အပိုင်း ၄၀•၃
” ကောင်းကင်အိပ်မက်နဲ့ ရေခဲဧကရီ ”
°°°
ဟို့ယွိဟောင်အနေနဲ့ တစ်ချို့ဖြစ်နိုင်ချေတွေကို တွေးတောပြီချိန်မှာ မျက်လုံးအပြူးသားဖြစ်လာခဲ့ပါတော့တယ်။ လက်ရှိအခြေအနေအရ မြောက်၀င်ရိုးစွန်းရဲ့ အခြေအနေက သူတို့အတွက် အရမ်းကိုကြီးမားတဲ့အန္တရာယ်ပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အင်အားကြီးပေမဲ့ ဟို့ယွိဟောင်နဲ့ တွဲစပ်ပြီ ပထမ၀ိညာဥ်စက်ကွင်းဖြစ်လာခဲ့တယ်။ သူက အသိဉာဏ်ရှိတဲ့ ၀ိညာဥ်စက်ကွင်း ဖြစ်နေခဲ့ပေမဲ့ ဟို့ယွိဟောင်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ အင်အားကိုအခြေခံပြီတော့သာ သူတို့တွေ သန်မာမလား အင်အားနည်းမလားဆိုတာကို ဆုံးဖြတ်ရတာပါ။
ဒီလိုအချိန်မျိုးမှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ဟို့ယွိဟောင်ကို တခြား၀ိညာဥ်စက်ကွင်းတွေ ရရှိတဲ့နေရာမှာ အသန်မာဆုံးစက်ကွင်းတွေကိုသာ ရရှိစေဖို့ကူညီပေးမှာပါ။ သူသာ လုံလောက်အောင်သန်မာလာခဲ့ပြီဆိုရင် သေချာပေါက် မြောက်၀င်ရိုးစွန်းကိုလာပြီ အဲ့ဒီရေခဲဧကရီလို့ ခေါ်တဲ့သူကိုရှာရင်းနဲ့မှ ဒုတိယသိုင်းပညာကို အသက်၀င်အောင် လုပ်နိုင်ပါတယ်။
ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ဒီကိုလာပြီ အရမ်းကို သန်မာလွန်လှတဲ့ ရေခဲဧကရီကို သူအဆင့်နှစ်ဆယ်ရောက်ရောက်ချင်မှာတင် ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီခရီးစဥ်တစ်လျှောက်မှာအန္တရာယ်မရှိနိုင်ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် အရာအားလုံးကို ဘယ်လောက်ပဲအစီအစဥ်တကျ စီစဥ်ထားပါစေ ဟို့ယွိဟောင်အနေနဲ့ တစ်ချက်လေးအမှားလုပ်မိလိုက်ကတော့ မြောက်၀င်ရိုးစွန်းမှာတင် မြေမြုပ်ခံရပြီသား ဖြစ်သွားနိုင်ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ဒီနေရာကို မဖြစ်မနေလာရမယ်လို့ အတင်းအကြပ် တွန်းအားပေးနေတဲ့အရာနဲ့ အတင်းအကြပ် စွန့်စားခိုင်းနေတာက ဘာကြောင့်များ ဖြစ်နိုင်မှာလဲ။ သူ့ကို ဒီအတိုင်းသန်မာစေချင်လို့လား နူးညံ့လွန်တဲ့အသံကို ကြားပြီချိန်မှာတော့ အဲ့ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ အတွေးရောက်သွားပါတော့တယ်။
