အပိုင်း ၄၇•၃
” အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဲ့ အဆောင်အယောင် ”
°°°
သင်ကြားရေးနယ်မြေရဲ့ဆရာနှစ်ယောက်ကလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။
” ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားတဲ့လား ”
မုကျင်းက ချက်ချင်းဆိုသလို ၀င်ပြောပါတော့တယ်။
” ကျိုးယိ မင်းကအကြောင်းပြချက်ပေးမယ်ဆိုရင်လဲ ယုံရလောက်တဲ့တစ်ခုခုကို ပြောစမ်းပါ ငါတို့ရဲ့ကျောင်းတော်မှာ ဘယ်တုန်းကများ ပထမနှစ်ကျောင်းသားကို အဓိကအတွင်းတပည့်သားအဖြစ် လက်ခံလို့လဲ အနည်းဆုံးတတိယနှစ်ကို ပြီးမြောက်မှ စမ်းသပ်ချက်ကို အောင်မြင်ပြီလက်ခံတယ်ဆိုတာ သိတယ်လေ ငါတို့ကို ဘယ်လိုများ အရူးလာလုပ်နေတာလဲ ”
ချက်ချင်းဆိုသလို ဆရာလုက ပြောလာပါတော့တယ်။
” ဆရာမု ဒီကိစ္စကို ငါတို့ကိုင်တွယ်မှာပါ မင်းအနေနဲ့ အတန်းနံပါတ်နှစ်ကိုပြန်ပြီး ကိုယ့်ကျောင်းသားတွေကို ပြန်ကြည့်လိုက် ”
ကျိုးယိရဲ့ အကြောင်းပြချက်က သူတို့အနေနဲ့ အမှန်ဖြစ်နေမယ်လို့ မထင်နိုင်စရာပါပဲ။ ဒီတစ်ကြိမ်မှာ မုကျင်းကတော့ ဒေါသအရမ်းထွက်နေခဲ့ပါပြီ။
” ဒီကိစ္စ ဖြေရှင်းပြီတာနဲ့ ကျောင်းတော်အနေနဲ့ ငါ့ကို သတင်းပို့ပေးမယ်လို့ မျှော်လင့်ပါတယ်.”
” ရလဒ်ကို ငါအခုအချက်ချင်းပြောပြလိုက်မယ်..ဟို့ယွိဟောင်က ငါတပည့်ပဲ ဒါ့အပြင် ငါတို့၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်း ကျောင်းတော်အနေနဲ့ အဓိကအတွင်းတပည့်သား ”
လူတစ်ယောက်က ချက်ချင်းဆိုသလို ပေါ်လာပါတော့တယ်။ အဲ့ဒါကတော့ သုဝေ့လွမ်နဲ့ လိုက်လာတဲ့ ဖန်းယွီပါ။
” ညွန်ကြားရေးမှုး ”
သင်ကြားရေးနယ်မြေရဲ့ ဆရာနှစ်ယောက်လဲ ခပ်မြန်မြန်ပဲ နှုတ်ဆက်ကြပါတယ်။
သုဝေ့လွမ်က အတန်းထဲကို၀င်လာရင်း ပြောလိုက်တယ်။
” ကျောင်းအုပ်ရန်ရှောင်ကျဲ့နဲ့ ကျောင်းအုပ်ချင်းသောသောတို့ နှစ်ယောက်ရဲ့ သဘောတူညီချက်အရ ဟို့ယွိဟောင်အနေနဲ့ ယာယီအတွင်းတပည့်သားအဖြစ် မရှိတော့ပါဘူး..အဲ့ဒီအစား သူ့ကို ၀ိညာဥ်လက်နက်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကျောင်းတော်ရဲ့ အဓိကအတွင်းတပည့်သားအဖြစ် တရား၀င်သတ်မှတ်လိုက်ပါပြီ..ဒါ့အပြင် သူဒီလိုသတ်မှတ်ခံရတဲ့အဓိကအကြောင်းအရင်းကတော့ ဆရာဖန်းယွီကိုယ်တိုင်လုပ်ဆောင်ခိုင်းလိုက်တဲ့ကိစ္စကို အောင်မြင်သွားလို့ပါပဲ ဒါကြောင့် ဒီကိစ္စက ဒီနေရာမှာအဆုံးသတ်သွားပြီ ဟို့ယွိဟောင်အနေနဲ့ အတန်းနံပါတစ်မှာဆက်ပြီနေထိုင်ရင်း သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ အသိပညာတွေကို တတိယနှစ်အထိ သင်ကြားလို့ရပါတယ်..တတိယနှစ်ရောက်ရင်တော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ကို ပြောင်းရွေ့ရလိမ့်မယ် ”
သုဝေ့လွမ်ရဲ့ ကြော်ငြာစကားကို ကြားချိန်မှာ ဆရာတွေအားလုံး တိတ်ဆိတ်လို့သွားပေမဲ့ မုကျင်းကတော့ မယုံနိုင်သေးပါဘူး။ သူ့အမြင်အရ ဖန်းယွီက ကျိုးယိရဲ့တောင်းဆိုချက်ကြောင့်သာ ဒီလိုမျိုး လာကူညီတာပါ ဒါ့အပြင် အဲ့ဒီလိုနည်းလမ်းမျိုးကို မသုံးသင့်ပါဘူး။ သူက သုဝေ့လွမ်ကိုတောင် ခေါ်လာပါသေးတယ်။
” မဟုတ်ဘူး ညွှန်ကြားရေးမှုးသု သူက အတွင်းတပည့်သားဖြစ်လာဖို့လုံး၀ကို မဖြစ်နိုင်ဘူးလေ သူ့မှာ ဘာအရည်အချင်းရှိလို့လဲ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ရဲ့အဓိကအတွင်းတပည့်သားဖြစ်လာဖို့ အရမ်းကို ပါရမီရှိပြီ ၀ိညာဥ်လက်နက်ဖန်တီးတဲ့နေရာမှာ အတွေ့အကြုံမြင့်မှဖြစ်မှာလေ ”
မုကျင်းက မကျေမနပ်နဲ့ ပြောလာခဲ့ပါတယ်။
ဖန်းယွီက အော်လိုက်တယ်။
” ဟို့ယွိဟောင် မတ်တပ်ရပ်ပြီ ဒီလိုလာခဲ့ ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ထရပ်ရင်းအရှေ့ကိုလာပါတော့တယ်။ သူ့အနေနဲ့ မုကျင်းဘာကြောင့်များ ဒီလောက်အထိ ပစ်မှတ်ထားနေလဲဆိုတာ မသိပါဘူး။ ဆရာတွေရဲ့အရှေ့မှာတောင် သူက အေးအေးဆေးဆေးနဲ့ လျှောက်လာခဲ့ပါတယ်။ သူ့ရဲ့စိတ်ထဲမှာတော့ နွေးထွေးနေခဲ့တယ်။ ကျိုးယိ ၀မ်ယန်နဲ့ ဖန်းယွီအားလုံးက သူ့ကို ကာကွယ်ပေးနေခဲ့တာကြောင့် ယုံကြည်ချက်လဲအပြည့်ရှိနေခဲ့ပါတယ်။
ဖန်းယွီက လက်ကိုခါလိုက်ချိန်မှာ ဆဋ္ဌဂံပုံစံအပြာရောင်လက်ပတ်ကလေးက ပေါ်လာပါတော့တယ်။ ဒီလက်ပတ်ရဲ့အပေါ်မှာ စိန်ပွင့်နှစ်ပွင့်က ကြယ်တာရာတွေလိုမျိုး နစ်မြုပ်လို့ထားခဲ့တယ်။
” ဟို့ယွိဟောင်က လူသစ်တွေရဲ့ စာမေးပွဲပြီးဆုံးချိန်ကနေစပြီ ငါတို့ဌာနမှာ ငါတို့ရဲ့ ညွှန်ကြားမှုအောက် ၀ိညာဥ်လက်နက်တွေဖန်တီးတဲ့ အနုပညာကို သင်ယူခဲ့တယ်…ရှစ်လကြာပြီချိန်တဲ့နောက် စစ်ဆေးမှုကို ပြီးမြောက်အောင်မြင်ပြီ ငါရဲ့ ညွှန်ကြားမှုးအောက်မှာ အဆင့်နှစ်၀ိညာဥ်လက်နက်တည်ဆောက်ရေးပညာရှင် ဖြစ်လာခဲ့တယ်…ဒါ့အပြင် ကျောင်းတော်နဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ လောကမှာဖန်တီးထားတဲ့ အဆင့်အတန်းအရ လက်ထောက်ကျောင်းအုပ်ချင်းသောသောကို ငါကိုယ်တိုင်မေးမြန်းခဲ့တယ်..