အပိုင်း ၄၉•၂
” ရေခဲဧကရီရဲ့ လက်သည်းတွေ ”
°°°
ဒါက ၀ိညာဥ်စွမ်းအားတစ်ခုထဲတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်စွမ်းအားရဲ့အကောင်အထည်ပေါ်လာမှုပါပဲ။ ကုန်ချန်းလုံအနေနဲ့ လန့်နေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်ကိုယ်က အမျက်ဒေါသကျောင်းတော်မှာ ထိပ်တန်းဆယ့်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့သူပါ။
ဟို့ယွိဟောင်က ပြောလိုက်ပါတယ်။
” အမှန်ပါပဲ ကျွန်တော်တကယ်ကို ကံကောင်းသွားတာကြောင့် ရင်ခေါင်းရိုးတစ်ခုကို ရရှိခဲ့ပါတယ် ”
သုဝေ့လွမ်အနေနဲ့လဲ သူ့ကိုယ်သူ မျက်လုံးသာကန်သွားစေချင်ပါတော့တယ်။ သူ့ရှေ့မှာရှိရှိသမျှ အရာအားလုံး အမဲရောင်တွေဖြစ်နေခဲ့ပါပြီ။ ရင်ခေါင်းရိုးတဲ့လား လူတစ်ယောက်က တစ်လတာအားလပ်ရက်လေး ကြုံတွေ့လိုက်ရပြီ ၀ိညာဥ်အရိုးအဖြစ် ရင်ခေါင်းရိုးတစ်ရိုးကိုလဲ ရလိုက်တဲ့အပြင် အမွှာသိုင်းပညာ၀ိညာဥ်လဲ ပိုင်လာခဲ့ပါသေးတယ်။ ရင်ခေါင်းရိုးတွေက ဘယ်တုန်းကများစျေးပေါသွားရတာလဲ သူ့ကိုယ်သူ မိဘမဲ့တစ်ယောက်လို ဒီအတိုင်းပြောခဲ့တာမဟုတ်ပါလား။ ဒါသေချာပေါက် ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ပဲဖြစ်ရမယ်။ ဒီကောင်တွေဖြစ်မှာပေါ့ သူ့ကိုဒီလောက်အထိ ရင်းနှီးမြုပ်နှံပေးထားတယ်လား။ နေစမ်းပါဦး ကုန်ချန်းလုံက ဆယ့်နှစ်၀ိညာဥ်စက်ကွင်းကနေ ရတဲ့၀ိညာဥ်စွမ်းရည်ကို ချီးကျူးနေတာလား။
သုဝေ့လွမ်အနေနဲ့ သိလိုစိတ်ကို မထိန်းထားနိုင်တော့ပါဘူး။
” ဟို့ယွိဟောင် မင်းတကယ်ပဲ ဘာတွေဖြစ်လာတာလဲ အစောပိုင်းတုန်းက မင်းအသုံးပြုလိုက်တဲ့ ၀ိညာဥ်စွမ်းရည်က ရှိရှိသမျှ ၀ိညာဥ်သားရဲကောင်တွေအားလုံးကို ထိတ်လန့်စေတယ်မလား ဒီ၀ိညာဥ်သားရဲကောင်ကို ထိန်းချုပ်ပေးပြီ လေ့ကျင့်ပေးဖို့ ဘယ်လောက်ခက်ခဲလဲမင်းသိလား ဒီလိုအရှုံးအတွက် ဘယ်လိုများငါတို့ကို လျော်ကြေးပေးမှာလဲ ”
ကုန်ချန်းလုံရဲ့မျက်နှာက ချက်ချင်းကို မဲမှောင်သွားခဲ့ပါပြီ။
” ရှောင်သု မင်းဘာတွေလာလုပ်နေတာလဲ သူက ကလေးတစ်ယောက်ပဲလေ ဒါ့အပြင် အရမ်းအရမ်းကို ထူးချွန်တဲ့ကလေး ဟို့ယွိဟောင်လို့ခေါ်တယ်မလား ဟုတ်တယ်ဟုတ် ဒီဘိုးဘိုးကို ပြောပြပါဦး မင်းအကြောင်း အတော်လေးစိတ်၀င်စားလို့ပါ ”
ဒီလိုအခြေအနေမျိုးမှာ ဟို့ယွိဟောက်အနေနဲ့ ဘာကိုမှဖုံးကွယ်ထားဖို့ ကြိုးစားမနေတော့ပါဘူး။ ဒါကြောင့် သူလိမ်လိမ်မာမာလေးနဲ့သာ ပြန်ဖြေပါတော့တယ်။
” ကျွန်တော်ရဲ့ ပထမသိုင်းပညာ၀ိညာဥ်စက်ကွင်းက စိတ်၀ိညာဥ်မျက်လုံးတွေပါ ဒါ့အပြင် ကျွန်တော်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းက တုပမှုဆိုတဲ့ စွမ်းရည်တစ်ခုကို ပေးပါတယ်…ဒီလိုစွမ်းရည်နဲ့ ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို ဘယ်လိုပုံစံမျိုးမဆို ပြောင်းလဲနိုင်ပြီ အရာအားလုံးအဖြစ်ကိုလဲ အသွင်ယူလို့ရပါတယ်..ကျွန်တော်၀ိညာဥ်စက်ကွင်းတွေရဲ့ သက်တမ်းကိုလဲ ပြောင်းလဲလို့ရရုံတင်မက အရှိန်အ၀ါကိုလဲ ဖန်တီးလို့ရနိုင်တယ်….အစောပိုင်းမှာ ကျွန်တော်ရဲ့၀ိညာဥ်စက်ကွင်းနှစ်ခုစလုံးကို နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းရဲ့ပုံစံနဲ့ အရှိန်အ၀ါဖြစ်အောင် တုပလိုက်တာပါ ဒါပေမယ့် အချိန်အကြာကြီးတော့ မထိန်းထားနိုင်ပါဘူး..ကျွန်တော်ရဲ့ ကျင့်ကြံမှုသာ မြင့်မားလာမယ်ဆိုရင်တော့ ဒီအစွမ်းအစတွေက ပိုကောင်းလာမှာပါ”
သူကိုယ်သူ ကြွား၀ါးနေတာမဟုတ်ရပါဘူး။ သူက ရေခဲဧကရီရဲ့ အရှိန်အ၀ါကိုတုပပြီ နှစ်လေးသိန်း၀ိညာဥ်သားရဲကောင် ရုတ်တရက်ပေါ်လာသလိုမျိုး ဖန်တီးကြည့်ရုံပါပဲ။ အဲ့ဒီလိုအရှိန်အ၀ါမျိုးက သားရဲကောင်တွေအားလုံးကို ကြောက်လန့်စေဖို့အတွက် လုံလောက်နေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ရှင်းပြတဲ့စကားကို ကြားချိန်မှာ သုဝေ့လွမ်နဲ့ ကုန်ချန်းလုံ နှစ်ယောက်စလုံး အရာအားလုံးကိုနားလည်သွားပါတော့တယ်။ ကုန်ချန်းလုံအနေနဲ့လဲ ထူးဆန်းတဲ့အပြုံးကြီးကို ပြုံးနေခဲ့တယ်။
” ကောင်းလိုက်တာ တကယ်ကိုစိတ်၀င်စားစရာကောင်းတဲ့ စွမ်းရည်ပဲ ဒီလိုမျိုးတုပမှုဆိုတာ တကယ်ကိုကောင်းတယ်..အကယ်၍ ဒီလိုအစွမ်းအစမျိုးကို မဟာကြယ်တာရာသစ်တောထဲမှာရှိမယ်ဆိုရင် သေချာပေါက် ပဠိပက္ခတွေအများကြီးကို ရှောင်ရှားနိုင်မှာပဲ သားရဲကောင်တွေကို အမဲလိုက်တဲ့အချိန်မှာ အရမ်းကို အသုံး၀င်လိမ့်မယ်..ဒီအဘိုးရဲ့နာမည်က ကုန်ချန်းလုံ ဒါ့အပြင် သားရဲကောင်ဘုရင်လို့ ကျော်ကြားတယ်..နောက်ထပ် မေးခွန်းတစ်ခုမေးပါရစေလား ဒုတိယသိုင်းပညာ၀ိညာဥ်က ဘာလဲ ငါသိပါတယ်…မင်းတို့လိုအမွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်ပညာရှင်တွေအနေနဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ကို လျှို့၀ှက်ချက်အဖြစ် ထိန်းသိမ်းထားရမယ်ဆိုတာပေါ့ ဒါကြောင့် ဒီဘိုးဘိုးအနေနဲ့လဲ မင်းရဲ့လျှို့၀ှက်ချက်ကို အလကားဖော်ပြစေဖို့ မမျှော်လင့်ထားပါဘူး..ဒါလိုဆိုရင်ကော ဘယ်လိုလဲ အနာဂတ်မှာ ငါ့ရဲ့အစွမ်းအစပြုပြီး မင်းကို ၀ိညာဥ်စက်ကွင်းတစ်ကွင်းရအောင်လုပ်ပေးမယ်လေ အကယ်၍ မင်းသာ ဒုတိယသိုင်းပညာ၀ိညာဥ်အကြောင်းကို သိခွင့်ပေးမယ်ဆိုရင်ပေါ့ ဒါဆိုရင် အပေးအယူဖြစ်မလား ”
ဟို့ယွိဟောင်လဲ ပျော်ရွှင်လို့သွားပါတော့တယ်။ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်တွေက အရမ်းကို ရှားပါးလွန်လှပြီ ဒီဆရာကြီးကတော့ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေတစ်ခုလုံးကို သိသိသာသာ ထိန်းချုပ်နေတဲ့သူပါ။ သူ့ရဲ့ အကူအညီသာရှိမယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ အချိန်ကုန်လူပင်ပန်း သက်သာသွားပါလိမ့်မယ်။
သူချက်ချင်းဆိုသလို ခေါင်းညိတ်ရင်း တလေးတစားပြန်ဖြေလိုက်တယ်။
” ဆရာကြီးကုန် ကျွန်တော်သေချာပေါက် ပြောပြချင်ပါတယ် ”
သုဝေ့လွမ်နဲ့ ဘေးမှာရှိတဲ့ဆရာတွေအားလုံးကလဲ သိလိုစိတ်အပြည့်နဲ့ နားစွင့်နေခဲ့ကြပါပြီ။ ဒါပေမယ့် သူတို့ကိုပြောပြဖို့တော့ ဟို့ယွိဟောင် စိတ်ကူးမရှိခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းက ထွက်ပေါ်လာပါတော့တယ်။ ဒါ့အပြင် ပတ်ပတ်လည်မီတာတစ်ရာအတွင်းမှာရှိရှိသမျှ လူတွေအားလုံးရဲ့ သုံးဖက်မြေပုံရိပ်တွေက ကုန်ချန်းလုံရဲ့ ဦးနှောက်ထဲကို ၀င်ရောက်လို့လာခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ နောက်ကျောမှာရှိနေတဲ့ ပုံရိပ်ဆီကို ခပ်မြန်မြန်စူးစိုက်ပြီ ဖော်ပြလို့နေပါတော့တယ်။ သူ့ရဲ့အင်္ကျီအထဲကို ၀င်ရောက်ရင်း ကျောဖက်မှာရှိတဲ့ ဆေးမင်ကြောင်က ကုန်ချန်းလုံရဲ့စိတ်ထဲမှာ အပြည့်အ၀ ပေါ်လာခဲ့ပါပြီ။ ကုန်ချန်းလုံအနေနဲ့ အံ့ဩစရာကောင်းတဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကို ပထမဆုံးတွေ့ကြုံရတာပါ။ ဒါကြောင့် သူစိတ်မထိန်းနိုင်ပဲ တအံ့တဩလျှာကိုသတ်ရင်း ပြောလာမိပါတယ်။
” ကောင်းလိုက်တဲ့စွမ်းရည်ပါလား အမွှာသိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့လောကမှာတောင် မင်းရဲ့သိုင်းပညာ၀ိညာဥ်ပေါင်းစပ်မှုက လုံး၀ထိပ်ဆုံးကိုရောက်နေတာပဲ ကောင်းလိုက်တာ အရမ်းကောင်းလိုက်တာ ဒီလိုမင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က အဲ့ဒါဖြစ်နေတာပေါ့ ရေခဲစွမ်းရည်က အဆုံးစွန်းအထိ အားကောင်းနေတာ ဘယ်အံ့ဩစရာရှိမလဲ ကျောင်းတော်ကတော့ ဒီတစ်ကြိမ်မှာ ရတနာတုံးကြီးကို ကောက်လိုက်ရတာပဲ မစိုးရိမ်နဲ့ ဒီအဘိုးအနေနဲ့ မင်းရဲ့လျှို့၀ှက်ချက်ကို သေချာပေါက် ထိန်းသိမ်းထားမယ်.,ငါ့ဘ၀တစ်သက်တာလုံးမှာ အဲ့ဒီလို သိုင်းပညာ၀ိညာဥ်ကို တွေ့လာရမယ်လို့ ထင်တောင်မထင်ထားခဲ့မိဘူး ”
ကုန်ချန်းလုံ ပိုပြီး ချီးမွမ်းလေလေ သုဝေ့လွမ်အနေနဲ့ ပိုသိချင်လာလေပါပဲ။ ဒါပေမယ့် အမွှာ၀ိညာဥ်ပညာရှင်တိုင်းရဲ့ ဒုတိယသိုင်းပညာ၀ိညာဥ်ဆိုတာက အရမ်းကို အရေးကြီးတဲ့ လျှို့၀ှက်ချက်ကြီးတစ်ခုပါ။ မလိုအပ်ပဲနဲ့ ဘယ်သူကမှအတင်းအကြပ်သွားမေးလို့မကောင်းပါဘူး။ ရှောင်းရှောင်းရဲ့ ပုလွေကတော့ ၀ိညာဥ်လက်နက်တစ်ခုဖြစ်နေခဲ့တဲ့အတွက် လူတွေအမြင်မှာသိဖို့ လွယ်ကူလှပါတယ်။ ဒါကြောင့် သူလဲ ဖုံးကွယ်ထားဖို့ မလုပ်ခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ကတော့ အလွယ်လေးဖော်ပြဖို့လွယ်တဲ့အရာမဟုတ်ပါဘူး။ ကုန်ချန်းလုံအနေနဲ့ အဆုံးစွန်းအစွမ်းထက်တဲ့ သိုင်းပညာ၀ိညာဥ်လို့ ပြောနေပြီဆိုရင် သေချာပေါက် မဆိုးလောက်တာအမှန်ပါ။
နောက်ထပ်မေးခွန်းတစ်ခုကဘာလဲ။ သုဝေ့လွမ်ရဲ့စိတ်ထဲမှာ ပေါ်ထွက်လို့လာပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်က သူ့ရဲ့တုပမှုဆိုရင် ရေခဲအမျိုးအစားကို ထုတ်လွှတ်နိုင်တဲ့အရာတစ်ခုကရော အစစ်တစ်ခုလား။ ကုန်ချန်းလုံအနေနဲ့ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းတစ်ခုရဲ့ ဘယ်လိုစွမ်းအားကိုများ ဒီလောက်အထိ ချီးမွမ်းနေရတာလဲ သူ့ကို သေအောင်ရိုက်သတ်မယ်ဆိုရင်တောင် ဒါမျိုးကိုလုံး၀ မယုံနိုင်ပါဘူး။
” ဆရာကြီးကုန်နဲ့ ညွှန်ကြားရေးမှုးသု အကယ်၍ ပြောစရာမရှိတော့ဘူးဆိုရင် ကျွန်တော်အရင်ဆုံးပြန်ပါရစေ ”
ဟို့ယွိဟောင်က ရိုရိုသေသေပြောလိုက်ပါတယ်။
ကုန်ချန်းလုံကလဲ ခေါင်းညိတ်နေခဲ့တယ်။
” မင်းပြန်လာလို့ရတယ်….အကယ်၍ အနာဂတ်မှာ အချိန်အပိုရှိရင်း ဒီနေရာကိုလာပြီ နည်းနည်းပါးပါး ဆော့ကစားပေါ့ ဒါပေမယ့် နောက်တစ်ကြိမ် နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို တုပပြီသုံးတာမျိုးလုံး၀လုံး၀ မလုပ်ရဘူးနော် မဟုတ်ရင် ရှိရှိသမျှ သားရဲကောင်တွေရဲ့ လှောင်ချိုက်တွေအားလုံးကို မင်းပဲ ရှင်းခိုင်းမှာ ”
ဟို့ယွိဟောင်အနေနဲ့လဲ ပြုံးပြရင်း ပြေးထွက်သွားပါတော့တယ်။ သုဝေ့လွမ်ကလဲ သူ့ကို မတားခဲ့ပါဘူး။ တားဆီးလို့ကော ဘာအကျိုးအမြတ်ရှိမှာလဲ သူက ၀ိညာဥ်လက်နက်အသက်မွေး၀မ်းကြောင်းရဲ့ အဓိကအတွင်းတပည့်သား ဖြစ်နေပြီးသားပါ။ လက်ရှိအချိန်မှာ ညွှန်ကြားရေးမှုးသုအနေနဲ့ သူ့ရှေ့မှာရှိရှိသမျှ အရာအားလုံးက ညအချိန်အခါလိုမျိုး မှောင်မိုက်နေတာသာ ခံစားနေမိပါတော့တယ်။ သူ့ရဲ့ ကြောက်စရာအကောင်းဆုံးအိပ်မက်ထဲတွေမှာတောင် ၀ိညာဥ်လက်နက်ကျောင်းတော်က ဒီလောက်အထိ လူကောင်းတစ်ယောက်ကို သို၀ှက်ပြီ လုယူသွားမယ်လို့ မတွေးထားခဲ့ပါဘူး။ ဒါ့အပြင် သူ့နဲ့ကျောင်းအုပ်မျက်စိရှေ့တည့်တည့်မှာတင် ဖြစ်သွားခဲ့တဲ့အရာပါ။ သူနဲ့ကျောင်းအုပ်ကလဲ ခွင့်ပြုပေးလိုက်မိပါတယ်။
အမှန်တကယ်တော့ သုဝေ့လွမ်ကိုလဲ အပြစ်တင်လို့မရပါဘူး။ ဟို့ယွိဟောင်ရဲ့ အစောပိုင်းလှုပ်ရှားမှုတွေအားလုံးက ဘယ်လိုမှမထူးချွန်ခဲ့တာအမှန်ပါ။ ဒါပေမယ့် မြောက်၀င်ရိုးစွန်းကိုသူခရီးထွက်ပြီတဲ့နောက် စွမ်းအားက အရည်အသွေးပြောင်းလဲသွားပါတော့တယ်။
ကုန်ချန်းလုံကို ခွဲခွာပြီတဲ့နောက် သုဝေ့လွမ်လဲ ခပ်မြန်မြန်ပဲပြေးတော့တယ်။ စာမေးပွဲစစ်တဲ့ကိစ္စက ချောချောမွေ့မွေ့ မပြီးမြောက်ခဲ့ပါဘူး။ ဒါကြောင့် သူ့အနေနဲ့ ပြန်စီစဥ်ရတော့မှာပါ။ တစ်ချိန်ထဲမှာပဲ ရန်ရှောင်ကျဲ့ကို ဖြစ်ဖြစ်သမျှအရာအားလုံး သတင်းပို့ဖို့လိုပါတယ်။
ဟို့ယွိဟောင်အနေနဲ့ သားရဲကောင်တိုက်ခိုက်နယ်မြေထဲက ထွက်ခွာလာပြီတဲ့နောက် လူတွေအများကြီးက သူ့ကို ၀န်းရံလိုက်ကြပါတော့တယ်။
” ဆရာကြီးဟို့ ရှင်းရှင်းလင်းလင်းပြောပြပါဦး တကယ်ပဲဘာတွေဖြစ်နေတာလဲ ဘယ်လိုလုပ်ပြီ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေ ရှိလာရတာလဲ ”
လန်စုစုက ရုတ်တရက်ပြောလာပါတော့တယ်။
” ဟုတ်တယ် ဆရာကြီးဟို့ ကျေးဇူးပြုပြီး ကျွန်တော်ရဲ့ ဘောင်းဘီတွေကို ပြန်ပြီး၀ယ်ဖို့ ပိုက်ဆံလေးဘာလေး ပေးပါဦး ဆရာကြီးကြောင့် ကျွန်တော်ဘောင်းဘီတစ်ခုလုံး စိုရွှဲသွားတော့မလို့ ”
ကျိုးစီချန်ကလဲ မီးလောင်ရာလေပင့်လုပ်နေခဲ့ပါတယ်။ သူ့ရဲ့လေသံက ရှိရှိသမျှ ကျောင်းသားအတန်းဖော်တွေအားလုံးကို ရယ်မောသွားစေခဲ့တယ်။
” ဒါပေမယ့် နောက်ဆုံးမင်းဘာမှမဖြစ်ခဲ့ဘူးမလား အားလုံးရဲ့အရှေ့မှာ ဒီလိုဖြစ်သွားခဲ့မယ်ဆိုရင်တောင် ငါသေချာပေါက် ပြန်လျော်ပေးမှာပေါ့ ”
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
ကျိုးစီချန်ကတော့ ပါးစပ်ပိတ်သွားခဲ့ရပါပြီ။ ဟို့ယွိဟောင်က အသံကျယ်ကျယ်နဲ့စပြီ ပြောတော့တယ်။
” အားလုံးငါရဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေက အတုအယောင်တွေ ဖြစ်မှာကို ခန့်မှန်းမိမယ်လို့ ထင်ပါတယ်..ဒါကငါ့ရဲ့ ၀ိညာဥ်စွမ်းရည်အသစ်တစ်ခုပါပဲ ဒါ့အပြင် အတော်လေး အသုံး၀င်ဖို့မရှိတဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုပါ ဒီအကြောင်း အသေးစိတ်တော့ ထပ်ပြီမပြောချင်တော့ဘူး..နည်းနည်းပါးပါး လျှို့၀ှက်ချက်ထားပါရစေဦးလား ”
စာမေးပွဲက အခုစတင်တုန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးနဲ့ အဆုံးသတ်သွားမှာမဟုတ်ပါဘူး။ ဟို့ယွိဟောင်နဲ့ တခြားကျောင်းတော်သားတွေအားလုံးကတော့ ပျော်ပျော်ကြီး သူတို့အတန်းကိုသူတို့ ပြန်သွားပါတော့တယ်။ ထိုက်ဟွပင်းကတော့ အဝေးနေရာမှာတင် စောင့်ဆိုင်းရင်း သူတို့ကို ကြည့်ရှု့နေခဲ့တယ်။ ဒါ့အပြင် ပါးစပ်ကသွေးတွေကို သုတ်ထားပြီ ကြောက်စရာကောင်းတဲ့ အလင်းတန်းတွေကတော့ သူ့မျက်လုံးထဲမှာ ဖြတ်ပြေးနေခဲ့ပါတယ်။
” ဟွပင်း မင်းအဆင်ပြေရဲ့လား ”
ကျုးလုက စိုးရိမ်တကြီးနဲ့ မေးလာခဲ့ပါတယ်။
” ဆရာမုကို ဒီနေ့ခွင့်တိုင်ပေးဦး ငါခဏလောက်အပြင်သွားဦးမယ် ”
ထိုက်ဟွပင်းက ပြောလာခဲ့တယ်။
” ဘယ်သွားမလို့လဲ ”
” မင်းကိစ္စသာ မင်းစိတ်၀င်စားစမ်းပါ ”
ထိုက်ဟွပင်းက ပြောပြီတဲ့နောက် လှည့်ထွက်သွားပါတော့တယ်။
အပိုင်း ၄၉•၂ ပြီး၏။