Switch Mode

Chapter – 48.3

ကြောက်လန့်ဖွယ်ရာ အတားအဆီး

အပိုင်း ၄၈•၃

” ကြောက်လန့်ဖွယ်ရာ အတားအဆီး ”
°°°
ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာ အလင်းတန်းတစ်ခုက တောက်ပလို့လာခဲ့ပြီ သူခပ်တိုးတိုးပြောလိုက်ပါတယ်။

” နှစ်တစ်ရာသားရဲကောင်ကို ကျွန်တော်ရွေးချယ်ပါ့မယ် ”

” နှစ်တစ်ရာသားရဲကောင် မင်းသေချာရဲ့လား ”

ဆရာအနေနဲ့ သူ့ရဲ့စွမ်းရည်တွေကို ဆက်တိုက်ဆိုသလို လေ့လာနေရင်း နားကြားမှားသွားတယ်လို့ ထင်သွားခဲ့ပါတယ်။ စင်မြင့်ပေါ်ကို ပထမဆုံးတက်လာတဲ့ကျောင်းသားက သေချာပေါက် သူတို့နဲ့ သက်တူရွယ်တူတွေထဲမှာ အထူးချွန်ဆုံးဖြစ်မှာပါ။ ဒါပေမယ့် နှစ်တစ်ရာသားရဲကောင်တစ်ကောင်ကိုပဲ ရွေးချယ်တာက အတော်လေးကို ထူးဆန်းနေလှပါတယ်။ အကယ်၍ သူက ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်ဖြစ်မယ်ဆိုရင်တောင် ဒီလိုရွေးချယ်မှုမျိုးကို လုပ်မှာမဟုတ်ပါဘူး။

ဟ်ို့ယွိဟောင်က ခေါင်းညိတ်ရင်း ပြောလိုက်ပါတယ်။

” ကျွန်တော် နှစ်တစ်ရာသားရဲကောင်ကို ရွေးချယ်ပါတယ် ”

သူ့အသံက အရမ်းကို ကျယ်လောင်လွန်လှတဲ့အတွက် အပြင်က ကျောင်းသားတွေတောင်သူ့စကားသံကို ကြားနိုင်နေခဲ့တယ်။

ကျိုးယိလဲ သူမျက်စိရှေ့မှာ ရှိရှိသမျှ အရာအားလုံး ဗဟာဟင်လင်ဖြစ်သွားသလို ခံစားလိုက်ရပြီ စိတ်ထဲမှာ ထအော်နေခဲ့မိတယ်။

” ဟို့ယွိဟောင် ဘာလုပ်ချင်နေတာလဲ ”

တခြားတစ်ဖက်မှာတော့ မုကျင်းက ကျိုးယိရဲ့ ကံဆိုးမှုကို အရသာခံပြီကြည့်နေခဲ့ပါတယ်။ ထိုက်ဟွပင်းကတော့ လန့်သွားခဲ့ပေမဲ့ ပထမဆုံးအနေနဲ့ သူ့မျက်နှာပေါ်မှာ စိတ်ပျက်လက်ပျက်အမူအရာက ပေါ်လာခဲ့ပါပြီ။

ဟို့ယွိဟောင်ရဲ့ တင်းခံမှုအောက်မှာ ဒိုင်ကလဲခေါင်းညိတ်လိုက်ပါတယ်။

” ဒါဆိုရင် နှစ်တစ်ရာသားရဲကောင်ကို ငါရွေးချယ်ပေးမယ်..အဆင်သင့်ဖြစ်ပြီးလား ”

” အဆင်သင့်ပါပဲ ”

ဟို့ယွိဟောင်က တစ်စက်လေးတောင် မတွေးဝေပဲ ပြန်ဖြေလိုက်ပါတယ်။

” စမ်းသပ်ချက်အခုစတင်မယ် ”

