အပိုင်း ၅၆•၁
” ရတနာဂုဏ်ပြုလေလံပွဲ ”
°°°
” ရတနာဂုဏ်ပြုလေလံပွဲက အတွင်းတပည့်သားတွေအတွက် ဒီနေ့ကျင်းပလိမ့်မယ်..ငါတို့ရဲ့လေလံပွဲက အတွင်းနယ်မြေရဲ့ အတွင်းတပည့်သားတွေကြုံရမဲ့လေလံပွဲလောက် မကောင်းပေမဲ့ ပစ္စည်းကောင်းတွေအများကြီးရှိတယ်တဲ့ ဥပမာအားဖြင့်ဆေးလုံးတွေ ဆေးပင်တွေနဲ့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ ၀ိညာဥ်စက်ကွင်းတွေတောင်ရှိတယ်ဆိုပဲ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေ သက်ဆိုင်နေတဲ့ ပစ္စည်းတွေထပ်ရှိတယ်လို့ပြောတယ်..ဒါ့အပြင် အားလုံးနီးပါးက အရည်အသွေးလဲအရမ်းကောင်းကြတယ်တဲ့ မင်းသွားမှာလား ”
ဟို့ယွိဟောင်က ရယ်မောလိုက်ပါတယ်။
” ငါမသွားဘူးလေ ငါမှာဘာသုံးစရာပိုက်ဆံရှိမှာလဲ အဲ့ဒီနေရာမှာ ပစ္စည်းကောင်းတွေပဲရှိပြီဆိုမှတော့ သေချာပေါက် စျေးကြီးမှာပေါ့ ငါအနေနဲ့ ဘာကောင်းမွန်တဲ့ပစ္စည်းကိုမှ မရနိုင်ဘူးဆိုရင် ကိုယ်တိုင်ပဲလုပ်ရမယ်လေ ဒါပေမယ့် ဒီအတိုင်းပိုက်ဆံမရှိပဲ သွားကြည့်တာက ကိုယ့်ကိုကိုယ် နှိပ့်စက်ရာမရောက်ဘူးလား ”
၀မ်သုန့်ကတော့ ကျေနပ်သွားရင်း ပြန်ဖြေလိုက်ပါတယ်။
” မင်းဒါကိုမသိဘူးမှန်းငါထင်သားပဲ ငါတို့ရဲ့အစ်ကိုကြီးတွေ အားလုံးက ချမ်းသာနေတာမဟုတ်ဘူးလို့ ပြောခဲ့တယ်မလား ဒီလေလံပွဲက ဘာကိုဆိုလိုချင်တာလဲ နင်သိလား ငါတို့တွေအဲ့ဒီလေလံပွဲမှာ ပစ္စည်းတွေကို အမှတ်နဲ့၀ယ်နိုင်တယ်..ဒါကြောင့်သာ အဲ့ဒီလေလံပွဲက သာမန်ကျောင်းသားတွေအတွက် မဖွင့်တာ ”
သိလိုစိတ်အပြည့်နဲ့ ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
” အမှတ်နဲ့၀ယ်လို့ရတာလား ”
၀မ်သုန့်က ပြောလာခဲ့ပါတယ်။
” ငါတို့ရဲ့ အဓိကအတွင်းတပည့်သားဆိုတဲ့ အဆင့်အတန်းတွေကို ဘာမှသွားပြီ အထင်မသေးလေနဲ့ ဒါ့အပြင် အတွင်းတပည့်သားဖြစ်လာပြီဆိုမှတော့ သေချာပေါက် အပြင်နယ်မြေကနေ ပြီးမြောက်အောင်မြင်နိုင်ချေကိုးဆယ်ရာခိုင်နှုန်းအထက်မှာရှိနေတယ်…ဒါ့အပြင် ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းကလဲ ထူးချွန်ထက်မြက်တဲ့ပါရမီရှင်တွေ ဖြစ်တာကြောင့်မလို့ လိုချင်တဲ့သူအရမ်းကိုများတယ်…ငါတို့နိုင်ငံတော်ကဖြစ်စေ တခြားနိုင်ငံတော်တွေတင်မက ငါတို့ကိုလိုအပ်နေတဲ့ နေရာတွေက အများကြီးရှိတယ်…ဒါကြောင့်သာ အပြင်နယ်မြေကနေ ပြီးမြောက်အောင်မြင်ဖို့အတွက် ၀ိညာဥ်ဘိုးဘေးဖြစ်ဖို့လိုအပ်တာပဲ ”
