြေကို လိုက်ခဲ့ရမယ် ”
နောက်ဆုံးတော့ ရောက်လာပြီပဲ အဓိကအတွင်းတပည့်သားတွေအားလုံးရဲ့စိတ်က တက်ကြွလာပါတော့တယ်။ မကြာခင်မှာပဲ အရည်အချင်းစစ်စာမေးပွဲကြီးက စပါတော့တယ်။ ဒါပေမယ့် အတန်းပြီးပြီချင်စမယ်လို့ သူတို့လဲ မထင်ထားခဲ့မိပါဘူး။ ဒီလိုဖြစ်ပြီဆိုမှတော့ သူတို့အတန်းချိန်တွေလဲ သေချာပေါက် မထိခိုက်တော့မှာပါ။
ဟို့ယွိဟောင်တို့မျိုးဆက်မှာ အဓိကအတွင်းတပည့်သားတွေရဲ့ အရေအတွက်က အတော်ကို မြင့်မားပါတယ်။ အရှေ့မျိုးဆက်တွေထက်တောင် အရေအတွက် မြင့်နေခဲ့သေးတယ်။ အတန်းနံပါတ်တစ်မှာရှစ်ယောက်ရောက်ရှိပြီ အတန်းနံပါတ်နှစ်မှာကတော့ ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ကျုးလုနဲ့ ၀ူဖုန်းတို့ရှိပါတယ်။ အတန်းနံပါတ်သုံးမှာတော့ နင့်ထျန်းရှိနေခဲ့တဲ့အတွက် စုစုပေါင်းကျောင်းသားက ဆယ့်နှစ်ယောက်ပါ။ အပြင်နယ်မြေမှာ အတော်ကိုရှားပါးတဲ့မြင်ကွင်းတစ်ခုပါပဲ။
တတိယနှစ် စတုတ္ထနှစ် နှစ်ခုပေါင်းမှ သူတို့နဲ့ယှဥ်နိုင်တဲ့အရေအတွက်ကို ရရှိပါတယ်။
အတန်းထဲက ထွက်ခွာသွားပြီတဲ့နောက် ဟို့ယွိဟောင်လဲ ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ကျုးလု ၀ူဖုန်းတို့အတန်းထဲက ထွက်လာတာကို မြင်လိုက်ရပါတော့တယ်။ သူတို့ရဲ့ဆရာမုကျင်းနဲ့ အပြင်ကိုထွက်လာခဲ့တယ်။
ထိုက်ဟွပင်းက ဟို့ယွိဟောင်ကို မြင်လိုက်ပါတယ်။ ဒါကြောင့် သူမျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ခံစားချက်တွေကို ကောင်းကောင်းသိမ်းဆည်းထားနိုင်တာကြောင့် သူတစ်ချက်သာကြည့်လိုက်ရင်း ထွက်ခွာသွားပါတော့တယ်။ ဒုတိယတစ်ခေါက်တော့ လှည့်မကြည့်ပါဘူး။ အဓိကအတွင်းတပည့်သားအဖြစ် သူ့ရဲ့အဆင့်အတန်းက မပြောင်းလဲပေမဲ့ ကျောင်းတော်ကနေတင်းကြပ်တဲ့သတိပေးစာကို သူရရှိလိုက်ပါတယ်။
ဒါ့အပြင် သေဆုံးသွားပြီတဲ့ ပညာရှင်ခြောက်ယောက်ရဲ့ အလောင်းတွေကိုလဲ ကျားဖြူမြို့စားမင်းရဲ့အိမ်တော်ဆီ ပြန်ပို့ပေးလိုက်တဲ့သတင်းကို သူပြန်လည်ကြားသိခဲ့ရတယ်။ ဒါ့အပြင် အားလုံးကလဲ လွန်ခဲ့တဲ့နှစ်ရက်အတွင်းလုပ်ဆောင်ပြီးခဲ့တာပါ။ ကံကောင်းစွာနဲ့ပဲ သူ့အဖေက ပြန်မရောက်သေးပါဘူး။ ဒါကြောင့် သူ့အမေက အရာအားလုံးကိုသေချာထိန်းချုပ်လို့ထားခဲ့ပါတယ်။ အကယ်၍ သူမသာ မထိန်းချုပ်ထားခဲ့ဘူးဆိုရင် သူလဲ သူ့အဖေရဲ့ဒေါသအောက်မှာ ခံစားနေခဲ့ရပါပြီ။