ဒိုင်ကအဝေးနေရာကို လှမ်းပြီးအချက်ပြလိုက်ပါတယ်။ ချက်ချင်းဆိုသလို သံကြိုးကြီးတွေနဲ့ စက်ကိရိယာတွေ လှည့်ပတ်တဲ့အသံ ထွက်ပေါ်လာခဲ့ပါပြီ။ အဝေးနေရာမှာတော့ ဂိတ်တံခါးတွေက ဖြည်းဖြည်းချင်းပွင့်လာပါတော့တယ်။ အဲ့ဒီနောက် ရူးသွပ်နေတဲ့ တစ်စုံတစ်ရာပြေးထွက်လာတဲ့အသံနဲ့ ကြောက်စရာဟိန်းဟောက်သံကို ကြားလိုက်ရပါတော့တယ်။ ဟို့ယွိဟောင်ကို ရယ်မောရင်း အလုပ်များနေကြတဲ့ကျောင်းသားတွေအားလုံး တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ ပထမဆုံးအကြိမ်အနေနဲ့ဒီလိုအခြေအနေမျိုးကို သူတို့မြင်တွေ့ခဲ့ရတာပါ။ ဒါ့အပြင် မဖော်ပြနိုင်လောက်အောင် ပြင်းထန်တဲ့ဖိအားက သူတို့အပေါ်ကို ကျရောက်လာပါတော့တယ်။

စင်္ကြာရဲ့အတွင်းထဲကနေ အစိမ်းရောင်အလင်းတန်းက ပြေးထွက်လို့လာခဲ့ပါတယ်။ သူ့ရဲ့အရှိန်နှုန်းက အရမ်းကိုမြန်ဆန်လွန်လှပြီ မီတာဒါဇင်ချီကို စက္ကန့်ပိုင်းအတွင်း ဖြတ်ကျော်လာခဲ့ရင်း ဟို့ယွိဟောင်ကို ခုန်အုပ်ဖို့လုပ်ပါတော့တယ်။ နှစ်မီတာကျော်ရှည်လျားတဲ့ ခန္ဓာကိုယ်နဲ့ တစ်မီတာကျော်မြင့်မားတဲ့ ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ အစိမ်းရောင်အမွေးဖွာဖွာတွေက ဖုံးလွှမ်းလို့နေခဲ့ပြီ လေနဲ့အတူလွှင့်မျောလို့နေခဲ့ပါတော့တယ်။ အညိုဖျော့ရောင်မျက်လုံးတစ်စုံကတော့ စိတ်လှုပ်ရှားမှုအပြည့်ပါပဲ။ ဒါကတော့ အလျင်အမျိုးအစား လေစိတ်၀ိညာဥ်၀ံပုလွေပါပဲ။

ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ ရုတ်တရက်ပြောင်းလဲသွားပါတော့တယ်။ ထိတ်လန့်နေတဲ့လူတွေအကြည့်အောက်မှာ သွေးနီရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းက သူ့ခြေထောက်အောက်မှာ ချက်ချင်းဆိုသလို ပေါ်လာပါတော့တယ်။ ဒါ့အပြင် ဖြူဖျော့ဖျော့ရွှေရောင်အလင်းတန်းတွေကလဲ အဲ့ဒီအနီရောင်၀ိညာဥ်စက်ကွင်းပေါ်မှာ တောက်ပနေခဲ့တယ်။ ဒါတွေပေါ်လာချိန်မှာ ဟို့ယွိဟောင်ရဲ့ မျက်လုံးတွေတောင် အနီရောင်ပြောင်းသွားခဲ့ပါပြီ။

ရှေးရှေးခေတ်ရဲ့ကြောက်စရာအရှိန်အ၀ါတွေ ရုတ်တရက်ပေါ်လာတာကို လူတိုင်းခံစားလိုက်မိပါတော့တယ်။ သူ့ဘေးနားမှာရှိနေတဲ့ သူတွေအားလုံးလဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ဗဟိုပြုရင်း လှည့်ပတ်နေတဲ့ သွေးနီရောင်အလင်းတန်းတွေကို မြင်ချိန်မှာ ရှေးရှေးခေတ်ရဲ့ကြောက်စရာနတ်ဆိုးတစ်ကောင်မွေးဖွားလာသလိုမျိုး ခံစားလိုက်မိပါတော့တယ်။

” အား၀ူး ”