” ဒါ့အပြင် ငါတို့တွေအပေါ်မှာလာပြီ ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရှိနေတယ်…သူတို့က ငါတို့နဲ့ပတ်သက်ပြီ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးဖို့အတွက် နှစ်တစ်နှစ်ကိုသတ်မှတ်ထားတယ်…သူတို့တွေကို နှစ်နဲ့ချီပြီ ပြန်ပေးလို့လဲရတယ်…ငါတို့ဘွဲ့ရပြီတဲ့အချိန်မှာ ဆက်ပြီးပေးမယ်ဆိုရင်လဲရတယ်…ဒါပေမယ့် အတိုးလဲနည်းနည်းတက်မှာပေါ့ ”
” သူတို့တွေဘယ်လိုအကျိုးအမြတ်ရနိုင်လဲဆိုတာ မင်းနားမလည်နိုင်ဘူးလို့ ငါထင်တယ်..ဟုတ်တယ်ဟုတ် ”
” ပထဆုံးအနေနဲ့ ငါတို့တွေကို သူတို့က အကြွေးတင်နေပြီဆိုမှတော့ အကယ်၍ သူတို့သာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် သူတို့ကမင်းဆီကနေ အကူအညီကို လာတောင်းခံမှာပဲ ငါတို့အနေနဲ့ သူတို့ကို ဘယ်လိုမကူညီလို့ရမလဲ အကယ်၍ သူတို့သာ မင်းကို အလုပ်ခန့်ချင်တယ်ဆိုရင်ရော မင်းငြင်းလို့ရမလား အဲ့ဒါတွေမဟုတ်ပဲ နောက်တစ်လှမ်းဆုတ်ပြီ ပြောလိုက်မယ်ဆိုရင် အင်အားကြီးတဲ့၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ ဆက်ဆံရေးကောင်းထားတာက ကောင်းမွန်တဲ့ကိစ္စပဲမဟုတ်ဘူးလား..ပြောရမယ်ဆိုရင် အဲ့ဒီစျေးဆိုင်တွေမှာ စျေး၀ယ်လိုက်တာက မင်းရဲ့အနာဂတ်အခွင့်အရေးကိုလဲ အများကြီးမြင့်တင်ပေးနိုင်တယ်…လက်ရှိအချိန် မင်းမှာပိုက်ဆံမရှိပေမဲ့ မင်းအနာဂတ်မှာ မွဲတေနေမယ်လို့ ပြောချင်တာမဟုတ်ဘူးလေ ”
” ဒီစီးပွားရေးလုပ်ငန်းတွေက သူတို့အတွက် အဆုံးအရှုံးဖြစ်မဲ့အရာကို ဘယ်တော့မှမလုပ်ဘူး..ငါတို့အတွင်းတပည့်သားတွေသာ အတွင်းနယ်မြေထဲအထိ ၀င်နိုင်ပြီ စမ်းသပ်တာသိမယ်ဆိုရင် ရရှိလာမဲ့ပေးချေမှုကလဲ တိုးတက်လာလိမ့်မယ်…ဒါ့အပြင် အတိုးနှုန်းတွေအားလုံးကိုလဲ ဖယ်ရှားပြစ်လိမ့်မယ်…ငါတို့အနေနဲ့ အကြံအစည်အပြည့်နဲ့ ပေးချေမှုတွေအပေါ်မှာ သူတို့တွေကို အချိန်မီပေးချေရမယ်.”
