အပိုင်း ၄၄•၃
” ပြီးပြည့်စုံတဲ့ပေါင်းစည်းမှု အနီရောင်၀ိညာဥ်စက်ကွင်း ”
°°°
ဟို့ယွိဟောင်အနေနဲ့ ဘာပြောရမယ်မှန်းမသိ ဖြစ်နေခဲ့ပါတော့တယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက် ကျွန်တော်နားမလည်ဘူး ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ထူးဆန်းတဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။
” ဒုတိယ၀ိညာဥ်စက်ကွင်းကို မင်းရသွားတာနဲ့ ချက်ချင်းနားလည်လာမှာပါ အခုမင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါဦး ဒီလိုမျိုးဖင်ပြောင်ကြီးနဲ့နေရတာ ကောင်းတယ်များထင်နေတာလားအ၀တ်အစားလေး မြန်မြန်၀တ် ငါတို့တွေ စောင့်နေလို့လဲ အချိန်တွေက ရပ်တန့်သွားမှာမဟုတ်ဘူး…ကျောင်းပြန်ဖွင့်တာနဲ့ အရောက်ပြန်ရမယ်လေ တကယ်တော့ ငါတို့တွေ အချိန်ဘယ်လောက်ကျန်သေးလဲဆိုတာ သိပ်ပြီမသေချာတော့ဘူး…ရေခဲဧကရီကို မင်းနဲ့ ပေါင်းစပ်ဖို့ကူညီနေရတာနဲ့ အပြင်လောကကို ငါအဆက်အသွယ်ပြတ်သွားလိုက်တာ အခုဘယ်အချိန်မှန်တောင်မသိတော့ဘူး ”
ဒါကိုကြားပြီချိန်မှာ ဟို့ယွိဟောင်လန့်သွားပါတော့တယ်။ သူ့ရဲ့တွက်ချက်မှုအရဆိုရင် ဆယ့်ငါးရက်က ကုန်ဆုံးသွားလောက်ပါပြီ။ ဒါကြောင့် သူအနေနဲ့ အလောမကြီးပဲ မနေနိုင်တော့ပါဘူး။
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းက တောက်ပလာပါတော့တယ်။ အဲ့ဒီနောက် ရေခဲဧကရီရဲ့ သိုင်းပညာ၀ိညာဥ်ကို ပြန်သိမ်းလိုက်ပြီ စိတ်၀ိညာဥ်ထောက်လှမ်းရေးကို စတင်အသုံးချတော့တယ်။ ဒီလိုထုတ်လွှတ်လိုက်ချိန်မှာ သူထခုန်မတတ် လန့်သွားခဲ့ရပါပြီ။
လက်ရှိအချိန်မှာ ကျောင်းတော်ကနေ ထွက်ခွာလာချိန်တုန်းက သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းရေးရဲ့ ရောက်ရှိနိုင်တဲ့ အကွာအဝေးကို သူကောင်းကောင်းတွက်ချက်ခဲ့ပါတယ်။ အဲ့ဒီထွက်ခွာလာချိန်တုန်းက နေရာပေါင်းစုံကို စက်၀ိုင်းလို၀ိုင်းပြီကြည့်မယ်ဆိုရင် ရှစ်ဆယ့်မီတာအထိ ကျော်လွန်မှာပါ။ တစ်နေရာထဲကို အာရုံစိုက်လိုက်မယ်ဆိုရင်တော့ မီတာနှစ်ရာကို ကျော်လွန်သွားပါလိမ့်မယ်။