သနားစရာကောင်းလောက်အောင် အော်ဟစ်နေတဲ့အသံနဲ့အတူ ခုန်၀င်ဖို့ပြေးလာခဲ့တဲ့ ၀ံပုလွေကလဲ လေထဲမှာ ရပ်တန့်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် မြေပြင်ပေါ်မှာတအီးအီးမြည်သံနဲ့အတူ သနားစရာကောင်းလောက်အောင် ခေါင်းကိုဖွက်ရင်း လှဲလှောင်လို့နေပါတော့တယ်။ ဒါ့အပြင် အညစ်အကြေးတွေကတောင် သူ့ရဲ့ခြေထောက်အောက်မှာ ထွက်ပေါ်နေခဲ့ပြီ ဆီးတွေကလဲ အမြီးကိုတောင် စ်ိုစွတ်သွားစေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ များပြားလွန်လှတဲ့ အော်သံတွေကို အဝေးနေရာဂူတွေထဲကနေ ထွက်ပေါ်လာတာ ကြားလိုက်ရပါတော့တယ်။

အနီရောင်၀ိညာဥ်စက်ကွင်းတွေက ဘာကိုကိုယ်စားပြုတာလဲ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေပါ။ ဒါ့အပြင် ပထမတန်းစားနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေကြီးပါပဲ။ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေအားလုံးက ရှားပါးလွန်လှတဲ့အပြင် ကျောင်းသားတွေမပြောနဲ့ ရှိနေတဲ့ဆရာတွေတောင်မှ ဒါမျိုးကို မမြင်ဖူးခဲ့ပါဘူး။

ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်အနေနဲ့ အနီရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းကို ထုတ်ပြတာမဟုတ်ပဲ နှစ်ကွင်းကို ထုတ်ပြခဲ့တာပါ။ မျက်မြင်တွေ့ကြုံရတဲ့ အနေအထားဖြစ်ပါစေ ကြောက်စရာအရှိန်အ၀ါဖြစ်ပါစေ ဒီနေရာမှာရှိရှိသမျှ အရာအားလုံးကို တိတ်ဆိတ်ပြီ တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒါပေမယ့် ကြီးမားကျယ်ပြန့်လွန်လှတဲ့ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေရဲ့အတွင်းထဲမှာ ရှိနေခဲ့တဲ့ လှောင်ချိုက်ဆန်၀ိညာဥ်သားရဲကောင်တွေတင် ဒီအရာတွေရဲ့ သက်ရောက်မှုကို ခံစားနေရတာမဟုတ်ပဲ ကျောင်းသားတွေနဲ့ ဆရာတွေအားလုံးပါ သက်ရောက်မှုကို ခံစားနေခဲ့ရတာပါ။ သူတို့အနေနဲ့ မယှဥ်သာနိုင်လောက်အောင် ကြောက်စရာကောင်းလွန်လှတဲ့ အရိုင်းဆန်ဆန်သားရဲကောင်ကြီးတစ်ကောင်နဲ့ မျက်နှာချင်ဆိုင်နေရသလိုမျိုး အကြောက်တရားတွေအပြည့် ဖြစ်ပေါ်လာပါတော့တယ်။ ဒီလိုကြောက်စရာကောင်းလွန်တဲ့ အငွေ့အသက်တွေအောက်မှာ အားလုံးက သိုင်းပညာ၀ိညာဥ်တွေနဲ့ ၀ိညာဥ်စက်ကွင်းတွေကို ချက်ချင်းထုတ်လွှတ်နေရင်းခုခံဖို့အတွက် အသင့်ပြင်မိကြပါတော့တယ်။

သတ္တိမကောင်းကြတဲ့ အမျိုးသမီးကျောင်းတော်သားတချို့ကတော့ ကြောက်လန့်တကြားနဲ့ အော်ဟစ်နေရင်း ပရမ်းပတာတွေ ဖြစ်နေခဲ့တဲ့အတွက် ဆရာတွေတောင်မှ သူတို့ကို မထိန်းနိုင်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် စင်မြင့်အလယ်မှာရှိနေခဲ့တဲ့ ကလေးကိုကြည့်ရင်း ဆရာတွေရဲ့မျက်နှာကတောင် ဖြူဖျော့နေခဲ့ကြပါပြီ။

သုဝေ့လွမ်ကတော့ သူထိုင်ခုံကနေ ထရပ်ရင်းနဲ့ သူခြေထောက်အောက်ဖက်မှာလဲ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းစလုံးကို ထုတ်လွှတ်ထားခဲ့မိပါတယ်။ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ အရှိန်အ၀ါကို ခံစားမိချိန်မှာ သူတစ်ယောက်ထဲတင် ချွင်းချက်မဟုတ်ခဲ့ပါဘူး။ ရှိရှိသမျှ လူတွေအားလုံးက ၀ိညာဥ်စက်ကွင်းတွေကို ထုတ်လွှတ်ထားရင်း တိုက်ခိုက်ဖို့အသင့်ပြင်နေကြတာပါ။