အားလုံးရှင်းပြပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့လဲ နောက်ဆုံးသဘောပေါက်လို့သွားတော့တယ်။
” ဒီကိစ္စတွေအားလုံးက အဲ့ဒီလိုနည်းလမ်းတွေ ရှိနေသေးတယ်လား..ဒါဆိုရင် ငါတို့အနေနဲ့ အမှတ်နဲ့၀ယ်လို့ရတယ်ပေါ့ ”
၀မ်သုန့်က ခေါင်းညိတ်ရင်းနဲ့ ပြောလာလိုက်ပါတယ်။
” ရတာပေါ့ ငါတို့တွေက အဓိကအတွင်းတပည့်သားတွေလေ ဒါ့အပြင် မင်းကဌာနနှစ်ခုရဲ့ အဓိကအတွင်းတပည့်သားမဟုတ်လားအကယ်၍ သူတို့သာ ဒီအကြောင်းကိုကြားမယ်ဆိုရင် မင်းကို အများကြီးတောင် စျေးလျှော့ပေးဦးမယ် ”
ဟို့ယွိဟောင်လဲ ခေါင်းခါရင်း ပြန်ဖြေလိုက်ပါတယ်။
” ဒါတွေမလိုပါဘူး အကယ်၍ သူတို့ရဲ့ လျှော့စျေးကိုသာလက်ခံလိုက်မယ်ဆိုရင် သူတို့ကိုပြန်ပြီး ကျေးဇူးဆပ်နေရဦးမယ်…ရွေးချယ်စရာမရှိလို့ကတော့ ဒါမျိုးမလုပ်ဘူး ”
၀မ်သုန့်က ပိုပြီးစိတ်လှုပ်ရှားလာခဲ့ပါတော့တယ်။
” ဒါပေါ့ ကျောင်းတော်ထဲမှာ မင်းအကြာကြီးသာနေနေတာ မြို့တော်ထဲကိုရောက်ဖူးလား ”
ဟို့ယွိဟောင်အနေနဲ့ မြို့ထဲကိုကောင်းကောင်းမရောက်ဖူးပါဘူး။ သူ့အမြင်အရပထမနှစ်က သူ့အတွက် အခက်ခဲဆုံးဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူက အချိန်မရွေးထုတ်ပယ်ခံရနိုင်တယ်။ ဒါကြောင့် လေ့ကျင့်ဖို့ကလွဲပြီ ကျန်ရစ်တဲ့အချိန်တွေမှာ အပြင်ထွက်ပြီလျှောက်လည်ဖို့ ဘယ်လိုလုပ်တွေးနိုင်မှာလဲ။
” မင်းဘယ်တုန်းကမှ အပြင်မထွက်ဖူးဘူးမဟုတ်လား ငါတို့တွေ မကြာခင်မှာ စာသင်တာစတော့မယ်..အဲ့ဒီတော့ နားချိန်တွေလဲရတော့မှာမဟုတ်ဘူး…ခဏလောက်ထွက်ပြီး သွားကြည့်ရအောင် ဘာမှမ၀ယ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အသိပညာတိုးတက်လာနိုင်တယ်လေ အပြင်လောကမှာဖြစ်နေတဲ့ ကိစ္စတွေအားလုံးကို ဒီအတိုင်းလျစ်လျူရှုထားလို့မှ မရတာပဲ ”
ဟို့ယွိဟောင်အနေနဲ့ ၀မ်သုန့်အရမ်းစိတ်လှုပ်ရှားနေတာကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ ဒါကြောင့် သူပြန်ဖြေလိုက်တယ်။
” ဒီနေ့ညပဲမဟုတ်လား ငါတို့တွေ ညာစာစားပြီရင် မင်းငါ့ကို လေ့ကျင့်ဖို့အတွက် ကူညီပေးရမယ်…လုံး၀အပျင်းတစ်နေလို့မရဘူး ”
၀မ်သုန့်က ပြုံးပြရင်း ပြန်ဖြေလိုက်ပါတယ်။
” သဘောတူတယ်လေ ”