ဒီတစ်ကြိမ်မှာတော့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို သုံးစွဲလိုက်ချိန်မှာ ဟို့ယွိဟောင်အနေနဲ့ လေတွေကိုတောင် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့အနေအထားအထိဖြစ်ကုန်ပါပြီ။ အဲ့ဒီနောက် သူ့ရဲ့ဘေးပတ်လည်မီတာနှစ်ရာအထိကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတော့တယ်။ ဒါ့အပြင် နှင်းတွေရဲ့ အောက်ဖက်မီတာအနက်နဲ့ ရွံ့တွေတစ်မီတာအောက်ဖက်အထိပါ ထောက်လှမ်းနေနိုင်ခဲ့တယ်။ ဒီလိုလုပ်နိုင်တာနဲ့အမျှ သတင်းအချက်အလက်တွေက ခေါင်းထဲက်ို၀င်ရောက်လာခဲ့ပါပြီ။ ဒီလောက်အချိန်အတွင်းမှာ မြင့်တက်သွားခဲ့တဲ့ ထောက်လှမ်းနိုင်စွမ်းက သူ့ကို မထိတ်လန့်စေပဲ ဘယ်လိုများဖြစ်နိုင်မှာလဲ။
” ဒါဘယ်လိုလုပ် ဖြစ်လာရတာလဲ ”
ဟို့ယွိဟောင်အနေနဲ့ မေးမိပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုပြီး သူ့ခါးပတ်ကိုလဲ ပြန်ရှာနိုင်ခဲ့တယ်။
” မင်းခံစားခဲ့ရတဲ့ နာကျင်မှုတွေက အလဟာသဖြစ်မသွားခဲ့ဘူးလေ စိတ်၀ိညာဥ်ပင်လယ်ကြီးက နှစ်ဆကျယ်သွားတာ မင်းမသိဘူးလား ဒုတိယ၀ိညာဥ်စက်ကွင်းကိုသာ ရယူပြီတဲ့နောက် မင်းပုံမှန်လုပ်နေကြအတိုင်း လေ့ကျင့်မယ်ဆိုရင် ၀ိညာဥ်စက်ကွင်းသုံးကွင်းကို ရောက်လာတာနဲ့ စိတ်၀ိညာဥ်ပင်လယ်ကြီးက အများကြီးပိုကျယ်သွားလိမ့်မယ်..ဒါပေမယ့် မင်းရဲ့ကိုယ်ပိုင်စိတ်စွမ်းအားကို အသုံးပြုပြီး နာကျင်မှုကို ခုခံရမှာပဲ အဲ့ဒီတော့ မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်က ဆက်တိုက်တိုးတက်လာလိမ့်မယ် ဒါပေါ့ ငါလဲ မင်းကို ကူညီပေးမယ်လေ ဂုဏ်ပြုပါတယ်..အခုအချိန်ကနေစပြီ မင်းအနေနဲ့ နှစ်ငါးထောင်သက်တမ်းရှိတဲ့ ၀ိညာဥ်စက်ကွင်းနဲ့ညီမျှတဲ့ စွမ်းအားတွေကို ထုတ်လွှတ်နိုင်တော့မယ်…မင်းခန္ဓာကိုယ်ရဲ့ တောင့်ခံနိုင်စွမ်းကလဲ နှစ်သုံးထောင် ၀ိညာဥ်စက်ကွင်းအထိကို ရောက်ရှိသွားပြီ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စကားကိုကြားပြီချိန်မှာတော့ ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ ခံစားချက်တစ်ခုက ထွက်ပေါ်လာပါတော့တယ်။ ဒါကတော့ ပျော်ရွှင်မှုပါ။