သူရဲ့အတည်ပြုချက်အရ သူ့ကို အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဖြစ် အဆောင်အယောင်ကို ပေးအပ်လိုက်ပါပြီ …သာမန်၀ိညာဥ်ပညာရှင်ကနေ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့ သူ့အနေနဲ့ အချိန်ရှစ်လသာ ယူခဲ့ရပါတယ်…ဒီလိုပါရမီမျိုးက ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ နှစ်ပေါင်းတစ်သောင်းသမိုင်းတစ်လျှောက်မှာတောင် မရှိခဲ့ဖူးဘူး…ဒါကြောင့် ငါတို့အနေနဲ့ သူ့ကို အတွင်းတပည့်သားအဖြစ် ဘယ်လိုကြောင့် မသတ်မှတ်ပဲနေရမှာလဲ “‘
သုဝေ့လွမ်တောင် လန့်သွားခဲ့ရပါတယ်။ သူအနေနဲ့ ဟို့ယွိဟောင်ရဲ့ တိုးတက်မှုတွေကို မသိခဲ့ပါဘူး။
အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ဖို့အတွက် ရှစ်လသာအချိန်ယူခဲ့ရတယ်လား။ ပါရမီရှင်ဆိုတဲ့ စကားကတောင် ဒီလိုအဆင့်အတန်းမျိုးကို ဖော်ပြဖို့တောင်မတတ်နိုင်တော့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ အသက်ဆယ့်နှစ်နှစ်သာရှိသေးတာပါ။ နေလနိုင်ငံတော်လို ၀ိညာဥ်လက်နက်ပညာရပ်ကို အဓိကသင်ကြားတဲ့သူတွေမှာတောင် အသက်ဆယ့်နှစ်နှစ်အရွယ် အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်က အရမ်းကို ရှားပါးလွန်ပါတယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လက်ရှိအချိန်မှာ သူအနေနဲ့ တားမြစ်ဖို့ နောက်ကျလွန်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ အဓိကအတွင်းတပည့်သားဖြစ်လာခဲ့ပြီ တစ်လောကလုံးကိုလဲ ကြော်ငြာခံလိုက်ရပြီ သုဝေ့လွမ်အနေနဲ့ ဖန်းယွီတစ်ယောက်ထဲ ဒါကိုစီစဥ်တာမဟုတ်မှန် သိနေခဲ့ပါတယ်။ သူပိုပြီးတော့ ဒီအကြောင်းပြချက်ကို နားထောင်လေလေ စိတ်ပိုပြီးဖိစီးလာလေပါပဲ။
ဟို့ယွိဟောင်အနေနဲ့ လက်နက်တွေတည်ဆောက်တဲ့နေရာမှာသာ ပါရမီရှိတာဖြစ်နိုင်ပါတယ်လို့ သူဘာသာသူ နှစ်သိမ့်နေခဲ့ပါတယ်။ ကျောင်းအုပ်ချင်းအနေနဲ့ ကိုယ်တိုင်လာပြီ ကျောင်းအုပ်ရန်ဆီကို ပြဿနာရှာသွားတာ မယုံနိုင်စရာမရှိပါဘူး။ ကိစ္စတွေက ဒီလိုဖြစ်နေတာပါပဲ ငါတော့မှားပြီ ငါတော့အကြီးကြီးမှားပြီ အကယ်၍ ဒီကိစ္စကို စောစောစီးစီးသိသင့်ခဲ့မယ်ဆိုရင် ကျောင်းအုပ်ရန်ကို ပြောခဲ့မှာပါ။ ဟို့ယွိဟောင်ကို အဓိကအတွင်းတပည့်သားဖြစ်ဖို့ သူသဘောတူပြီသားဖြစ်ရင်တောင် အနည်းဆုံးတော့ နောက်ထပ် အကျိုးအမြတ်လေးရအောင် လုပ်နိုင်ပါသေးတယ်။
ကျောင်းတော်ရဲ့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေက ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်ထက် အတော်လေးကို ဂုဏ်သတင်းမြင့်မားပါတယ်။ ဒါ့အပြင် သူတို့ရဲ့ငွေကြေးအဆင့်အတန်းက အတော်ကိုခက်ခဲလွန်လှတယ်။ မကြာခဏဆိုသလို ငွေကြေးရဖို့အတွက် ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကိုသွားပြီ ပိုက်ဆံတောင်းရပါသေးတယ်။