” မဖြစ်နိုင်လိုက်တာ သူက ဆယ့်နှစ်နှစ်ပဲရှိသေးတယ်လေ ဘယ်လိုလုပ်နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေ ရှိနေရတာလဲ ဒါပေမယ့် အဲ့ဒီအရှိန်အ၀ါက သေချာပေါက် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ အရှိန်အ၀ါပဲ ဒါ့အပြင် ငါတွေ့ဖူးခဲ့သမျှ သားရဲကောင်တွေထက်လဲ သန်မာနေသေးတယ်…သူဘယ်လိုလုပ်လိုက်တာလဲ ”

အနီရောင်အလင်းတန်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ မျက်လုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီတဲ့နောက် ၀ိညာဥ်စက်ကွင်းတွေကလဲ ပြန်၀င်သွားပါတော့တယ်။ ကြောက်စရာအရှိန်အ၀ါပျောက်ကွယ်သွားပြီတဲ့နောက် ဘယ်တုန်းကမှ မတည်ရှိဖူးတဲ့အတိုင်း ပြန်ငြိမ်သက်သွားပါတော့တယ်။ အရာအားလုံးကတော့ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အစွမ်းအစအရှိန်အ၀ါတွေက အဝေးကြီးကိုတော့ မပြန့်နှံ့ခဲ့ပါဘူး။ ကြီးမားကျယ်ပြန့်တဲ့ဒီသားရဲကောင်တိုက်ခိုက်ရေးနယ်မြေကြီးတစ်ခုလုံးကိုသာ သက်ရောက်မှုရှိစေခဲ့တာပါ။

ရှိရှိသမျှ ဂူတွေထဲကနေ ဆိုးရွားတဲ့အနံ့အသက်တွေက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် အနံ့တွေကလဲ ပိုမိုဆိုးရွားလာပါတော့တယ်။

ဟို့ယွိဟောင်က မျက်လုံးအပြူးသားဖြစ်နေတဲ့ ဆရာနှစ်ယောက်ကို လှည့်ကြည့်လာခဲ့ပါတယ်။ အဲ့ဒီနောက် တလေးတစားနဲ့ဦးညွတ်ရင်း မေးလိုက်တယ်။

” ဆရာတို့ကျွန်တော်စမ်းသပ်ချက်ပြီးပါပြီ ”

ဒီစမ်းသပ်ချက်က အဆုံးသတ်လို့သွားခဲ့ပါပြီ။ နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်ဖြစ်နေတဲ့ လေစိတ်၀ိညာဥ်၀ံပုလွေကလဲ ကြောက်စရာကောင်းလွန်လှတဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်နဲ့ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရမလို ဖြစ်သွားခဲ့တာပါ။ ဒါကြောင့် သူကြောက်လွန်လို့ အသံမထွက်ရုံတမယ်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံးကလဲ စိုရွဲနေခဲ့ပြီ မြေပြင်ပေါ်မှာ လှဲလှောင်ရင်း ပါးစပ်ကနေအမြုပ်တစီးစီးတောင် ထွက်နေခဲ့တယ်။ သူ့မှာပြန်တိုက်ခိုက်ဖို့ ဘယ်လိုအစွမ်းအစကျန်ရှိနေဦးမှာလဲ။ အသက်မထွက်ဖို့တောင် ရုန်းကန်နေခဲ့ရတာပါ။

ဒိုင်တွေကလဲ ဘာပြောရမယ်မှန်းမသိ ဖြစ်နေခဲ့တယ်။ နောက်ဆုံးစမ်းသပ်ချက်ပွဲတွေမှာ သူဒိုင်လုပ်ရတာ အကြိမ်ကြိမ်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် သူ့မြင်ခဲ့ရတဲ့အစွမ်းအစတွေဆိုတာ မိုးနတ်မင်းကြီးသာ သိနိုင်လောက်တဲ့အထိကို များပြားလွန်လှပါတယ်။ ဒါပေမယ့် အခုအခြေအနေမျိုးကို တွေ့ရတာ သူကိုယ်တိုင်အတွက်တောင် ပထမဆုံးအကြိမ်ပါပဲ။