ဒီအတွေး၀င်လာပြီချိန်မှာပဲ ဟို့ယွိဟောင်အနေနဲ့ အရမ်းကို တိတ်ဆိတ်လို့သွားခဲ့ရပါပြီ။ သူအနေနဲ့ တခြားရွေးချယ်စရာမရှိပဲ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုသာ ယုံကြည်ခဲ့ရပါတယ်။ ဒါ့အပြင် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ သူတွေးထားသလိုမျိုး အကြောင်းအရင်းကြောင့် ဒီကိုလာတာမဟုတ်ပါစေနဲ့လို့ ဆုတောင်းနေခဲ့မိတယ်။ လက်ရှိအချိန်မှာတော့ သူစိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီ တိတ်တဆိတ်စောင့်ကြည့်နေရုံသာ တတ်နိုင်မှာပါ။
” ကောင်းကင်အိပ်မက် မင်းသေချင်နေတာပဲ ”
ရေခဲဧကရီရဲ့အသံက ထွက်ပေါ်လို့လာပါတော့တယ်။ ကျောက်စိမ်းရောင်ကောင်းကင်ကြီးက အစိမ်းရင့်ရောင်အဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ပြင်းထန်တဲ့သတ်ဖြတ်လိုစိတ်တွေကလဲ ဆင်းသက်လို့လာခဲ့ပြီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် မူလကာကွယ်ပေးထားတဲ့ ပတ်ပတ်လည် မီတာတစ်ရာကနေ ဆယ့်မီတာအထိကို လျော့ကျလို့သွားခဲ့ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ လုံး၀ကို ကြောက်လန့်မှုမရှိခဲ့ပဲ ပြုံးနေခဲ့ပါတယ်။ ဒါ့အပြင် အလောမကြီးပဲ နွေးထွေးနူးညံ့တဲ့ပုံစံနဲ့ ဆက်ပြီ ပြောလာခဲ့တယ်။
” မဟုတ်ပါဘူး ငါက ငါ့ရဲ့ခံစားချက်အစစ်အမှန်တွေကို ဖော်ပြရုံပါပဲ ငါအသက်ရှင်နေထိုင်လာတာ နှစ်ပေါင်းတစ်သန်းရှိခဲ့ပြီလေ ဒါ့အပြင် အချိန်အများစုကို အိပ်စက်တာနဲ့ပဲ ဖြတ်သန်းနေခဲ့တာ ဒါပေမယ့် ငါ့ရဲ့နှလုံးသားထဲမှာ မထိန်းချုပ်နိုင်တဲ့အရာကတစ်ခုရှိတယ်…ရေခဲဧကရီ ငါဒီလိုအချိန်မျိုးမှာ ဘာကြောင့်ရွေးချယ်ပြီပြန်လာလဲ မင်းသိရဲ့လား လက်ရှိအချိန်မှာ မင်းအနေနဲ့ နှစ်ပေါင်းသုံးသိန်းကာလကိုကျော်ဖြတ်ပြီ နှစ်ပေါင်းလေးသိန်းကို ကပ်ဆိုးကို ရင်ဆိုင်ရတော့မယ်ဆိုတာ သိနေလို့လေ အဲ့ဒီအချိန်မှာ မင်းအနေနဲ့ နောက်တစ်ဆင့်ကို ဖြတ်ကျော်တိုးတက်နိုင်မှာမဟုတ်ဘူး..ဒီလောကကြီးကနေလဲ ပျောက်ကွယ်သွားလိမ့်မယ်…ဒါကြောင့် ငါပြန်လာရတာပေါ့ ငါနောက်ထပ် မစောင့်ဆိုင်းနိုင်တော့ဘူး…ဒါ့အပြင် အဆုံးမဲ့တဲ့ သက်တမ်းက ငါ့အတွက် ဘာအဓိပ္ပါယ်မှမရှိဘူးလေ ငါလဲ နောက်ထပ် အသက်မရှည်ချင်တော့ဘူး…ဒါကြောင့် မင်းနဲ့အတူတူ ရှင်သန်ရအောင် ပြန်လာခဲ့တာ ”