ကျိုးယိကတော့ မုကျင်းကို အေးစက်တဲ့မျက်လုံးတွေနဲ့ ကြည့်လာခဲ့ပါပြီ။
” ညွှန်ုကြားရေးမှုးသု မုကျင်းက အတန်းနံပါတ်နှစ်ရဲ့ဆရာပါ ဒါပေမယ့် သူက အကြောင်းအရင်းမရှိ ငါရဲ့အတန်းနံပါတ်တစ်ကိုလာပြီ ပြဿနာကိုလာပြီမီးမွှေးနေတယ်…ဒီကိစ္စက လုံး၀ကို မသင့်တော်ဘူးမလား ”
သုဝေ့လွမ်လဲ ချက်ချင်းဆိုသလို နောင်တရနေရာကနေ သတိပြန်၀င်လာပါတော့တယ်။ အခြေအနေတွေက ဒီလောက်အနေအထားအထိကို ရောက်ရှိလို့သွားပါပြီ။ ဒါ့အပြင် နောင်တရနေလို့လဲ အသုံးမ၀င်တော့ပါဘူး။ ဒါကြောင့် သူပြောလာခဲ့တယ်။
” ဆရာမု မင်းအတန်းကို ချက်ချင်းပြန်မှာ ငါနောက်တစ်ခေါက် သတိမပေးချင်ဘူး ”
မုကျင်းက ကျိုးယိကို အမုန်းတရားအပြည့်နဲ့ ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် မျက်နှာသေနဲ့ ဖန်းယွီကို ကြည့်ရင်း ခြေဆောက်ပြီထွက်သွားတော့တယ်။
ကျိုးယိက ပုံမှန်အတိုင်းသာ ပြောလာခဲ့ပါတယ်။
” ညွှန်ကြားရေးမှုးသု ဆရာမုရဲ့အပြုအမူတွေက အတန်းတစ်ခုကိုသင်ကြားတဲ့ ဆရာတစ်ယောက်အဖြစ်မသင့်တော်ဘူးလို့ ခံစားမိပါတယ်….ထူးချွန်တဲ့ကျောင်းသားတွေကို သူ့ဆီမှာသင်ကြားခိုင်းရင် အရမ်းနှမြောစရာကောင်းမနေဘူးလား ”
သုဝေ့လွမ် မျက်မှောင်ကြုတ်သွားပါတော့တယ်။
” ဒါက ကျောင်းတော်ဆုံးဖြတ်ရမဲ့ကိစ္စပါ မင်းတို့တွေ စာဆက်သင်လို့ရပါပြီ နေ့လည်ပိုင်းမှာ စာမေးပွဲစတင်လိမ့်မယ်…ငါကိုယ်တိုင်လဲ မင်းတို့ရဲ့ စာမေးပွဲကို လာကြည့်ရှုပါ့မယ် ”
သူပြောပြီတဲ့နောက် ဆရာတွေနဲ့အတူ ထွက်ခွာသွားပါတော့တယ်။ ဖန်းယွီက ဟို့ယွိဟောင်ရဲ့ပုခုံးကိုပုတ်ပြီ သုဝေ့လွမ်နောက်ကို လိုက်တော့တယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ကို အဓိကအတွင်းတပည့်သားအဖြစ် ကြော်ငြာပေးလိုက်နိုင်ပါပြီ။ ဒါ့အပြင် ရန်ရှောင်ကျဲ့ရဲ့ သဘောတူညီချက်နဲ့ပါ လုပ်လိုက်တာပါ။ ဒီကိစ္စက နောက်ဆုံးမှာတော့ ဘယ်ကျောင်းတော်မှ မငြင်းနိုင်တဲ့အနေအထားကို ရောက်သွားပါတော့တယ်။ ကျောင်းတော်က ငြင်းချင်တယ်ဆိုရင်တောင် ငြင်းလို့မရတော့ပါဘူး။ အတန်းကနေ ထွက်သွားပြီတဲ့နောက် ဖန်းယွီကတော့ ပြုံးနေခဲ့ပါတယ်။ သူတို့ရဲ့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က သူ့မျိုးဆက်မှာ အများကြီးမတောက်ပခဲ့ပေမဲ့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ရဲ့ လက်ထဲမှာတော့ သေချာပေါက် တောက်ပလာမယ်လို့ ယုံကြည်ချက် ရှိနေခဲ့တယ်။
တခြားကျောင်းသားတွေအကုန် လန့်နေကြချိန်မှာပဲ ဟို့ယွိဟောင်ကတော့ မူလနေရာကိုသွားပြန်ထိုင်ပါပြီ။ ရှောင်းရှောင်းနဲ့ ၀မ်သုန့်လို သိထားပြီးသားလူတွေကလွဲပြီ ကျန်တဲ့သူတွေအားလုံးက မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။
အတူတူတစ်နှစ်တာလုံးလုံးစာသင်ခဲ့ကြပေမဲ့ ဟို့ယွိဟောင်က မှီခိုစရာနောက်ခံအင်အားမရှိတဲ့ မိဘမဲ့တစ်ယောက်ဆိုတာလူတိုင်းက သိနေခဲ့ပါတယ်။ ဒါပေမယ့် သူက အမြဲတမ်းလူတိုင်းကို ရက်ရက်ရောရောနဲ့ သဘောကောင်းဖော်ရွေတတ်ရုံတင်မက ကျောင်းတော်ကို၀င်ရောက်ချိန်ကစလို့ ကူညီရိုင်းပင်းတတ်ပါတယ်။ ပထမဆုံးအနေနဲ့ ကျိုးယိက သူ့အတွက် အဓိကအတွင်းတပည့်သားတစ်ယောက်ကို ထုတ်ပယ်ပြစ်ဖို့တောင် ၀န်မလေးခဲ့ပါဘူး။ ဒီတစ်ခေါက်မှာတော့ ၀ိညာဥ်လက်နက်တည်ဆောက်ရေးကျောင်းတော်က သူ့က်ို အတွင်းတပည့်သားအဖြစ် လက်ခံသိမ်းသွင်းလို့သွားခဲ့ပြီ အဆောင်အယောင်က်ိုပါ ပေးအပ်လို့သွားခဲ့ပါတယ်။ အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆိုတဲ့ အဆင့်အတန်းနဲ့တင် ဟို့ယွိဟောင်က ဘယ်နိုင်ငံမှာမဆို များပြားတဲ့လစာ၀င်ငွေကို ရရှိတော့မှာပါ။ ဒါ့အပြင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ ပါရမီမျိုးက နိုင်ငံတိုင်းမှာ အရမ်းကို လိုလားတဲ့အရာဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ များပြားတဲ့ သယံဇာတတွေကိုတောင် ပေးအပ်ချင်ခံရတယ်။
°°°
” ဘာဖြစ်တယ် အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တဲ့လား ”
ရန်ရှောင်ကျဲ့အနေနဲ့ မယုံနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။ သူ့စိတ်ထဲမှာ အတွေးတွေက ဆက်တိုက်ဆိုသလို ဖြတ်ပြေးလို့နေခဲ့ပါပြီ။ ဒါကြောင့် သူမျက်မှောင်ကြုတ်ရင်း တွေးနေခဲ့ပါတယ်။ အတန်းနံပါတ်တစ်ကနေ ထွက်ခွာပြီတဲ့နောက် သုဝေ့လွမ်က သူ့ဆီကို အပြေးလာရင်း သတင်းလာပို့တာပါ။
” သေလိုက်ပါတော့ ငါတို့လှည့်စားခံလိုက်ရပြီ အဲ့ဒီချင်းသောသော ငါ့ကို လှည့်စားသွားပြီ ”
ရန်ရှောင်ကျဲ့က သူ့ရဲ့ စာပွဲခုံကိုရိုက်ချရင်း အတော်ကို နောင်တရနေခဲ့ပါတယ်။
” ကျောင်းအုပ်ရန် အဲ့ဒါက အရမ်းကြီးတဲ့ ကိစ္စမဟုတ်သေးဘူး..အကယ်၍ ဟို့ယွိဟောင်ဆိုတဲ့ ကလေးကသာ ၀ိညာဥ်လက်နက်တွေရဲ့ နယ်မြေမှာ ပါရမီရှိတာတစ်ခုပဲဆိုရင် သူ့ကို တစ်ဖက်ကျောင်းတော်က အဓိကအတွင်းတပည့်သားဖြစ်လာဖို့ ခွင့်ပြုရင်း ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကိုလဲ ကောင်းကောင်းအသုံးချလို့ရနိုင်တယ်..”
” အဲ့ဒီလောက်မရိုးရှင်းနိုင်ဘူး မင်းမေ့သွားတာတစ်ခုရှိတယ်..အကယ်၍ မင်းသာမပြောခဲ့ရင်း ငါလဲသတိထားမိမှာမဟုတ်ဘူး…ဘာကြောင့် တစ်ဖက်ကျောင်းတော်က သူ့ကို ရယူဖို့အတွက် ဒီလောက်တောင် စိတ်မရှည်လက်မရှည် ဖြစ်နေရတာလဲ စတုတ္ထနှစ်ရောက်မှ အဓိကအတွင်းတပည့်သားအဖြစ် ကြော်ငြာမယ်ဆိုရင်လဲ ရတာပဲလေ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို ဖန်တီးထူးချွန်တာနဲ့လောက်တော့ ငါတို့ရဲ့အာရုံကို ဖမ်းစားနိုင်မှာမဟုတ်ဘူး…သူဒီတစ်ခေါက် နောက်ကျတာအတွက်ကတော့ ကျိုးယိနဲ့ ဖန်းယွီတို့က တခြားအကြောင်းပြချက်ကိုသုံးပြီး ဒီကိစ္စကို ဖြေရှင်းလို့ရတာပဲ ဒါပေမယ့် ချင်းသောသော ကိုယ်တိုင်ကိုယ်က ငါ့ဆီလာပြီ သူ့ကိုအတင်း အကြောင်းပြချက်ရှာရင်းလုသွားတယ်…ဒီကိစ္စက ဘာတွေကိုညွှန်ပြနေလဲဆိုတာ မင်းနားလည်လား ”
သုဝေ့လွမ်လဲ လန့်သွားပါတော့တယ်။
” ကျောင်းအုပ်ပြောချင်တာက သူ့အနေနဲ့ တစ်ဖက်ကျောင်းတော်အရမ်းကိုတန်ဖိုးထားရလောက်တဲ့ အားသာချက်ရှိနေတယ်ပေါ့ ဒါ့အပြင် ကျွန်တော်တို့ ကျောင်းတော်အနေနဲ့လဲ တန်ဖိုးထားရတဲ့နေရာတွေမှာ ထူးချွန်နေတယ်လို့ ပြောချင်တာလား ”
ရန်ရှောင်ကျဲ့က ခေါင်းညိတ်လိုက်ပါတယ်။
” သေချာပေါက် ဒီလိုပဲဖြစ်မှာပေါ့ ဒီလိုမှမဟုတ်ရင် ချင်းသောသောလိုလူက ငါ့ကို တိုက်ရိုက်လာရှာပြီ ပြဿနာဘယ်ပေးမလဲ တစ်ခုခုလွဲနေတယ်လို့ စိတ်ထဲမှာအာရုံရနေတာ အံ့ဩစရာမရှိဘူး…ငါတော့သေချာပေါက် အကွက်ဆင်ခံလိုက်ရပြီ ”
သုဝေ့လွမ်က ပြောလာခဲ့ပါတယ်။
” ကျောင်းအုပ် ဒီကိစ္စက ပြီးသွားပြီဆိုမှတော့ တစ်ဖက်ကျောင်းတော်အနေနဲ့လဲ တိုက်ရိုက်ကြော်ငြာပြီးသွားပြီ ကျွန်တော်တို့တွေ အသိအမှတ်ပြုရုံပဲ တတ်နိုင်တော့တယ်။ သူကကျောင်းသားတစ်ယောက်ပဲလေ မျိုးဆက်သစ်တွေထဲမှာ အများကြီးပိုပြီး ပါရမီရှိတဲ့သူတွေ အများကြီးရှိပါသေးတယ်…အနာဂတ်မှာတော့ တစ်ဖက်ကျောင်းတော် ဒီလိုလှည့်စားမခံရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးကြတာပေါ့ ”
ရန်ရှောင်ကျဲ့က ခေါင်းညိတ်လိုက်ပါတယ်။