ကျောင်းတော်က မိစ္ဆာတွေကို မွေးထုတ်တဲ့နေရာမှာ အတော်ကို ကျော်ကြားပေမဲ့ ဒီလောက်ကြီးအထိ မိစ္ဆာဆန်နေတာက မဖြစ်သင့်ဘူးမလား။ ဒုတိယနှစ်ကျောင်းတော်သားတစ်ယောက်က နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေရှိနေတယ်။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေက နှစ်ခုကြီးတောင်။

အစောပိုင်းတုန်းက ထိတ်လန့်မှုတွေ ပျောက်ကွယ်လို့မသွားပေမဲ့ လူတိုင်းရဲ့အတွေးကတော့ တစ်ခုထဲပါပဲ။

” ဘာတွေဖြစ်ကုန်တာလဲ ”

ကျိုးယိနဲ့ ၀မ်သုန့်ကသာ ချွင်းချက်ဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ညတုန်းက သူတို့လန်ပြီခဲ့လို့ပါ။ ဒါ့အပြင် မနေ့ညက ထိတ်လန့်မှုထက်တောင် ဒီတစ်ခေါက်ရိုက်ခတ်မှုကပိုပြီးကြီးမားနေခဲ့ပါသေးတယ်။

ကျိုးယိအနေနဲ့ ဟို့ယွိဟောင်ရဲ့ တုပနိုင်တဲ့စွမ်းရည်က အံ့ဩစရာကောင်းမယ်လို့ ပြောတာကို ကြားဖူးခဲ့ပေမဲ့ သူမအနေနဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ ရလဒ်မျိုးရလာခဲ့မယ်လို့ မထင်ထားခဲ့မိပါဘူး။ ဒါ့အပြင် သူ့ခင်ပွန်းပြောတာကိုတောင် သူမယုံနိုင်ဖြစ်နေခဲ့ပါသေးတယ်။ လက်ရှိအချိန် တိုက်ပွဲမှာသူ့ရဲ့အမွှာ၀ိညာဥ်ကိုတောင် ထုတ်မသုံးရသေးပါဘူး။

အမှန်ပါပဲ ဟို့ယွိဟောင်ရဲ့ပြိုင်ဘက်က သာမန်ကျင့်ကြံထားတဲ့နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်သာ ဖြစ်ပေမဲ့ သူက အစကနေအဆုံးအထိ တစ်ချက်လေးတောင် မလှုပ်ရှားလိုက်ပဲ တိုက်ပွဲကို သိုင်းပညာ၀ိညာဥ်ထုတ်လွှတ်ရုံနဲ့တင် ပြီးသွားခဲ့တာပါ။ ဒီရလဒ်ကို ဆိုးရွားတယ်လို့ ဆုံးဖြတ်နိုင်မလား ဒါက သေချာပေါက် အထွဠ်အထိပ်ရောက်နေတဲ့ ထိန်းချုပ်မှုပါပဲ။ လက်ရှိအချိန်မှာတော့ ကျိုးယိအနေနဲ့ ဘာကြောင့် နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်ကို ရွေးချယ်လိုက်လဲဆိုတာ နားလည်လို့သွားခဲ့ပါပြီ။ သူ့အနေနဲ့ အပြည့်အ၀ယုံကြည်ချက် ရှိချင်လို့ပါ။ သားရဲကောင်က သန်မာမယ်ဆိုရင်တောင် နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေအရှိန်အ၀ါအောက်မှာ တိုက်ခိုက်တာကို လက်လျှော့သွားမှာလား။ လက်လျှော့မယ်ဆိုရင်တောင် နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်လောက် တုန့်ပြန်မှုမကြီးမားနိုင်ပါဘူး။