ဒါကြောင့် နှလုံးသားထဲမှာ ဘယ်လောက်မုန်းတီးနေပါစေ လုံး၀ထုတ်ဖော်မပြသပဲ ဖုံးကွယ်ထားဖို့သာ ရွေးချယ်လိုက်ရပါတော့တယ်။ ကျောင်းတော်အနေနဲ့ ကျားဖြူအိမ်တော်ကို အတော်လေး မျက်နှာသာပေးထားခဲ့တာပါ။ ဒါ့အပြင် ခိုင်မာတဲ့သက်သေအထောက်အထားလဲ မရှိတဲ့အတွက် ဒီလိုလွှတ်ပေးထားတာ ဖြစ်နိုင်ပါတယ်။ ကျောင်းတော်ရဲ့အစွမ်းအစကို ကြည့်လိုက်မယ်ဆိုရင် သူတို့အနေနဲ့ တကယ်ပဲ ခိုင်မာတဲ့သက်သေအထောက်အထားမရှိတာက အဓိကအချက်တစ်ချက် ဖြစ်နိုင်မလား အနည်းဆုံးတော့ သူ့ကို ကျောင်းတော်ကနေ ထုတ်ပယ်လိုက်ရမှာ ဘာမှကြီးမားတဲ့ပြဿနာမဟုတ်နိုင်ပါဘူး။
ထိုက်ဟွပင်းအနေနဲ့လဲ သူလုပ်ရပ်ရဲ့ နောက်ဆက်တွဲဆ်ိုးကျိုးတွေကို သတိထားမိပြီချိန်မှာ အတော်လေးကို ကြောက်လန့်သွားပါတော့တယ်။ လက်ရှိအချိန်မှာ လက်စားချေမှုတချို့ လုပ်လိုက်မိတဲ့အတွက် အနာဂတ်တိုးတက်မှုတွေက သက်ရောက်လို့သွားခဲ့ပါပြီ။
အိုမင်းသွားပုံရတဲ့ နင့်ထျန်းကတော့ ဟို့ယွိဟောင်ကို ကြည့်နေခဲ့တယ်။ လက်ရှိအချိန် ဒုတိယနှစ်ရဲ့အဓိကအတွင်းတပည့်သားဆယ့်နှစ်ယောက်က သူတို့ကို သင်ကြားတဲ့ဆရာတွေရဲ့အနောက်မှာ လိုက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့လဲ ရင်းနှီးတဲ့သူတွေကို ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေမှာ မြင်လိုက်ရပါပြီ။ သူအစ်ကိုကြီးပေ့ပေ့ ရှုစန်းရှီ ကျန်းနန်နန်တို့ကလဲ မြင်ကွင်းထဲကို ရောက်လာပါတော့တယ်။ အားလုံးက ပဥ္စမနှစ်ရဲ့အဓိကအတွင်းတပည့်သားတွေကြီးပါပဲ။ ဒါ့အပြင် အားလုံးကလဲ အတော်လေးကို တောက်ပလို့နေခဲ့ကြတယ်။ ပဥ္စမနှစ်ရဲ့အဓိကအတွင်းတပည့်သားတွေထဲမှာ သူတို့သုံးယောက်ကသာ အသက်ဆယ့်ငါးနှစ်မပြည့်ကြသေးတာပါ။ ဒါကြောင့် အသန်မာဆုံးသူတွေအဖြစ်လဲ သတ်မှတ်ခံထားရပါတယ်။
အပြင်နယ်မြေမှာ ၀ိညာဥ်အကြီးအကဲတွေက အများကြီးပါပဲ။ ဒါပေမယ့် ပဥ္စမနှစ်အောက်ဖက်မှာတော့ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲက ရှားပါးလွန်းလှပါတယ်။
၀ိညာဥ်အကြီးအကဲကနေ ၀ိညာဥ်ဘိုးဘေးအဖြစ်ကို အဆင့်တက်တာက ၀ိညာဥ်မဟာပညာရှင်ကနေ ၀ိညာဥ်အကြီးအကဲကို အဆင့်တက်လှမ်းတာထက် ပိုပြီး ခက်ခဲတဲ့ကိစ္စပါ။ ဒီအချက်တစ်ချက်ထဲနဲ့တင် ထိုက်ဟွပင်းရဲ့ သူမတူအောင်ထူးခြားတဲ့ အဆင့်ထိကို ဖော်ပြဖို့လုံလောက်နေခဲ့ပါပြီ။ သူက အခုအချိန်မှာ အသက်ဆယ့်သုံးနှစ်တောင် မပြည့်သေးပါဘူး။ အဆင့်သုံးဆယ်ခုနှစ်ရောက်နေပြီသား ဖြစ်နေပါတယ်။ ကျောင်းတော်ထဲမှာ အရှေ့ဆုံးကနေ ပြေးနေခဲ့တဲ့ကျောင်းသားတစ်ယောက်ပါ။ ဒါကြောင့်သာ ကျောင်းတော်အနေနဲ့ သူ့ကိုအလွယ်လေးမထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အတွင်းနယ်မြေကို ၀င်ရောက်နိုင်မဲ့လမ်းကတော့ ယာယီချိတ်ပိတ်ခံလိုက်ရပါပြီ။ ပိုပြီးကြီးမားတဲ့ အစွမ်းအစနဲ့ ဒီချိတ်ပိတ်ထားတာကို ဖယ်ရှားပြစ်နိုင်မလားဆိုတာကတော့ သူ့အပေါ်မှာသာ မူတည်နေခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့အထက်ပိုင်းတွေကလဲ သေချာစဥ်းစားသုံးသပ်ရဦးမှာပါ။
ကျောင်းတော်က ဟို့ယွိဟောင် ပိုင်ဆိုင်တဲ့အရာမဟုတ်ပါဘူး။ သူ့ရဲ့ အဆုံးစွန်းရောက်သိုင်းပညာ၀ိညာဥ်က ကျောင်းတော်ရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပေမဲ့ တခြားကျောင်းသားတစ်ယောက်ကို သူ့အတွက်နဲ့ ထုတ်ပယ်ပြစ်မှာမဟုတ်တာတော့အသေအချာပါ။ ဒါ့အပြင် ထိုက်ဟွပင်းအနေနဲ့လဲ ကောက်ကျစ်တဲ့အရာတချို့လုံးလုပ်ခဲ့တဲ့အတွက် အပြစ်ဒဏ်တော့ခံရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ အတွင်းနယ်မြေကို၀င်ဖို့ပိုပြီး ခက်ခဲတော့မှာပါ။
အမှန်တကယ်တော့ ပေ့ပေ့တို့သုံးယောက်အုပ်စုကလွဲပြီ ဒီနေရာမှာ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ အဓိကအတွင်းတပည့်သားတွေ ထပ်မရှိပါဘူး။ တတိနှစ် စတုတ္ထနှစ် အတွင်းတပည့်သားတွေအားလုံးကလဲ ရောက်ရှိနေခဲ့ကြပါပြီ။ ဟယ့်ချိုက်ထို့ရဲ့တစ်ယောက်ထဲကသာ ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေရဲ့အဓိကအတွင်းတပည့်သားတွေအဖြစ် ရောက်ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျောင်းသားအရေအတွက်က နှစ်ဆယ့်ခုနှစ်ယောက်ရှိနေခဲ့တယ်။ ဒုတိယနှစ်ကျောင်းသားတွေကတော့ နေရာရဲ့တစ်၀က်နီးပါးကို ယူထားခဲ့ပါပြီ။
မတူညီတဲ့အတန်းရဲ့ ကျောင်းသားတွေအားလုံးက ဆရာတွေရဲ့နောက်မှာ ရပ်နေခဲ့ရင်း တိတ်တဆိတ်ရပ်နေခဲ့ရင်း စောင့်ဆိုင်းလို့နေခဲ့ကြတယ်။ ဒီတစ်ခေါက် စမ်းသပ်ပွဲက အတော်ကို ထူးဆန်းပါတယ်။ သူတို့တွေ ဆိုးဆိုးရွားရွားကျရှုံးခဲ့မယ်ဆိုရင်တောင် ပြစ်ဒဏ်ခံရမှာမဟုတ်ပါဘူး။ အဓိကအတွင်းတပည့်သားဖြစ်လာနိုင်တဲ့ ဘယ်သူမဆို သူတို့ရဲ့သက်တူရွယ်တူတွေထဲမှာ အတော်ကို ထူးချွန်တဲ့သူတွေပါ။ ထူးချွန်လေလေ ကိုယ့်ကိုကိုယ်ယုံကြည့်မှုရှိလေပါပဲ။ ဘယ်သူကမှအလွယ်လေး လက်မလျှော့ချင်ပါဘူး။