သူတို့တွေ ကျန်ရစ်တဲ့အချိန်တွေမှာ လေ့ကျင့်ကြပါတယ်။ ဟို့ယွိယောင်အနေနဲ့လဲ ကုန်ဆုံးသွားတဲ့ ၀ိညာဥ်စွမ်းအားတွေကို အမြန်ဆုံးပြန်လည်ဖြည့်တင်းနိုင်လိုက်ပါပြီ။ ဒါ့အပြင် သူ့ရဲ့ကျင့်ကြံဆင့်က အရမ်းကို မြန်ဆန်လာတာကြောင့် ကျောင်းသားအများစုကိုလဲ လိုက်မီလို့လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကြောင့် အဆင့်သုံးဆယ်ရောက်ပြီချိန်မှာ အရှိန်နှုန်းလျော့ကြသွားမယ်ဆိုတဲ့ ကိစ္စကိုကြားတဲ့နောက် အတော်လေးကိုလန့်သွားခဲ့တာပါ။ ဒါ့အပြင် သူက တခြားကျောင်းသားတွေနဲ့ မတူညီပါဘူး။ ကျောင်းတော်ရဲ့ ညွှန်ကြားချက်တွေအရ သူအနေနဲ့ ဌာနနှစ်ခုရဲ့အဓိကအတွင်းတပည့်သားဖြစ်လာဖို့အတွက် ယာယီထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ကျောင်းတော်နှစ်ခုစလုံးမှာ ဆက်တိုက်သင်ကြားရမဲ့ကိစ္စက လွယ်ကူခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့်သူ့အနေနဲ့ ကျောင်းတော်ထဲမှာ အခြေအနေတစ်ခုရောက်အောင်ဖန်တီးပြီဖြစ်တာတောင် အေးအေးဆေးဆေးမနေ၀ံ့ပဲ ရှိနေခဲ့ပါတယ်။ တစ်နည်းအားဖြင့် ပိုပြီးကြိုးစားနေဖို့ လိုအပ်နေခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့လဲ ဒီအခြေအနေနဲ့ ပတ်သက်ပြီ သူ့မှာကိုယ်ပိုင်အမြင်တွေရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူတစ်ယောက်ထဲနဲ့ မြို့စားအိမ်တော်ကို လက်စားချေမယ်ဆိုတာက မဖြစ်နိုင်တဲ့ စိတ်ကူးယဥ်အိပ်မက်တစ်ခုပါပဲ။ ဒီလိုလုပ်နိုင်တဲ့အခြေအနေအနာဂတ်မှာ ရှိလာမယ်ဆိုရင်တောင် သူဘယ်လောက်အထိ နှစ်တွေကြာကြာစောင့်ဆိုင်းနေရမှာလဲ အဆင့်နှစ်ဆယ်လား သုံးဆယ်လား အနှစ်ငါးဆယ်လောက်တောင် ကုန်ဆုံးလို့သွားနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ကိစ္စတွေက အခြေအနေအတူတူတိုင်း ရှိနေဦးမှာပါ။ ဒါပေမယ့် လူတွေကတော့ ပြောင်းလဲသွားလောက်ပါပြီ။ ဒါဆိုရင် လက်စားချေဖို့က ဘာအကြောင်းအရင်းများရှိနေဦးမှာလဲ။ ဒါ့အပြင် သူ့ကိုယ်သူချမှတ်ပေးထားတဲ့ ပစ်မှတ်အနေနဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ လက်စားချေဖို့အောင်မြင်ရမှာပါ။ ဒီလိုလုပ်နိုင်ဖို့အတွက် တစ်နေ့ထက်တစ်နေ့ပိုပြီး သန်မာအားကောင်းလာဖို့လဲ လိုအပ်ပါတယ်။ အမျက်ဒေါသကျောင်းတော်က သူ့အနေနဲ့ အပေါ်ကိုတိုးတက်နိုင်ဖို့အတွက် အကောင်းဆုံးနေရာပါပဲ။ ဒါကြောင့် သူ့အနေနဲ့ အကောင်းဆုံးကြိုးစားရင်းသန်မာလာအောင်လို့ သင်ကြားနေရပါတော့တယ်။
အချိန်တွေကတော့ လေ့ကျင့်နေရင်း ကုန်ဆုံးလို့သွားခဲ့ပါပြီ။ သူတို့နှစ်ယောက် လေ့ကျင့်ပြီချိန်မှာ ကောင်းကင်ကြီးက မှောင်မိုက်လို့သွားပါတော့တယ်။ ထိပ်တန်းအစားစာတွေကို စားသောက်ပြီတဲ့နောက် ဖိတ်ခေါ်စာကိုယူရင်း ကျောင်းအပြင်ကို ခပ်မြန်မြန်ပဲ ထွက်သွားတော့တယ်။
သူတို့နှစ်ယောက်ထဲနဲ့တင် ဒီဖိတ်ခေါ်စာကိုရတာမဟုတ်ပါဘူး။ နှစ်တိုင်းမှာရှိနေကြတဲ့ အဓိကအတွင်းတပည့်သားတွေအားလုံးလဲ ဒီဖိတ်ခေါ်စာကို ရရှိကြပါတယ်။ ဥပမာအားဖြင့် ထိုက်ဟွပင်း ကျုးလု ကျိုးစီချန် ချိုက်ကျင်းရွှမ်တို့ပါပဲ။ ဒါပေမယ့် အားလုံးကတော့ စာမေးပွဲကိုဖြေနေခဲ့ရတဲ့အတွက် သွားရောက်မဲ့အအချိန်တွေက မတူညီကြပါဘူး။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ တခြားသူတွေထက် စောစောပြီးမြောက်ခဲ့တာကြောင့် ကျောင်းတံခါးကနေအပြင်ကို ထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို ရပ်တန့်လိုက်တယ်။
” ဘာဖြစ်လို့လဲ ”
၀မ်သုန့်က မေးလာခဲ့ပါတယ်။ ဟို့ယွိဟောင်က ပြန်ဖြေလိုက်တယ်။
” မင်းခန်းမကိုဘယ်လိုသွားရမလဲသိလား ငါဘယ်တော့မှမြို့ထဲကို မရောက်ဖူးဘူး မင်းလဲ မရောက်ဖူးဘူးမလား ”
၀မ်သုန့်က သူ့လက်ကိုမြောက်ရင်း ဟို့ယွိဟောင်ရဲ့ခေါင်းကို ခေါက်ချပြစ်လိုက်ပါတော့တယ်။
” ငတုံးကောင် ဖိတ်ခေါ်တဲ့စာလွှာရဲ့နောက်ဖက်ကိုကြည့်လိုက် ”
ဟို့ယွိဟောင်အနေနဲ့လဲ သူ့ကိုယ်ပိုင်စာလွှာတစ်ခုရှိနေခဲ့ပါတယ်။ ဒါကြောင့် ခပ်မြန်မြန်ပဲ ဖွင့်ကြည့်လိုက်တယ်။ အဲ့ဒီမှာတော့ သူတို့သွားရမဲ့နေရာအကြောင်း အသေးစိတ်မြေပုံတစ်ခုပါနေခဲ့ပါတယ်။
ကျောင်းတော်က မြို့တော်ထဲမှာ တည်ရှိနေခဲ့ပေမဲ့ သူတို့က တစ်ဖက်နဲ့တစ်ဖက် ချိတ်ဆက်မနေခဲ့ပါဘူး။ ဒါကြောင့် ကျောင်းတော်ကနေ မြို့ထဲကို၀င်ဖို့အတွက် နောက်ပေါက်တစ်ခုလဲ ရှိမနေခဲ့တာပါ။
ရလဒ်အနေနဲ့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ကျောင်းတော်အပြင်ကို ထွက်လာခဲ့ရင်း မြို့ရဲ့မြောက်ဘက်သို့မဟုတ် တောင်ဖက်တံခါးဆီကိုသွားပြီ ဖြတ်သန်းရမှာပါ။ ဒါ့အပြင် ရတနာဂုဏ်ပြုခန်းမဆောင်ကတော့ မြောက်ဖက်ဂိတ်တံခါးနဲ့ အတော်လေးနီးပါတယ်။ သူတို့တွေလဲ မြောက်ဖက်ဂိတ်တံခါးဆီကို ဦးတည်နေကြတယ်။
မြို့ကြီးကအတော်ကြီးကို ကြီးမားတာကြောင့် သူတို့တွေမြို့ထဲက ထွက်တာနဲ့ အမြန်ဆုံးပြေးရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ တစ်နာရီနီးပါးကြာအောင်ပြေးပြီမှသာ မြောက်တံခါးကို ရောက်လို့ပါ။
အဆူညံဆုံးမြို့ကြီးတစ်ခုဖြစ်တဲ့ အမျက်ဒေါသမြို့တော်က ညနေပိုင်းအချိန်မှာတောင် စည်းကားလို့နေပါတော့တယ်။ မြို့တံခါးကိုဖြတ်ပြီတဲ့နောက် လူတွေအပြည့်နဲ့တက်ကြွလှုပ်ရှားနေတဲ့ နေရာကြီးကို မြင်လိုက်ရပါတယ်။
ဟို့ယွိဟောင်အနေနဲ့လဲ ဒီလောက်ကြီးမားတဲ့မြို့ကြီးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့သလို ဒီလောက်များပြားတဲ့ လူတွေကိုလဲ တစ်ခါမှမတွေ့ဖူးတာကြောင့် အံ့အားသင့်လို့နေခဲ့ပါတယ်။
အပိုင်း ၅၆•၁ ပြီး၏။