ဟို့ယွိဟောင်ရဲ့ ထုတ်ဖော်ပြသမှုကနေ ရရှိလာတဲ့ စိတ်ဓာတ်ပိုင်ဆိုင်ရာထိခိုက်မှုရော ရုပ်သွင်ဆိုင်ရာထိခိုက်မှုမျိုးက ကြီးမားလှပါတယ်။ ရလဒ်အနေနဲ့ အတန်းတွေအားလုံးထိတ်လန့်သွားရုံတင်မက ဆရာတွေပါ ထိတ်လန့်သွားရတယ်။ ဒီတစ်ကြိမ်မှာတော့ ရှိရှိသမျှ လူတွေအားလုံးက တိတ်ဆိတ်နေခဲ့ကြရင်း သူ့အတန်းသူပြန်သွားတဲ့ ဟို့ယွိဟောင်ကိုကြည့်ပြီ ကြောင်ကြောင်အအ ဖြစ်နေခဲ့ပါတယ်။

ကျိုးစီချန်ကလဲ ပါးစပ်အပြည့် တံတွေးတွေကိုမြိုချရင်း ပြောလာခဲ့တယ်။

” ဆရာကြီးဟို့ရေ မင်းက နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ပြန်၀င်စားပြီ လူဖြစ်လာတာတော့ မဟုတ်ဘူးမလား ကြောက်စရာကောင်းလိုက်တာ ငါ့ဘောင်းဘီတွေတောင် စိုကုန်တော့မလို နည်းနည်းပဲလိုတယ် ”

ချိုက်ကျင်းရွှမ်ကလဲ သံယောင်လိုက်ပြီ ပြောပါတော့တယ်။

” ငါတောင်မှ ဒူးတွေချောင်ပြီ လှဲကျတော့မလို့ ”

တခဏတာ တအံ့တဩဖြစ်နေပြီတဲ့နောက် အလယ်မှာရှိနေခဲ့တဲ့ဒိုင်က ညွှန်ကြားရေးမှုးသုဝေ့လွမ်ကို လှမ်းကြည့်လိုက်ပါတယ်။ သူတို့ရဲ့အကြည့်တွေကတော့ ထင်ထင်ရှားရှားစကားတစ်ခွန်းကို ပြောဆိုနေခဲ့တယ်။

” ငါတို့အခုဘာလုပ်ကြတော့မလဲ ”

အမှန်တကယ်ပါပဲ သူတို့ဘာလုပ်သင့်လဲ လက်ရှိအခြေအနေက သာမန်အနေအထားထက်ကို အများကြီး ပိုပြီးကျော်လွန်နေခဲ့ပါပြီ။ ပြောရမယ်ဆိုရင် သူတို့ဘယ်လိုဆက်သွားရတော့မလဲ ဘယ်လိုပဲမယုံနိုင်ပါစေ ကျောင်းသားအသစ်တစ်ယောက်အနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းနှစ်ကွင်းကို ရှိနေခဲ့ပြီ နှစ်တစ်ရာ၀ိညာဥ်သားရဲကောင်ကို သေမတတ်ကြောက်လန့်သွားစေခဲ့ပါတယ်။ ဟို့ယွိဟောင်က စာမေးပွဲအောင်သွားခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့အမှတ်ကို ဘယ်လိုဆုံးဖြတ်ရတော့မလဲ။

ဒီတစ်ကြိမ်မှာပဲ ရုတ်တရက်ဆိုသလို ကြီးမားလွန်လှတဲ့ လှုပ်ခတ်မှုတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။ သူတို့ရဲ့ အရှေ့မှာမျက်နှာတစ်ခုလုံး ခရမ်းချဥ်သီးလိုနီရဲနေတဲ့ အဘိုးကြီးတစ်ယောက်က ပေါ်လာခဲ့ပါပြီ။ အရပ်ရှည်ရှည်ပိန်ပိန်သွယ်သွယ်နဲ့ အဲ့ဒီအဘိုးကြီးရဲ့တစ်ကိုယ်လုံးမှာ လူတိုင်းကို အာရုံစိုက်စေတာတော့ အနီရောင်ဆံပင်တွေပါပဲ။ သူ့အရှေ့ကိုပြေးလာနေရင်းနဲ့ အော်ဟစ်ဟိန်းဟောက်လိုက်ပါတယ်။

” ဘာတွေဖြစ်ကုန်တာလဲ ဘယ်ကောင်လုပ်တာလဲ နှစ်တစ်သောင်းအောက်မှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေအားလုံးက ကြောက်လွန်လို့ဒူးတွေမခိုင်းတော့ပဲ ဖြစ်ကုန်ကြပါပြီ ဒါ့အပြင် အားလုံးကလဲ အရမ်းအားနည်းနေလို့ သတိလစ်မတတ်ဖြစ်နေတယ်…သုဝေ့လွမ် မင်းလုပ်လိုက်တာလား ”