ထိုက်ဟွပင်းလဲ အဲ့ဒီနေရာမှာ ရပ်နေရင်း အစွမ်းကုန်ကြိုးစားတိုက်ခိုက်ဖို့အတွက် အသင့်ပြင်နေခဲ့ပါတယ်။ သူက အဆင့်သုံးဆယ့်ခုနှစ်ကို ရောက်ရှိပြီဖြစ်တာကြောင့် အတန်းကြီးတွေရဲ့ အဓိကအတွင်းတပည့်သားတွေကို မကြောက်လန့်ပါဘူး။ သူ့ရဲ့အမြင်အရ လက်ရှိအချိန်မှာ သူ့အစွမ်းအစကို သက်သေပြနိုင်ဖို့အတွက် အခွင့်ရေးကောင်း ဖြစ်နေခဲ့ပါတယ်။ ဆရာတွေက ထိပ်တန်းခုနှစ်ယောက်နေရာကို ရရှိရေးဖြစ်လာမဲ့ အကျိုးကျေးဇူးတွေကို မဖော်ပြပေမဲ့ ကျောင်းတော်အနေနဲ့ကတော့ သူ့ရဲ့ကိုယ်ပိုင်စိတ်ကူးရှိနေမှာဖြစ်ပါတယ်။
မကြာခင်အချိန်မှာပဲ ဒယိမ်းဒယိုင်နဲ့လူတစ်ယောက်က နယ်မြေထဲကို၀င်ရောက်လာပါတော့တယ်။ သူ့ရဲ့ယိမ်းယိုင်နေတဲ့ပုံက အချိန်မရွေးလှဲကျတော့မဲ့ပုံစံပါပဲ။
ဟို့ယွိဟောင်လဲ ဒီလူကိုမြင်ချိန်မှာလန့်သွားပါတော့တယ်။ ဒါက အကြီးအကဲရွှမ်မဟုတ်လား မျက်နှာတစ်ခုလုံး ရှူပ်ပွနေတဲ့ဆံပင်တွေနဲ့ ဖုံးအုပ်ခံထားရပြီ ဘယ်ဘက်မှာကတော့ သူ့ရဲ့ဗူးသီးချောက်အရက်အိုးကြီး ရှိနေခဲ့ပါတယ်။ ညာဘက်မှာကတော့ ကြက်ပေါင်ကြီးရှိနေဆဲပါ။ အကြီးအကဲရွှမ်ကလွဲပြီ ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ထဲမှာ ဒီလိုမျိုးကို ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။
အကြီးအကဲရွှမ်က ကျောင်းသားအုပ်စုကိုကြည့်ရင်း ခေါင်းမော့ပြီ အကဲခတ်နေခဲ့ပါတယ်။
” ရှောင်၀မ် ”
” အကြီးအကဲရွှမ် ”
၀မ်ယန်က ခပ်မြန်မြန်ပဲ လျှောက်လာရင်းဦးညွတ်လိုက်ပါတယ်။
” အားလုံးရောက်ကြပြီလား ”
အကြီးအကဲရွှမ်က မေးလိုက်တယ်။
” အားလုံးရောက်ကြပါပြီ စုစုပေါင်း အဓိကအတွင်းတပည့်သားတွေက သိုင်းပညာ၀ိညာဥ်နယ်မြေကနေ နှစ်ဆယ့်နဲ့ခြောက်ယောက်ရှိပါတယ်..၀ိညာဥ်လက်နက်တည်ဆောက်ရေးကတော့ တစ်ယောက်သာပိုပါတယ် ”
” ကောင်းပြီလေ စကြတာပေါ့ ”
အကြီးအကဲရွှမ်က ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေဆီကို ဒယိမ်းဒယိုင်နဲ့ပဲ သွားပါတော့တယ်။
အဓိကအတွင်းတပည့်သားတော်တော်များများက သူ့ကိုမမြင်ဖူးကြပါဘူး။ ဒါကြောင့်သာ တော်တော်များများက စိတ်ထဲမှာသံသယ၀င်နေခဲ့ပါတယ်။ ထိုက်ဟွပင်းအနေနဲ့လဲ ရှဲ့ဟွမ်ယွဲ့ကို လှမ်းပြီးမေးလိုက်တယ်။
” အဲ့ဒီအရက်မူးသမားကြီးက ဘယ်သူလဲ ”
ရှဲ့ဟွမ်ယွဲ့လဲ ခေါင်းခါရင်း ပြန်မဖြေခဲ့ပါဘူး။ ၀ိညာဥ်လက်ရည်ယှဥ်ပွဲနယ်မြေကတော့ ပုံမှန်အတိုင်းပါပဲ။ ဒီနေရာမှာကျောင်းသားတွေပြည့်နှက်နေတာတစ်ခုကလွဲလို့ အရင်တိုင်းသာဖြစ်ပါတယ်။
အကြီးအကဲရွှမ်က နယ်မြေရဲ့အလယ်ကိုလျှောက်လာရင်း ရပ်တန့်လိုက်တယ်။ အဓိကအတွင်းတပည့်သားတွေအားလုံးလဲ ဆရာတွေနဲ့အတူ ရပ်တန့်လိုက်ကြပါပြီ။ မူးဝေတဲ့အသံကြီးနဲ့ သူပြောလာခဲ့ပါတယ်။
” အားလုံးနားထောင်ကြ မင်းတို့တွေအခု ဖြေဆိုရမဲ့စမ်းသပ်ချက်က အရမ်းကိုရိုးရှင်းတယ်..ဒါက ပရမ်းပတာဖြစ်နေတဲ့ စုစည်းတိုက်ပွဲကြီးပဲ ဒီနယ်မြေမှာပဲ ကျင်းပမယ်..မင်းတို့တွေအားလုံး စိတ်ရှိလက်ရှိ ကြိုက်သလိုတိုက်ခိုက်ကြ ဒီပြိုင်ပွဲမှာလုံး၀စည်းမျဥ်းမရှိဘူး..အကယ်၍ ဆရာတစ်ယောက်ကသာ မင်းတို့ကို ကယ်တင်ခံရသည်ဖြစ်စေ အညံ့ခံလိုက်သည်ဖြစ်စေ ထုတ်ပယ်ခံရလိမ့်မယ်..နောက်ဆုံးကျန်ရစ်တဲ့ ခုနှစ်ယောက်က အနိုင်ရရှိမယ်..ကောင်းပြီ ငါရှင်းပြပြီးပြီ ဆရာတွေအသင့်ပြင်လိုက် ဒီအဘိုးကြီးအချက်ပြတာနဲ့ မင်းတို့စတိုက်ကြတော့ ”
” ဒီလိုကိစ္စမျိုးတောင် ဖြစ်လာနိုင်တယ်လား ”
ကျောင်းသားတွေအားလုံးကတော့ အကြီးအကဲရွှမ်ရဲ့စကားကိုကြားချိန်မှာ ထိတ်လန့်နေခဲ့ကြပါတယ်။ ဒီလိုစမ်းသပ်ချက်မျိုးကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။ စုစုပေါင်း လူနှစ်ဆယ့်ခုနှစ်ယောက်ရှိနေခဲ့တာပါ။ အားလုံးကလဲ မတူညီတဲ့လေ့ကျင့်မှုတွေ ရှိနေခဲ့ပါတယ်။ အဲ့ဒါကိုဘယ်သူတွေကများ ပရမ်းပတာတိုက်ပွဲကြီးမှာ ဘာတွေကိုစမ်းသပ်ကြမှာလဲ။
ဆရာတွေကလဲ အကြီးအကဲတွေရဲ့ အမိန့်ကိုမနာခံ၀ံ့ပဲ မရှိကြပါဘူး။ ဒါကြောင့် သူတို့တွေ တစ်ယောက်ပြီတစ်ယောက် ဆုတ်ခွာသွားပါတော့တယ်။ အကြီးအကဲရွှမ်က ကျောင်းသားတွေကိုတောင် မစောင့်တော့ပဲ ချက်ချင်းအော်လိုက်တော့တယ်။
” စကြတော့ ”
အကြီးအကဲရွှမ်ရဲ့ ခန္ဓာကိုယ်ကတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ကျောင်းသားတွေသာ နယ်မြေထဲမှာကျန်ရစ်ပါတော့တယ်။ ဒီအပြောင်းအလဲက ဖြစ်သွားတာမြန်လွန်ခဲ့တဲ့အတွက် ကျောင်းသားတွေလဲ ချက်ချင်းဆိုသလို ဆုံးဖြတ်ချက်ချပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ဆုံးဖြတ်ချက်ကတော့ အရမ်းကို မြန်ဆန်လွန်ပါတယ်။ လက်နှစ်ဖက်ကို ဆန့်လိုက်ရင်း ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကို ဆွဲလိုက်ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့နောက်ကျောဖက်မှာအလင်းတန်းတစ်တန်းက ထွက်ပေါ်လာပါတော့တယ်။ ဒီလိုမျိုး အလင်းတန်းထွက်ပေါ်လာပြီတဲ့နောက် သူက ပေ့ပေ့ဆီကို ရောက်ရှိလို့သွားခဲ့ပါပြီ။
အပိုင်း ၆၁•၂ ပြီး၏။