” ဒီလိုလုပ်ရအောင် နေ့လည်ပိုင်းမှာ ကျောင်းသားတွေအတန်းတင်စာမေးပွဲရှိတယ်မလား အဓိကတပည့်သားတွေကို စစ်ဆေးတာခဏရပ်ပြီ ဟို့ယွိဟောင်ကို အာရုံစိုက်လိုက် သူ့ရဲ့လှုပ်ရှားမှုတွေကို သေချာကြည့် ပြီးရင် ငါ့တို့တွေ ဒီလိုကိစ္စကို ပုံမှန်နည်းလမ်းနဲ့ ဖြေရှင်းလို့မရဘူး…အကယ်၍ ဒီကလေးသာ သူကိုယ်တိုင် ၀ိညာဥ်လက်နက်တည်ဆောက်ရေးနယ်မြေကို စွန့်ခွာဖို့ရွေးချယ်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ”
ဒီတစ်ကြိမ်မှာ ရန်ရှောင်ကျဲ့အနေနဲ့ ကောက်ကျစ်တဲ့မျက်နှာကြီးကို ထုတ်ပြလာပါတော့တယ်။ အဓိကအတွင်းတပည့်သားအဖြစ် တိုက်ရိုက်ယူလို့မရခဲ့ပေမဲ့ သူကိုယ်တိုင်တောင်းဆိုလာအောင်တော့ လုပ်လို့ရပါတယ်။ ဒါကတော့ လုံး၀ကို ကွာခြားသွားမှာပါ။ မဖြစ်နိုင်တဲ့ကိစ္စလဲ မဟုတ်ခဲ့ပါဘူး။
°°°
နေ့လည်ခင်းအတန်းကတော့ ခေါင်းလောင်းမထိုးခင် ပြီးဆုံးလို့သွားခဲ့ပါပြီ။ အရေးကြီးတဲ့ခေါင်းစဥ်တွေကို ရှင်းပြပြီးတဲ့နောက် ကျိုးယိလဲ အတန်းစောစောဆင်းလိုက်ပါတော့တယ်။ အားလုံးကို ပြန်ပြီ ပြင်ဆင်ခွင့်ပြုလိုက်တယ်။ ခန္ဓာကိုယ်အခြေအနေကို ထိန်းညှိတဲ့သားရဲကောင်နယ်မြေမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့အတွက် ခွင့်ပြုပေးပါတယ်။
ဟို့ယွိဟောင်ကတော့ သူ့ရဲ့အဆင့်နှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆ်ိုတဲ့ တံဆိပ်ကို အင်္ကျီပေါ်မှာထားရင်းအောင်မြင်တော့မဲ့ခံစားချက်တွေကို ခံစားနေခဲ့မိပါတယ်။ ဒီအပြာရောင်အဆောင်အယောင်လေးက စိန်ပွင့်နှစ်ပွင့်ရှိတာကြောင့် အရမ်းကိုတောက်ပနေခဲ့တယ်။
” ကြွားနေတာရပ်လိုက်တော့ ”
၀မ်သုန့်က သူ့ကိုစပါတော့တယ်။
” မင်းပြုံးနေတာ ပါးစပ်ကနေ နားရွက်တက်ချိတ်တော့မယ် ”
” ပြောရမယ်ဆိုရင် ဒီလိုကိစ္စမျိုးက ၀ိညာဥ်လက်နက်ပညာရှင်အဖွဲ့အစည်းရဲ့ အတည်ပြုချက်ကိုရတာနဲ့ အတူတူပဲလေ မင်းအနေနဲ့ ဒါမျိုးအသိအမှတ်ပြုခံရပြီဆိုရင် ၀မ်းသာမှာအမှန်ပဲမလား အနည်းဆုံးတော့ အနာဂတ်မှာ အစားအသောက်တွေ အ၀တ်အထည်တွေအတွက် ပူစရာမလိုတော့ဘူး ”
” မင်းဘယ်လောက်ပျော်နေလဲဆိုတာ ကြည့်လိုက်ပါဦး ငါတို့ပြန်ပြီးလေ့ကျင့်ရအောင် ”
” နေကအနောက်ကနေ ထွက်လာလို့လား မင်းဘယ်တုန်းက အဲ့ဒီလောက်အထိ အလုပ်ကြိုးစားသွားရတာလဲ ”
” ငါက အမြဲတမ်းအလုပ်ကြိုးစားနေတာလေ ”
အပိုင်း ၄၇•၃ ပြီး၏။