သုဝေ့လွမ်ကတော့ သူ့ဘာသာသူ အားတင်းရင်း ပြုံးပြလိုက်ပါတယ်။

” ဆရာကြီးကုန် ကျွန်တော်လုပ်တာ မဟုတ်ရပါဘူး ”

သူပြောရင်းနဲ့ စင်မြင့်ပေါ်ကနေ ခုန်ဆင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် အဘိုးကြီးရဲ့ အနားကိုရောက်ရှိလာရင်း ဖြစ်သမျှအအားလုံးကို ခပ်တိုးတိုးရှင်းပြတော့တယ်။

အနီရောင်ဆံပင်နဲ့ အဘိုးကြီးကတော့ ကုန်ချန်းလုံလို့ နာမည်ရပါတယ်။ ဒါ့အပြင် သူက ဒီနယ်မြေကို ထိန်းချုပ်ရတဲ့သူပါပဲ။ ကျောင်းတော်ထဲမှာအတော်ကို မြင့်မားတဲ့ရာထူးပိုင်ဆိုင်ထားရုံတင်မက ၀ိညာဥ်သားရဲကောင်တွေကို လေ့လာတဲ့နေရာမှာလဲ အတော်လေးကို မြင့်မားတဲ့အသိပညာရှင်ဖြစ်နေခဲ့ပါတယ်။ သုဝေ့လွမ်အနေနဲ့တောင် ဒီလိုလူမျိုးကို တလေးတစားနဲ့ ပြောရတယ်။

” ဒီလိုကိစ္စမျိုးဖြစ်တယ်လား မဖြစ်နိုင်လိုက်တာ လုံး၀မဖြစ်နိုင်လိုက်တာ သူ့မှာဘယ်လိုမူလပါရမီမျိုး ရှိနေလို့လဲ ဘယ်လိုကောင်းကင်ရတနာမျိုးကို မှီခိုလို့လဲ မဖြစ်နိုင်လိုက်တာ အသက်ဆယ့်နှစ်နှစ်ကလေးတစ်ယောက်က နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းတွေကို တုပနိုင်တယ်တဲ့ မင်းပြောတာ ဘယ်ကလေးလဲ သူ့ကို ခေါ်လာခဲ့စမ်း ငါသေချာကြည့်မယ် ”

ကုန်ချန်းလုံက အတာ်လေးကို ဒေါသကြီးတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် ချက်ချင်းဆိုသလို စိတ်မထိန်းနိုင်ပဲ သူအော်ဟစ်ပါတော့တယ်။

ရှက်ရွံ့နေတဲ့ သုဝေ့လွမ်က ပြောလာခဲ့တယ်။

” ဆရာကြီးရေ ကျွန်တော်တို့အခုစာမေးပွဲရဲ့အလယ်မှာရောက်နေခဲ့တာပါ စာမေးပွဲပြီးတဲ့အထိ စောင့်ဖို့စိတ်ကူးလေးများ မရှိဘူးလား ”

ကုန်ချန်းလုံကတော့ သူ့ကိုဒေါသတကြီးနဲ့ ပြန်ပြောပါတော့တယ်။

” မင်းဘိုး​ဘေးကြီးကိုပဲ သွားစောင့်ခိုင်းလိုက် မင်းငါပြောတာနားထောင်ပြီ နားရောပါရဲ့လား နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင် မဖြစ်သေးတဲ့၀ိညာဥ်သားရဲကောင်တွေအားလုံးက ကြောက်လွန်လို့သေမတတ်ဖြစ်နေခဲ့ပြီ ဒါ့အပြင် နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်တွေ အားလုံးနဲ့ အတူတူပဲ သူတို့တောင် သတိလစ်တော့မတတ်ဖြစ်နေတာ မင်းဘယ်လိုအစီအစဥ်နဲ့ စမ်းသပ်ချက်ကို ဆက်လုပ်ဖို့တွေးနေတာလဲ ဒီကောင်တွေလန့်တာပျောက်ဖို့ နှစ်ရက်သုံးရက်လောက်တော့ အချိန်ယူရဦးမယ်..ဒါ့အပြင် အခုလက်ရှိအချိန် ပုံအောနေတဲ့သူတို့ရဲ့အညစ်အကြေးတွေကို ရှင်းလင်းပြစ်ဖို့ငါ့လူတွေ ဘယ်လောက်တောင်အချိန်ယူရမလဲဆိုတာ တွေးတောင်မတွေးတတ်သေးဘူး ..ဒီကောင်စုတ်တွေ နေရာတကာမှာအညစ်အကြေးမစွန့်ဖို့ငါဘယ်လောက်အထိ ခက်ခက်ခဲခဲလေ့ကျင့်ထားရလဲသိလား အခုတော့ ရှိရှိသမျှ ကြိုးစားအားထုတ်မှုတွေအားလုံး အလဟာသဖြစ်သွားပြီ ”