များပြားတဲ့နာကျင်မှုကို ခံစားခဲ့ပြီတဲ့နောက် နှလုံးသားထဲမှာ နာကျင်မှုအရိပ်အယောင်တွေက ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ နာကျင်မှုနဲ့ ခါးသီးမှုတွေအားလုံးကတော့ ဆုလာဘ်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ အရာအားလုံးက တန်တယ်လို့သူထင်သွားပါတော့တယ်။ ဒီလိုကြိုးစားအားထုတ်မှုရဲ့ ရလဒ်ကို ရရှိပြီတဲ့နောက် နှလုံးသားထဲက နာကျင်မှုလဲ အတော်လေးကို လျော့ပါးသွားပါတော့တယ်။
သူ့ခါးပတ်ထဲက အ၀တ်တွေကို ထုတ်ပြီတဲ့နောက် ပုံမှန်အင်္ကျီကိုသာ၀တ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူမအေးလို့ပါ။
တကယ်ဟာသပါပဲ ရေခဲဧကရီနဲ့ ချိတ်ဆက်ပြီတဲ့နောက်မှာ သူ့ကိုအေးတယ်လို့ ခံစားရအောင် လုပ်နိုင်တဲ့အရာတွေက အရမ်းကို နည်းပါးသွားပါတော့တယ်။ ကိုယ်ပိုင်ခန္ဓာကိုယ်က လုံး၀ကို ရေခဲတမျှ အေးစက်နေခဲ့လို့ပါ။
” သွားလိုက်ရအောင် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံထွက်ပေါ်လာပြီတဲ့နောက် လူတစ်ယောက်ကတော့ ချက်ချင်းသတိပြန်၀င်လာပါတော့တယ်။ အဲ့ဒီနောက် ခြေထောက်ကို အသုံးချရင်း သူပြေးပါပြီ။
အေးစက်နေတဲ့ရာသီဥတုက သူ့အတွက် ပြဿနာမဟုတ်တော့ပါဘူး။ ရေခဲဧကရီပေးထားတဲ့ ၀ိညာဥ်စက်ကွင်းနဲ့ ၀ိညာဥ်အရ်ိုးနှစ်ခုစလုံးက သူ့ခန္ဓာကိုယ်ရဲ့အရည်အသွေးကိုအများကြီး ပိုပြီးတိုးတက်သွားစေခဲ့ပါတယ်။ ဒါကြောင့် နှင်းထဲမှာလျှောက်ပြေးနေခဲ့ရင်း လုံး၀လဲ ပုန်းအောင်မနေတော့ပါဘူး။
ခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဥ်စွမ်းအားတွေ လှည့်ပတ်လို့လာချိန်မှာ ဒီစွမ်းအားတွေက မကုန်မခမ်းနိုင်ဖြစ်နေတာကို ရှာဖွေတွေ့ရှိသွားပါတယ်။ လက်ရှိအချိန်မှာ ဟို့ယွိဟောင်အနေနဲ့ သူ့ခန္ဓာကိုယ်တစ်ခုထဲကို အသုံးချပြီ နှင်းထဲမှာဖြတ်ပြေးနေခဲ့ပါတယ်။ ဘယ်လောက်အထိ မစားမသောက်ပဲ နေနေခဲ့ရတာကိုတောင် မသိတော့ပါဘူး။ ဆာလဲမဆာသလို ရေလဲမဆာပါဘူး။ လက်ရှိအချိန်မှာ သူခံစားနေရတဲ့ အရာအားလုံးကတော့ ဒီကျယ်ပြန့်ပြီဖြူဖွေးတဲ့နှင်းအပြည့်နဲ့နယ်မြေကြီးက အရမ်းလှပတယ်ဆိုတာပါပဲ။
°°°
အမျက်ဒေါသကျောင်းတော်ထဲမှာတော့ စည်းကမ်းချက်အသစ်တွေက ရောက်ရှိလို့လာခဲ့ပါပြီ။ ဒါ့အပြင် နှစ်စဥ်နှစ်တိုင်း အရေးကြီးဆုံးအချိန်လဲ ဖြစ်နေခဲ့ပါတယ်။ လူတွေအများကြီးက ကျောင်းတော်အပြင်မှာရောက်ရှိနေခဲ့ကြပြီ ကျောင်းသားတွေအပြင် ကလေးတွေကို ကျောင်းလာအပ်တဲ့မိဘတွေလဲရှိနေခဲ့တယ်။
မင်းမှာဘယ်လို နောက်ခံအင်အားရှိပါစေ ဘယ်လိုအနေအထားကိုပဲ ပိုင်ဆိုင်ထားပါစေ သေချာပေါက် စာမေးပွဲကို မဖြတ်ပဲနဲ့အောင်မြင်နိုင်မှာမဟုတ်ပါဘူး။
အတန်းကြီးကျောင်းသားတွေလဲ ဆရာတွေကိုကူညီပြီ ကျောင်းအပ်တဲ့စာလွှာတွေကို လက်ခံပေးနေခဲ့တယ်။ သူတို့တွေက ကျောင်းသားတွေသာဖြစ်ပေမဲ့ ကျောင်းတော်ကိုကိုယ်စားပြုတဲ့ သူတွေပါ။ ဒါ့အပြင် အားလုံးကလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းနဲ့အထက်ရှိတဲ့ ၀ိညာဥ်အကြီးအကဲတွေကြီးပါပဲ။ ၀ိညာဥ်အကြီးအကဲအဆင့်ကို ရောက်လာပြီတဲ့နောက် သူတို့က တိုက်ကြီးထဲမှာ အဆင့်အတန်းတစ်ခုရှိနေခဲ့ပါပြီ။ ဒါ့အပြင် အပြင်နယ်မြေရဲ့ သင်ကြားမှုးကနေ ပြီးမြောက်အောင်မြင်ဖို့အတွက် ၀ိညာဥ်စက်ကွင်းလေးခုရှိတဲ့ ၀ိညာဥ်ဘိုးဘေးဖြစ်ရမှာပါ။ အကယ်၍ မင်းသာခြောက်နှစ်မြောက်ကိုရောက်ချိန်မှာ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်မလာနိုင်ဘူးဆိုရင်တော့ သေချာပေါက် ထုတ်ပယ်ခံရမှာပါပဲ။
ကျောင်းအားလပ်ရက် နှစ်ဆယ့်ရှစ်ရက်တာအချိန်ကာလကတော့ ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဒါ့အပြင် ကျောင်းရဲ့စာသင်နှစ်အသစ်ကလဲ နှစ်ရက်အတွင်းမှာ စတင်တော့မှာပါ။ ကျောင်းရဲ့ကျောင်းသားသစ်တွေကလဲ ၀င်ခွင့်စာမေးပွဲကို ဖြေဆိုနေခဲ့ရပါတယ်။ ကျောင်းသားဟောင်းတွေကတော့ အခုအချိန်မှာ မပျင်းရိ၀ံ့ပါဘူး။ သူတို့ရဲ့အဆင့်တက်တဲ့စာမေးပွဲကြီးက စတင်ပါတော့မယ်။ ပိုမို မြင့်မားတဲ့အဆင့်ကို ရောက်ရှိနိုင်မှသာ သူတို့အတွက် အဆင်ပြေမှာပါ။ မရောက်လို့ကတော့ စာမေးပွဲမအောင်တဲ့ ကျောင်းသားသစ်တွေလိုပဲ အိမ်ပြန်သွားရပါလိမ့်မယ်။
ကျောင်းသားဟောင်းရဲ့ သုံးပုံနှစ်ပုံက အခုအချိန်မှာ ရောက်ရှိလို့နေခဲ့ပါပြီ။ သူတို့တွေ အေးအေးဆေးဆေးလဲ မနေနိုင်ကြပါဘူး။ ကျောင်းစဖွင့်တော့မှာကိုကြည့်ရင်း သူတို့တွေအနေနဲ့ ဆရာတွေဆီသွားရောက်ပြီ စာမေးပွဲအကြောင်းတွေကို မေးမြန်းနေခဲ့ကြပါတယ်။ ဒါ့အပြင် ညွှန်ကြားပြသပေးမှုတွေကိုလဲ ထပ်ပြီး လက်ခံနေခဲ့ကြတယ်။
သန်မာတဲ့ကျောင်းသားတွေကတော့ ဒီစာမေးပွဲတွေကို မကြောက်လန့်ကြပါဘူး။ ပျော်တောင်ပျော်နေကြပါသေးတယ်။ သူတို့အတွက်တော့ သူတို့ရဲ့လေ့ကျင့်မှုအသီးအပွင့်တွေကို ထုတ်ပြနိုင်တော့မှာပါ။ ဒါပေမယ့် စာမေးပွဲတစ်ခုချင်းဆီတ်ိုင်းက ကျောင်းသားအများစုအတွက် အတော်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဘာကြောင့်များ ကောင်းမွန်တဲ့အခွင့်အရေးကို မဖမ်းဆုပ်နိုင်ရမှာလဲ။
လူတစ်ယောက်ကတော့ ပင်လယ်နတ်ဘုရားရေကန်ဘေးမှာ ကြောက်စရာကောင်းလောက်အောင် ပြေးလွှားနေခဲ့ပါတယ်။ အဲ့ဒီနောက် ကျောင်းရဲ့ရင်ပြင်ကျယ်ကို ဖြတ်သန်းပြီ ပထမနှစ်ရဲ့အခန်းတွေဆီကို ရောက်ရှိလာခဲ့ပါပြီ။
” ငါနောက်ကျနေပြီ ငါနောက်ကျနေပြီ သူသေချာပေါက် ပြန်ရောက်တော့မှာပဲ ငါ့ကို စိတ်မရှည်လက်မရှည်စောင့်နေလောက်ပြီ အကုန်ငါ့အမှားပဲ ငါဘာလို့အစွမ်းကုန်ထုတ်ပြီ မကြိုးစားမိတာလဲ သေချာပေါက် ဒီကောင်ကို ငါအံ့ဩအောင်လုပ်ရတော့မှာပေါ့ ”
ရောက်ရှိလာတဲ့ကျောင်းသားက အခန်းတွေရဲ့အောက်မှာ လှဲလှောင်နေတဲ့အကြီးအကဲကိုမြင်ချိန်မှာ ချက်ချင်းဆိုသလို ပျော်ရွှင်သွားပါတော့တယ်။ ဒီလိုအေးအေးဆေးဆေးရှိနေခဲ့တဲ့ အဘ်ိုးကြီးကို မြင်လိုက်ရတာ သူ့အတွက်တော့ ပျော်စရာပါပဲ။
” အဘိုးမင်္ဂလာပါ နေကောင်းရဲ့လား ”
သူချက်ချင်းဆိုသလို အဘိုးကြီးကို နှုတ်ဆက်ရင်းသူ့အခန်းသူ့ပြေးတက်တော့တယ်။
အကြီးအကဲကတော့ ရယ်ချင်နေပုံပါပဲ။ ဒါပေမယ့် သူ့မျက်နှာက ခပ်မြန်မြန်ပျင်းရိပြီ အိပ်ချင်တဲ့ပုံစံပြန်ဖြစ်သွားခဲ့ပါပြီ။
လူငယ်က အခန်းထဲကို အမြန်ပြေး၀င်လိုက်ချိန်မှာ ဖုံးနှံ့တွေကနှာခေါင်းထဲကို ၀င်ရောက်လာပါတော့တယ်။
သူချက်ချင်းဆိုသလို ဖုံးတောထဲကနေ ပြန်ခုန်ထွက်လိုက်ပါပြီ။ တစ်စုံတစ်ရာလွဲမှားနေတာကို သူသတိထားမိသွားပါတော့တယ်။
” ဟို့ယွိဟောင် မြန်မြန်တံခါးဖွင့်လိုက် မင်းတကယ်ကို ပျင်းရိနေတာပဲ လေ့ကျင့်ဖို့ပဲသိတယ်…အခန်းကိုတောင် မရှင်းလင်းဘူးပေါ့ ဒီနေရာမှာ ဖုံးတွေကလူကို ဖွတ်သတ်လို့ရလောက်အောင် များနေပြီ ဒါတောင် သန့်ရှင်းရေးမလုပ်သေးဘူးလား ”
ဒီလိုပြေးလာတဲ့သူကတော့ ၀မ်သုန့်ပါပဲ။ သူလဲ လွန်ခဲ့တဲ့တစ်လနဲ့ ယှဥ်လိုက်မယ်ဆိုရင် အတော်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ပထမနှစ်ကျောင်းသား၀တ်စုံကို ၀တ်စားဆဲဖြစ်ပေမဲ့ သူ့ရဲ့ဆံပင်တွေက အနည်းငယ်ရှည်လာခဲ့ပါတယ်။ ကြီးမားပြီတောက်ပနေတဲ့ မျက်လုံးတွေကလဲ အရင်ကထက်ပိုပြီး တက်ကြွလို့နေခဲ့တယ်။
သူတို့တွေ ခွဲခွာသွားခဲ့ရတာ တစ်လနီးပါးရှိနေခဲ့ပါပြီ။ ၀မ်သုန့်ကတော့ ပြန်လာချိန်မှာ ကိစ္စတချို့ကို ကြုံတွေ့ခဲ့ရပုံပါပဲ။ ကျောင်းမစခင်သုံးရက်အလိုမှသာ သူရောက်လာခဲ့ပါတယ်။ ဒါကလဲ ခက်ခက်ခဲခဲနဲ့ ရောက်လာခဲ့တာပါ။ သူနဲ့ဟို့ယွိဟောင် သဘောတူထားတဲ့ အချိန်ထက်အများကြီးကို ပိုပြီး နောက်ကျနေခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့လဲ ဟို့ယွိဟောင်ရောက်နှင့်နေပြီသား ဖြစ်တယ်လို့ထင်ထားခဲ့တာပါ။ ဒါကြောင့် အမြန်ဆုံးနှုန်းနဲ့ ပြန်လာခဲ့ရင်း အတူတူလေ့ကျင့်နိုင်ဖို့အတွက် မျှော်လင့်ထားခဲ့ပါတယ်။ ဒါကြောင့် နောက်ကျမှပြန်လာပြီ သူအရမ်းကို တောင်းပန်လိုစိတ်အပြည့်ဖြစ်နေခဲ့တယ်။ ဟို့ယွိဟောင်ကို တောင်းပန်ပြီ စကားကောင်းကောင်းပြောတော့မဲ့အချိန်မှာပဲ သူပါးစပ်ပိတ်သွားခဲ့ရပါပြီ။ ပြန်ဖြေတဲ့သူမရှိဘူးလား ၀မ်သုန့်အနေနဲ့ တိတ်ဆိတ်တဲ့အခန်းကိုကြည့်ရင်း တွေဝေနေခဲ့မိပါတယ်။
” ငရှုပ်ကောင် မင်းငါ့ကို စိတ်ဆိုးနေတုန်းပဲလား ငါတမင်တကာ နောက်ကျတာမဟုတ်ပါဘူး…ငါလုပ်စရာရှိနေလို့ပါ ”
၀မ်သုန့်က နောက်တစ်ကြိမ် တံခါးကိုခေါက်လိုက်ပေမဲ့ လုံး၀ကို မတုန့်ပြန်ခဲ့ပါဘူး။
” ဟို့ယွိဟောင် မင်းတံခါးမဖွင့်ဘူးဆိုရင် ငါကိုယ့်ဘာသာကိုယ် ဖွင့်တော့မယ် ”
၀မ်သုန့်က ပြောပြီတဲ့နောက် ဆက်တိုက်ဆိုသလို တိုး၀င်ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် ပြန်ဖြေတာမျိုး မရှိခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာ ၀မ်သုန့်အနေနဲ့ မျက်လုံးပြူးသွားခဲ့ရပါတော့တယ်။ သူ့ကိုယ်သူ နောက်ကျတယ်လို့ ထင်ထားခဲ့ပြီ သူနဲ့ ဟို့ယွိဟောင်ကြားက ဆက်ဆံရေးကို ပြန်တွေးလိုက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ရဲ့ ပုံစံမျိုးနဲ့ဆိုရင် ဒီလိုမျိုး ဆက်တိုက်လျစ်လျုရှုနေမှာ မဟုတ်ပါဘူး။
၀မ်သုန့်လဲ သူ့သော့သူထုတ်ယူပြီ တံခါးကိုဖွင့်လိုက်ပါတယ်။
အခန်းထဲမှာ လုံး၀ကို တိတ်ဆိတ်နေဆဲပါ။ ဒါ့အပြင် အရာအားလုံးက ထွက်သွားတုန်းကအတိုင်း ရှိနေဆဲပါပဲ အပြောင်းအလဲမရှိခဲ့ပါဘူး။ ၀မ်သုန့်ရဲ့အိပ်ယာက ခေါက်လျက်သားရှိနေခဲ့ပြီ ဖုံးတွေမပေရအောင် အဖြူရောင်အိပ်ယာခင်းနဲ့ ကာထားခံရပါတယ်။ ဟို့ယွိဟောင်ရဲ့အိပ်ယာကလဲ ဗလာဟင်လင်ဖြစ်နေဆဲပါပဲ။ ဒါ့အပြင် ဖုံးမှုန့်တွေကတော့ စာပွဲခုံပေါ်မှာ အတော်ကို တက်နေခဲ့ပါပြီ။ အခန်းထဲမှာ ဘယ်သူမှမရှိခဲ့တဲ့ပုံပါပဲ။
၀မ်သုန့်က အခန်းထဲကို ပြေး၀င်သွားခဲ့ရင်း သူ့အိပ်ယာနဲ့ ဟို့ယွိဟောင်အိပ်ယာကိုကြည့်ပြီ သူနှလုံးသားတစ်ခုလုံး နာကျင်သွားရပါတော့တယ်။ မျက်နှာကလဲ ဖြူဖျော့လို့သွားခဲ့ပါပြီ။ သူပြန်မလာသေးဘူး တကယ်ကို ပြန်မလာသေးဘူး။ ၀မ်သုန့်အနေနဲ့ ခေါင်းအစခြေအဆုံးကြက်သီးမွေးညင်းတွေ ထလာပါတော့တယ်။ ၀မ်သုန့်အနေနဲ့ ဒီလိုမြင်ကွင်းကို မျှော်လင့်မထားပဲ ဟို့ယွိဟောင် သူ့ကိုကြိုစောင့်နေမယ်လို့သာ ထင်ထားခဲ့တာပါ။ ဒါ့အပြင် ရောက်ရောက်ချင်သူ့ကိုဆူမယ်လို့လဲ တွေးထားခဲ့မိပါတယ်။ စိတ်နှလုံးသားတစ်ခုလုံးဗဟာဟင်လင်ဖြစ်သွားခဲ့တဲ့ ခံစားချက်က သူ့ရဲ့အသက်ရှုသံတွေကိုတောင် မြန်ဆန်းလာစေခဲ့တယ်။
” ဘယ်လိုလုပ်သူမပြန်လာရသေးတာလဲ ကြယ်တာရာသစ်တောရဲ့အပြင်မှာဆရာတစ်ယောက်နဲ့ အတူတူ၀ိညာဥ်စက်ကွင်းသွားရှာမယ်လို့ ပြောထားတာမဟုတ်ဘူးလား ဒါ့အပြင် ဒုတိယ၀ိညာဥ်စက်ကွင်းကိုပဲ သွားရှာမှာလေ ဆရာ မပါရင်တောင် သူကဘာဖြစ်လို့ ဒီလောက်ကြာနေရတာလဲ သူက မိဘမဲ့တစ်ယောက်ဖြစ်နေပြီဆိုမှတော့ ဘယ်ကိုသွားစရာရှိမှာလဲ ”
၀မ်သုန့်အနေနဲ့ ချက်ချင်းဆိုသလို စိုးရိမ်ပူပန်းလာပါတော့တယ်။ အဲ့ဒီနောက် ညစ်ပေနေတဲ့ အခန်းကိုကြည့်ပြီ ရုတ်တရက်ဆိုသလို အခန်းအပြင်ကို ထွက်သွားတော့တယ်။
အဲ့ဒီနောက် လှဲလှောင်နေတဲ့ အကြီးအကဲအနားကို ချက်ချင်းဒူးထောက်သွားရင်း မေးတော့တယ်။
” အဘိုး ဟို့ယွိဟောင်ကို တွေ့မိသေးလား သူက ကျွန်တော်နဲ့ အတူတူနေတဲ့ အခန်းဖော်လေ အမြဲတမ်းကျွန်တော်နဲ့ ပြန်လာနေကြသူပဲ ”
အဘိုးကတော့ ခေါင်းခါလိုက်ပါတယ်။ ၀မ်သုန့်အနေနဲ့ အောက်နှုတ်ခမ်းကိုကိုက်ရင်း ထရပ်လိုက်တယ်။ အဲ့ဒီနောက် တခြားအအောက်အအုံတွေဆီကို ပြေးသွားခဲ့ပါပြီ။
အအောက်အအုံတွေဆီကို ရောက်တာနဲ့ ကျိုးယိရဲ့ရုံးခန်းကို သူပြေး၀င်ပါတော့တယ်။ ကျိုးယိရဲ့ရုံးခန်းတံခါးက ပွင့်နေဆဲပါ။ အထဲမှာလဲ ကျောင်းသားတချို့ရှိနေခဲ့ပါတယ်။
၀မ်သုန့်က အရမ်းကို စိုးရိမ်ပူပန်းနေခဲ့တဲ့အတွက် တံခါးခေါက်ဖို့တောင် မစဥ်းစားနိုင်တော့ပါဘူး။ လေလိုပဲ သူပြေး၀င်သွားခဲ့ပါတယ်။
” ဆရာကျိုး ဆရာကျိုး ”
ကျိုးယိရဲ့ခုံဘေးမှာရပ်နေတဲ့သူတွေအားလုံးက ပထမနှစ်ကျောင်းသားတွေပါပဲ။ ၀မ်သုန့် ရုတ်တရက်ပြေး၀င်လာခဲ့တဲ့သူတို့တွေ လန့်သွားပါတော့တယ်။ ကျိုးယိက စည်းမျဥ်းတွေကို ချိုးဖောက်တဲ့ကျောင်းသားကို အမုန်းဆုံးဆိုတာ သူတို့သိနေခဲ့တယ်။ ၀မ်သုန့်အနေနဲ့ ကျောင်းအတန်းခေါင်းဆောင်ဖြစ်နေတယ်ဆိုရင်တောင် သူ့ရဲ့အပြုအမူက ရဲတင်းလွန်တာပါ။
ဒါပေမယ့် အံ့ဩစရာကောင်းတဲ့အချက်ကတော့ ကျိုးယိက ဒေါသမထွက်ခဲ့ပဲ ၀မ်သုန့်ကို မြင်ချိန်မှာ သူတောင်မတ်တပ်ထရပ်လိုက်ပါတယ်။ သူတို့နှစ်ယောက်က တစ်ပြိုင်နက်ထဲ စိတ်မရှည်တဲ့အသံနဲ့ ပြောလာခဲ့တယ်။
” ဟို့ယွိဟောင် ဘယ်မှာလဲ ”
” ဆရာကျိုး ဟို့ယွိဟောင်ကို မြင်မိသေးလား ”
သူတို့ပြောပြီးချိန်မှာပဲ ချက်ချင်းမျက်လုံးပြူးသွားပါတော့တယ်။ ဒါကြောင့် တစ်ပြိုင်နက်ထဲ မေးလိုက်မိတယ်။
” ဆရာလဲ ဟို့ယွိဟောင်ကို ရှာနေတာလား မင်းလဲ ဟို့ယွိဟောင်ကို ရှာနေတာလား ”
အပိုင်း ၄၄•၃ ပြီး၏။