စိတ်ထဲမှာသက်ပြင်းချရင်း ဟို့ယွိဟောင်ကတော့ မျက်လုံးတွေကို ပိတ်ထားခဲ့ပါတယ်။ သူထင်တဲ့အတိုင်းဖြစ်လာခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကို လှည့်စားသွားခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်ကြောင့် ဒီကိုရောက်လာခဲ့တာပါ။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ စတင်တွေ့ဆုံချိန်ကထဲကစပြီ ဟို့ယွိဟောင်က သူ့ကို နှလုံးသားထဲကနေ နှစ်နှစ်ကာကာယုံကြည်ခဲ့ပါတယ်။ ဒီလိုအကြွင်းမဲ့ယုံကြည်မှုမျိုးကြောင့်သာ ဒီနေရာအထိ လိုက်လာခဲ့တာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ သူ့ကို နှစ်တစ်သန်း၀ိညာဥ်စက်ကွင်းပေးပြီ ၀ိညာဥ်စွမ်းရည်လေးခုကိုပါ ပြသခဲ့တယ်။ ဒါကသူ့အတွက်တော့ ဘ၀သစ်တစ်ခု ပေးအပ်လိုက်သလိုပါပဲ။
ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ သူကျေးဇူးအတင်ဆုံးသူက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်သာ ဖြစ်နေခဲ့တယ်။ ဒါ့အပြင် ထန်ယာ့ ပေ့ပေ့နဲ့ ၀မ်သုန့်တို့ထက်တောင် ပိုပြီးမြင့်မားတဲ့ နေရာကို ပိုင်ဆိုင်လို့ထားခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်အနေနဲ့ သူ့နှလုံးသားထဲက တစ်စုံတစ်ရာအက်ကွဲသွားတာကို ခံစားလိုက်ရပါတယ်။ ငယ်စဥ်ကထဲက ဖိနှိပ့်ခံထားရတဲ့ ခံစားချက်တွေကလဲ လက်ရှိအချိန်မှာရေကာတာကျိုးသလိုမျိုး ပေါက်ကွဲထွက်လို့လာခဲ့ပါပြီ။ သူငါ့ကို တကယ်ပဲ လိမ်တယ်။ သူငါ့ကို တကယ်ကြီးလိမ်သွားတယ်။
ပြင်းထန်လွန်လှတဲ့ နာကျင်မှုကြောင့် မျက်ရည်စက်တွေက ဆက်တိုက်ဆိုသလို စီးကျလို့လာခဲ့ရင်း ရေခဲချောင်းတွေအဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်က အသက်ဆယ့်နှစ်နှစ်သာရှိသေးတဲ့ ကလေးတစ်ယောက်ပါ။ သူ့ရှေ့မှာရှိရှိသမျှ အရာအားလုံးက မျှော်လင့်ချက်တွေအပြည့်နဲ့ တောက်ပလို့နေခဲ့ပါတယ်။ ဒါပေမယ့် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ သစ္စာဖောက်မှုက သူ့ရဲ့နုနယ်တဲ့နှလုံးသားကို ထိခိုက်သွားစေခဲ့တယ်။
ဟို့ယွိဟောင်က အခက်အခဲတွေကို မကြောက်လန့်တတ်ပါဘူး။ မျှော်လင့်ချက်သာရှိနေမယ်ဆိုရင် အစွမ်းကုန်ကြိုးစားမှာပါ။ ကျောင်းတော်မှာရှိနေခဲ့တဲ့ တစ်နှစ်လုံးလုံး သူ့ရဲ့စရိုက်က ပြောင်းလဲလို့သွားခဲ့ပါတယ်။ ကျောင်းတော်ထဲမှာသူငယ်ချင်းတွေ မိတ်ဆွေတွေ အပေါင်းအဖော်တွေနဲ့ ဆရာတွေကို ကြုံတွေ့နေခဲ့ရပါတယ်။ နောက်တစ်နည်းကြည့်ရမယ်ဆိုရင် ဒီအရာတွေအားလုံးက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့တွေ့ဆုံပြီ သူဖန်တီးပေးလို့ဖြစ်လာတဲ့အရာတွေကြီးပါပဲ။ သူ့ရဲ့တည်ရှိမှုက နှလုံးသားထဲမှာ ယုံကြည်မှုကို ဖန်တီးပေးပါတယ်။ ဒါပေမယ့် ဒီလိုသစ္စာဖောက်ခံလိုက်ရတာက ယုံကြည်မှုကို အမြစ်ကနေ တူးထုတ်လိုက်သလိုပါပဲ။ တည်ဆောက်ထားခဲ့တဲ့ ယုံကြည်မှုသစ်ပင်ကြီးကတော့ အမြစ်ကနေ တူးဆွခံရပြီ ပျက်စီးလို့သွားခဲ့ရပါပြီ။ ဒီခံစားချက်က နာကျင်တယ်ဆိုတာထက်တောင် ပိုပြီးဆိုးရွားလို့နေခဲ့ပါတယ်။ မျှော်လင့်ချက်တွေအားလုံး ပျက်သုန်းသွားခဲ့ရတာပါ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ၀ိညာဥ်စွမ်းအားက အားကောင်းပေမဲ့ သူက ရေခဲဧကရီရဲ့တုန့်ပြန်မှုကိုသာ အာရုံစိုက်ထားခဲ့တာဖြစ်တာကြောင့် ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ မိုးပြိုပြီ မြေကမ္ဘာပျက်သလို ဖြစ်နေတဲ့ အပြောင်းအလဲကို သူမခံစားမိပါဘူး။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့စကားတွေကို ကြာပြီတဲ့နောက် ရေခဲဧကရီက တိတ်ဆိတ်လို့သွားပါတော့တယ်။ သူ့ရဲ့နှလုံးသားထဲက စိုးရိမ်ပူပန်းမှုတွေကို တစ်ဖက်လူက ပြောပြနေခဲ့တာပါ။ ဒါကြောင့် သူတိတ်တဆိတ်နဲ့ စဥ်းစားနေခဲ့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ဆက်ပြောလာခဲ့ပါပြီ။
” ရေခဲဧကရီ ငါပြန်လာပြီလေ ငါတို့မတွေ့ရတာ ဒီလောက်နှစ်တွေအကြာကြီး ကြာတာတောင်မင်းက ငါ့ကို လာမတွေ့ချင်သေးဘူးလား ”
ရေခဲဧကရီရဲ့အသံက ထွက်ပေါ်လို့လာပါတော့တယ်။
” ငါတို့မျိုးနွယ်က နင့်မျိုးနွယ်ရဲ့ သဘာ၀ရန်သူတွေဆိုတာ နင်မသိဘူးလား ကောင်းကင်အိပ်မက် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပုံမှန်အတိုင်သား ရယ်မောနေခဲ့တယ်။
” သေချာပေါက် ငါသိတာပေါ့ ဒါပေမယ့် အဲ့ဒါက ဘာဖြစ်လဲ သဘာ၀ရန်သူတော်တွေကို မကြိုက်ရဘူးဆိုတဲ့ စည်းမျဥ်းရှိမှမရှိပဲလေ…ဒါ့အပြင် အဲ့ဒီကိစ္စကြောင့် ငါက မင်းကိုပိုပြီး သဘောကျလာတာ ”
ရေခဲဧကရီက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်ပါတယ်။
” ကံမကောင်းစွာနဲ့ပဲ မင်းမှာဒီလိုပြောဖို့ အရည်အချင်းရှိမနေဘူး …ဒါပေမယ့် အရမ်းကိုစိတ်လှုပ်ရှားမိပါတယ်..မင်းက တကယ်ပဲ ကိုယ့်ကိုကိုယ် ငါစားဖို့အစာအဖြစ် ပြန်ပြီ အရောက်လာတယ်ပေါ့ ငါတို့ရဲ့ခန္ဓာကိုယ်တွေကို ဒီလိုပေါင်းစည်းဖို့အတွက် မင်းရဲ့ရည်မှန်းချက်ကို ကူညီဖို့စောင့်တောင်မစောင့်နိုင်တော့ဘူး…အခုငါ့အနားကို ကပ်လာရင်း မင်းအာရုံခံမိမှာပါ ခဏသာ စောင့်နေလိုက် ဆယ့်ငါးမိနစ်အတွင်း အရောက်လာခဲ့မယ်…မင်းရဲ့အချစ်တွေအားလုံးကိုလဲ ယူမယ် ..ကောင်းကောင်းလဲစားပေးမယ်….ခန္ဓာကိုယ်ထဲမှာရှိရှိသမျှ အသွေးအသားတွေ စွမ်းအားတွေအားလုံးကိုစားပြီ ငါခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်အောင်လုပ်ပေးမယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ရေခဲဧကရီပြောတဲ့စကားတွေကို အတော်လေး ရင်းနှီးနေပုံပါပဲ။ ဒါကြောင့် သူဆက်ပြောလာလိုက်တယ်။
” မင်းနည်းနည်းလောက် စကားကို နူးနူးညံ့ညံ့ပြောလို့မရဘူးလား အမြဲတမ်းကြောက်စရာကောင်းပြီ အေးစက်နေတာပဲ ဒါကြောင့် တစ်ယောက်ထဲဖြစ်နေတာ ဘယ်အံ့ဩစရာရှိမလဲ ကောင်းပြီ ငါမင်းကို မေးမယ်….အခုမြောက်၀င်ရိုးစွန်းမှာကြားနေရတဲ့ ဟာသတစ်ခုက အမှန်ပဲလား မင်းက အရင်ကထဲက နှင်းဧကရီကို ကြိုက်ခဲ့တာဆိုအမှန်ပဲလား “‘
” ကောင်းကင်အိပ်မက် မင်းခန္ဓာကိုယ်ကို ငါ အစိတ်အပိုင်းတစ်သောင်းဖြစ်အောင် ဖျက်ဆီးပြစ်မယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စကားတွေက ရေခဲဧကရီရဲ့ အထိမခံနိုင်တဲ့အပိုင်းတွေကို ထိခိုက်သွားစေသလိုပါပဲ။ သူမက ရူးသွပ်တဲ့ပုံစံနဲ့ ချက်ချင်းဆိုသလို ကောင်းကင်ကြီးတစ်ခုလုံးကိုတောင် မှောင်မိုက်သွားစေခဲ့ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ပြုံးနေတဲ့မျက်နှာကတော့ လုံး၀ မပြောင်းလဲခဲ့ပါဘူး။ သူက တမင်တကာဒေါသထွက်လာအောင် လုပ်နေခဲ့တာပါ။ တခြားတစ်ဖက်မှာတော့ ဟို့ယွိဟောင်အနေနဲ့လဲ မျက်ရည်တွေမကျတော့ပဲ နှလုံးသားတစ်ခုလုံးက အေးစက်လို့နေခဲ့တယ်။
သူတို့ရဲ့စကားအရ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ရေခဲဧကရီနဲ့ ပတ်သက်ပြီ အငြိုးအတေးတွေ ရှိနေခဲ့တာအမှန်ပါ ဒါ့အပြင် တွေ့သလိုလဲ မရိုးရှင်းပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က တမင်တကာလာရောက်ရင်း အစီအစဥ်ချပြီ တစ်ခုခုလုပ်ဖို့ကြိုးစားနေတာ သိသာနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒါတွေက ကိစ္စရှိနေလို့လားကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကရော သူ့ရဲ့ယုံကြည်မှုနဲ့ ထိုက်တန်သေးလို့လား သူက လိမ်ညာနေတာပါ။ ဒါ့အပြင် အန္တရာယ်တွေအပြည့်နဲ့ မြောက်၀င်ရိုးစွန်းကိုလဲ ခေါ်လာခဲ့ပါတယ်။ ဒါက သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ကို နိုးထစေဖို့ဟုတ်ရောဟုတ်ပါ့မလား သေချာပေါက် မဟုတ်နိုင်ပါဘူး။ အဆုံးသတ်မှာ သူ့ကိုလိမ်ညာခဲ့တဲ့သူပဲ အသက်ပြင်းပြင်းရှုသွင်းရင်း ဟို့ယွိဟောင်ရဲ့မျက်နှာက အေးစက်လို့သွားပါတော့တယ်။
နှလုံးသားထဲမှာရှိတဲ့ နာကျင်မှုက စိတ်အခြေအနေကိုလဲ အပြောင်းအလဲဖြစ်သွားစေလိုက်တယ်။ သူ့ရဲ့စိုးရိမ်ပူပန်းမှုနဲ့ စိတ်လှုပ်ရှားမှုတွေအားလုံးက ပျောက်ကွယ်လို့သွားခဲ့ပြီ နှလုံးသားတစ်ခုလုံးလဲ အေးခဲလို့သွားပါပြီ။ ဟို့ယွိဟောင်ရဲ့ နှလုံးသားအပြောင်းအလဲကို ခံစားမိတဲ့အတိုင်း မီးခိုရောင်ပုလဲလေးက သူ့ရဲ့စိတ်ထဲမှာ ဆက်တိုက်ဆိုသလို လှုပ်ခတ်လို့လာပါတော့တယ်။ ဒါပေမယ့် မကြာခင်အချိန်မှာပဲ ပုံမှန်ပြန်ဖြစ်သွားပါတော့တယ်။
ဟို့ယွိဟောင်မကြားနိုင်တဲ့ အသံတစ်သံကတော့ အဲ့ဒီပုလဲလေးထဲမှာ ထွက်ပေါ်လို့နေခဲ့ပါပြီ။
” ဒီကလေးရဲ့ စိတ်အခြေအနေနဲ့ အကျင့်စရိုက်က အခြေအနေနဲ့လိုက်ပြီ အလွယ်လေး ပြောင်းလဲနိုင်တယ်…. သူ့ရဲ့အကြီးမားဆုံးအားနည်းချက်က နှလုံးသားပဲ သူ့အတွက်တော့ ဒါက လေ့ကျင့်မှုတစ်ခုလို ပြောလို့ရမှာပါ မဟုတ်ရင် ဘယ်လိုလုပ်ပြီ ရင့်ကျက်နိုင်မှာလဲ ငါ၀င်ပြီ မစွက်ဖက်တာပဲ ကောင်းပါတယ်… ဒါပေမယ့် အဲ့ဒီပိုးကောင်ကြီးကတော့ ငါ့ကိုလုံး၀ အမြင်ပြောင်းသွားအောင် လုပ်လိုက်တာပဲ ”
မီးခိုရောင်ပုလဲလေး ပြန်ငြိမ်သက်သွားပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာ ပေါ်ထွက်လာပါတော့တယ်။
” ယွိဟောင် ပြင်ဆင်တာတွေ ပြီးသွားပြီ ငါမင်းကို အချက်ပြလိုက်တဲ့အချိန်အထိ မင်းဆက်ပြီတော့ တောင့်ခံထားလိုက် ရတယ်မလား ”
” ကျွန်တော်တောင့်ခံထားမယ် ”
ဟို့ယွိဟောင်က အေးစက်စက်နဲ့ ပြန်ဖြေလိုက်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အနေနဲ့ ဟို့ယွိဟောင်ရဲ့ စိတ်အခြေအနေအပြောင်းအလဲကို လုံး၀ မရိပ်စားမိသေးပါဘူး။ ဆယ့်ငါးမိနစ်ကြာပြီတဲ့နောက် ကောင်းကင်အိပ်မက်ရေခဲပိုးကောင် စောင့်မျှော်နေတဲ့ ရေခဲဧကရီက ထွက်ပေါ်လာပါတော့တယ်။ မှောက်မိုက်နေတဲ့ ကောင်းကင်ကြီးက ကျောက်စိမ်းရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ ကျောက်စိမ်းရောင်အလင်းတန်းတွေက ဆက်တိုက်ဆိုသလို တောက်ပလို့လာခဲ့ရင်း နောက်ထပ်၀ိညာဥ်သားရဲကောင်တစ်ကောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်အရှေ့ကို ရောက်ရှိလာပါတယ်။
ဟို့ယွိဟောင်အနေနဲ့လဲ ဖြစ်ပျက်သမျှ အရာအားလုံးကို စိတ်၀င်တစားနဲ့ လေ့လာနေခဲ့တာပါ။ သူကိုယ်တိုင်းက တတိယအဆင့်ရှိတဲ့ ဧရာမရေခဲနတ်ဆိုးဘုရင်ကို မတွေ့ခဲ့ပေမဲ့ ခြေရာကြီးတွေကိုတော့ ခံစားလိုက်ရပါတယ်။ သူ့အမြင်မှာ ဧကရာဇ်သုံးပါးထဲက တစ်ပါးဖြစ်တဲ့ရေခဲဧကရီအနေနဲ့ သူကြုံခဲ့လိုက်ရတဲ့ ဧရာမရေခဲနတ်ဆိုးဧကရီထက် အများကြီးပိုပြီး သေးငယ်နေမယ်လို့ မတွေးထားခဲ့ပါဘူး။
ဒါပေမယ့် ရေခဲဧကရီတကယ်ပေါ်လာတာကိုကြည့်ချိန်မှာတော့ ဟို့ယွိဟောင်အနေနဲ့ လုံး၀ကို မျက်လုံးအပြူးသားဖြစ်သွားခဲ့ရပါတော့တယ်။ စိတ်ထဲမှာလဲ ဆက်တိုက်ဆိုသလို သက်ပြင်းချနေခဲ့မိတယ်။ တကယ်ကို လှလွန်လှတာပါပဲ။
အမှန်တကယ်ပါ ရေခဲဧကရီက တကယ်ကို လှပလွန်းလှပါတယ်။ ၀ိညာဥ်သားရဲကောင်ဖြစ်နေတာတောင် ဟို့ယွိဟောင်အနေနဲ့ အတော်လေးကို သဘောကျသွားခဲ့ရတယ်။ ရေခဲဧကရီက ၁•၅ မီတာလောက်သာ ရှည်လျားပြီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်လောက်တော့ မကြီးမားပါဘူး။ အစောပိုင်းတုန်းက သူမရဲ့ မျိုးနွယ်ကို အမျိုးမျိုးခန့်မှန်းထားပေမဲ့ အားလုံးမှားယွင်းနေခဲ့ပါတယ်။ ရေခဲဧကရီက ကင်းမြီးကောက်တစ်ကောင်ပါ။ ဒါ့အပြင် သူမတူအောင် လှရက်နိုင်လွန်တဲ့ ကင်းမြီးကောက်ပါပဲ။ လှပတယ်ဆိုတဲ့စကားနဲ့ ကင်းမြီးကောက်ကိုအတူတူ အသုံးပြုလို့ဖြစ်နိုင်မလား။ဟို့ယွိဟောင်အနေနဲ့ လက်ရှိအချိန်မှာတော့ ဒီမေးခွန်းရဲ့အဖြေကို ရှင်းရှင်းလင်းလင်း သိနေခဲ့ပါပြီ။
၁•၅ မီတာရှည်လျားတဲ့ ရေခဲဧကရီရဲ့ခန္ဓာကိုယ်ပေါ်မှာအရောင်နှစ်ရောင်ရှိပါတယ်။ တစ်ရောင်ကတော့ ရေခဲရောင်ဖြစ်ပြီ နောက်တစ်ရောင်ကတော့ ကျောက်စိမ်းရောင်ပါ။ ခန္ဓာကိုယ်ရဲ့အရှေ့ပိုင်းမှာက အလွှာလေးလွှာနဲ့ တစ်ထပ်ပြီတစ်ထပ် တည်ရှိပါတယ်။ အဲ့ဒီအလွှာလေးလွှာကလဲ တစ်မီတာရဲ့ သုံးပုံတစ်ပုံအထိကို ရှည်လျားတယ်။ ဒါ့အပြင် သူ့ရဲ့ခေါင်းကတော့ အရှေ့ဆုံးမှာရှိနေခဲ့ပြီ ငွေရောင်ပါးစပ်ကတော့ မှောင်မိုက်တဲ့အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့ပါတယ်။ ခန္ဓာကိုယ်အရှေ့ပိုင်းကိုတော့ ဟို့ယွိဟောင် ဘယ်တော့မှမသင်ကြားခဲ့ဖူးတဲ့ ထူးခြားအကြေးခွံတွေနဲ့ ဖုံးလွှမ်းလို့ထားခဲ့ပါပြီ။ အကြေးခွံလို့ခေါ်မဲ့အစား ဥယျဥ်တန်းအရာတွေလို့ခေါ်ဆိုရမှာပါ။
အပိုင်း ၄၀•၃ ပြီး၏။