သုဝေ့လွမ်အနေနဲ့ ကိစ္စတွေဒီလောက်ဆိုးရွားသွားမယ်လို့ မထင်ထားခဲ့မိတာအမှန်ပါ။ လက်ရှိအချိန်မှာ သူလဲ နောက်ဆုံးစာမေးပွဲကို ဆက်ပြီလုပ်လို့မဖြစ်တော့ပါဘူး။ ဒီလိုအရေးမကြီးဘူးလို့ထင်ရတဲ့ကိစ္စက ကျောင်းသားတွေအားလုံးရဲ့ သင်ကြားမှုကိုလဲ ရိုက်ခတ်မှုဖြစ်သွားခဲ့ပါပြီ။

” ကောင်းပါပြီဆရာကြီးကုန် ကျွန်တော်အားလုံးကို ရှင်းပြလိုက်ပါဦး ခဏလောက်စောင့်ပါ ”

သုဝေ့လွမ်က လှည့်ထွက်သွားရင်း အတန်းတွေရဲ့ကျောင်းသားတွေဆီ ရောက်ရှိလို့သွားပါတော့တယ်။ တခဏတာ ရပ်တန့်လိုက်ပြီတဲ့နောက် သူပြောလိုက်တယ်။

” အခြေအနေအကြောင်းအရင်းတွေအမျိုးမျိုးကြောင့် ငါတို့ရဲ့ ဒီနေ့နောက်ဆုံးစာမေးပွဲစမ်းသပ်ချက်ကို ခေတ္တရပ်ဆိုင်းထားပါ့မယ်..ဆရာတွေအားလုံးကျောင်းသားတွေကို အတန်းတွေဆီပြန်ခေါ်သွားပြီ စာသင်ကြားပါ ”

ကျိုးယိက ခပ်မြန်မြန် မေးလာခဲ့ပါတယ်။

” ညွှန်ကြားရေးမှုးသု ဟို့ယွိဟောင်ရဲ့စမ်းသပ်ချက်ကရော ဘယ်လိုလဲ ”

သုဝေ့လွမ်က မျက်မှောင်ကြုတ်ရင်း ပြောလာခဲ့ပါတယ်။

” သူအောင်သွားပြီလို့ပဲ ပြောရမှာပေါ့ ဟို့ယွိဟောင် ငါနဲ့လိုက်ခဲ့ ”

သူပြောပြီတာနဲ့ ဆရာကြီးကုန်ဖက်ကို လှည့်သွားပါတော့တယ်။

ဒါပေမယ့် ဟို့ယွိဟောင်က သူ့နောက်ကို ချက်ချင်းလိုက်မလာခဲ့ပါဘူး။ အဲ့ဒီအစား အတန်းနံပါတ်နှစ်ဘက်ကိုလှည့်ရင်း ထိုက်ဟွပင်းကိုကြည့်ကာ သူပြောလာလိုက်ပါတော့တယ်။

” ငါ့ကိုအပြင်မှာစောင့်နေ အကယ်၍ ငါသာ မမှားဘူးဆိုရင် ငါတို့ရဲ့ လောင်းကြေးအရ အမှတ်မြင့်တဲ့သူက နိုင်တဲ့သူပဲ မင်းရှုံးသွားပြီ မင်းငါ့ကို ဦးချကန်တော့ပြီ မင်းမှားတယ်လို့ပြောတာ ငါစောင့်နေမယ် ”

အပိုင်း ၄၈•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset